“ကြွေးပေးဆပ်ရန် ကတိနှင့် ကြွေးပေးဆပ်ရန်ရှိကြောင်း ဝန်ခံချက်၊ တူညီချက်နှင့် ခြားနားချက်များ”
“ကြွေးပေးဆပ်ရန် ကတိနှင့် ကြွေးပေးဆပ်ရန်ရှိကြောင်း ဝန်ခံချက်၊ တူညီချက်နှင့် ခြားနားချက်များ”
✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍
ကာလစည်းကမ်းသတ် ဥပဒေ ပုဒ်မ ၁၉(၁) နှင့် ညီညွတ်ရန်အတွက်
( ၁ ) တရားမှု စွဲဆိုရန် ကာလစည်း ကမ်းသတ် မကုန်ဆုံးမီ ဖြစ်ရမည်။
( ၂ ) တောင်းဆိုခံရသူက တာဝန်ရှိကြောင်း စာဖြင့် ရေးသားဝန်ခံချက် ရှိရ မည်။
( ၃ ) အဆိုပါ ဝန်ခံချက်ကို တောင်းဆိုခံရသူမှ လက်မှတ် ရေးထိုးထားရမည်။
ထိုအချက် ၃ ချက်နှင့် မပြည့်စုံလျှင် ကာလစည်းကမ်းသတ် ဥပဒေ ပုဒ်မ ၁၉ ( ၁ ) အရ ကာလစည်းကမ်းသတ်အပိုင်းအခြား အသစ် ကို ဝန်ခံချက် ပြုသည့်နေ့မှ စတင် ရေတွက်ရမည် မဟုတ်ပေ။
အယူခံ တရားပြိုင်သည် ချေးငွေ သိန်း ၂၀ကျပ်ကို ၁၉၉၅ ခုနှစ် ဧပြီလတွင် လက်ခံ ရယူခဲ့သည်ဟု အယူခံ တရားလိုက အဆိုပြု စွဲဆိုထားသဖြင့် ၁၉၉၅ ခုနှစ် ဧပြီလမှ ကာလစည်းကမ်းသတ်ကို စတင်ရေတွက်သော် အယူခံ တရားလိုနှင့် အယူခံ တရားပြိုင်တို့ ညှိနှိုင်းသည်ဆိုသည့် ၃၀-၆-၉၉ နေ့တွင် ကာလစည်းကမ်းသတ် ၃ နှစ် ကုန်ဆုံးနေပြီးဖြစ်သည်။ သို့ဖြစ်၍ ၃၀-၆-၉၉ နေ့တွင် အယူခံ တရားပြိုင်မှ ငွေပေးရန် ရှိကြောင်း ဝန်ခံချက် ကို လက်မှတ်ရေးထိုးခဲ့သည် ဆိုသည့်တိုင်အောင် ကာလစည်းကမ်းသတ် ကုန်ဆုံးပြီးမှ ဝန်ခံလက်မှတ် ရေးထိုး ခြင်းဖြစ်၍ ကာလစည်းကမ်းသတ် ဥပဒေပုဒ်မ ၁၉ နှင့် အကျုံးဝင်းခြင်းမရှိပေ။
ပဋိညာဉ် ဥပဒေ ပုဒ်မ ၂၅ ( ၃ ) တွင် ကာလစည်းကမ်းသတ် ဥပဒေအရ စည်းကမ်းသတ် ကာလကျော်လွန် နေ သည့်အတွက် မြီရှင်က ကြွေးမြီကို တောင်းဆိုခြင်း မပြုနိုင်သည့် ကိစ္စတွင် မြီစားက သော်လည်းကောင်း ထိုကိစ္စအတွက် သာမန်ဖြစ်စေ၊ အထူးဖြစ်စေ အာဏာအပ်နှင်းခြင်း ခံရသည့် ကိုယ်စားလှယ်က သော်လည်း ကောင်း၊ ကြွေးမြီအားလုံး သို့မဟုတ် အချို့ အဝက်ကို ပေးအပ်မည်ဟု စာရေးထားပြီး လက်မှတ် ရေးထိုးထား လျှင် ထိုသဘောတူညီချက်သည် ပဋိညာဉ်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ကာလစည်းကမ်းသတ် ဥပဒေ ပုဒ်မ ၂ ( ၃ ) တွင် အကျုံးဝင်သည့် ခံဝန် ချုပ်၌ ကာလစည်းကမ်းသတ် ကျော်လွန်နေသော ငွေများကို ပေးပါမည်ဟု ချုပ်ဆိုထားလျှင် ပဋိညာဉ် ဥပဒေပုဒ်မ ၂၅ ( ၃ ) အရ ပဋိညာဉ်မြောက်၍ ချုပ်ဆိုသူသည် ချုပ်ဆိုသော ငွေကို ပေးဆပ်ရန် တာဝန်ရှိသည်။ ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၅ ( ၃ ) နှင့် အကျုံးဝင်ရန် အလို့ငှာ ငွေပေးဆပ်မည် ဆိုသည့် ကတိသည်
( ၁ ) စာဖြင့် ရေးသားထားရမည်။
( ၂ ) မြီစား ကိုယ် တိုင် သို့မဟုတ် ၎င်း၏ ကိုယ်စား လှယ်က လက်မှတ် ရေးထိုးရမည်။
( ၃) ကာလစည်းကမ်းသတ်အချိန် ကျော်လွန်နေသည့် ကြွေးမြီးအားလုံး သို့မ ဟုတ် တစ်စိတ်တစ်ဒေသကို ပေးဆပ်ရန်အတွက် ဖြစ်ရမည်ဆိုသော အင်္ဂါရပ် ၃ ရပ်နှင့် ပြည့်စုံရန်လိုသည်။
ကာလစည်းကမ်းသတ် ကျော်လွန်နေသည့် ကြွေးမြီးကို ပေးဆပ်ပါမည်ဆိုသော နောက်ပိုင်း ကတိကို ပေး ဆပ် ရန် တာဝန်ရှိသူကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်က ဖြစ်စေ ထိုကိစ္စအတွက် အထူးအခွင့်အာဏာ လွှဲအပ်ထားခြင်း ခံရသူကဖြစ်စေ လက်မှတ်ရေးထိုးရန် လိုသည်။
ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၅ ( ၃ ) အရ ကြွေးပေးဆပ်ရန် ကတိနှင့် ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၁၉ အရ ကြွေးပေးရန်ရှိကြောင်း ဝန်ခံ ချက်တို့မှာ တူညီသော အချက်များ ရှိသေည်လည်း မတူညီသော အချက်များ ရှိပေသည်။ နှစ်မျိုးစလုံးတွင် စာဖြင့် ရေးသားထားရန် လိုပြီး မြီစားကိုယ်တိုင် ဖြစ်စေ၊ မြီစား၏ ကိုယ်စားလှယ် ကဖြစ်စေ၊ လက်မှတ်ရေးထိုးရန် လိုသည်ဆိုသော အချက်မှာ တူညီသည်။ မတူညီသော အချက်မှာ ကာလစည်း ကမ်း သတ် ဥပဒေပုဒ်မ ၁၉ အရ ဝန်ခံချက်ကို စည်းကမ်း သတ် အချိန် မကုန်ဆုံးမီ ရေးသားလက်မှတ်ထိုးရန် လိုသော်လည်း ပဋိညာဉ် ဥပဒေ ပုဒ်မ ၂၅( ၃ ) အရမူ စည်း ကမ်းသတ်အချိန်ကျော်လွန်မှ ရေးသား လက်မှတ်ထိုးနိုင်သည်။ ပုဒ်မ ၂၅ ( ၃ ) နှင့် အကျုံးဝင်ရန် အလို့ငှာ ကြွေးမြီ ပမာဏ အတိအကျကို ပေးဆပ်မည်ဟု ဝန်ခံရေးသားရန် လိုသည်။ ကြွေးမြီ တင်ရှိကြောင်း ဝန်ခံချက် ရေးသားရုံဖြင့် မလုံလောက်ပေ။
[ဦးရမ်ဂျာရီ နှင့် မခမ်းစိန် ( ခ ) လီကျင်ရှန်း၊ ၂၀၀၀ မတစ ၂၂၁]။
“ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၂၈ “ ၊ မှတ်ပုံံတင်စာချုပ်ဖြင့် ဝယ်သော်လည်း ရောင်းသူ၏အမွေခံများက လက်ရှိထားပြီး ဝယ်သူ၏လက် ရောက်ရလိုမှု ကာလစည်းကမ်းသတ်လွန်၍ ရှုံးနိမ့်လျှင် ဝယ်သူ၏ ပိုင်ဆိုင်ခွင့် ကုန်ဆုံးပြီ ဖြစ်သည်။
ဒေါ်အကြင်က မန္တလေး တိုင်းတရားရုံး တရားမကြီးမှု အမှတ် ၄၈၃/၂၀၀၃ တွင် ဒေါ်ဝင်းဝင်းရီအပေါ် ကြေ ညာ စာတမ်းစာချုပ်အမှတ် ၁၉၁၈/ ၉၄ မှ မမှန်မကန် ချုပ်ဆိုသည့် စာချုပ်ဖြစ်ကြောင်း ကြေညာ၍ စာချုပ် ပယ် ဖျက်ပေးစေလိုမှု စွဲဆိုရာ ပလပ်ခြင်း ခံရသည်။ တရားရုံးချုပ် ပထမ အယူခံတွင် လည်း ဒေါ်အကြင် ရှုံးနိမ့်၍ တရားစီရင်ရေး ဥပဒေ ပုဒ်မ ၇ အရ အထွေထွေလျှောက်လွှာ ( အထူး ) တင်သွင်းလာသည်။
မန္တလေးတိုင်းတရားရုံးက ဒေါ်အကြင် ယခင်က စွဲဆိုခဲ့သည် လက် ရောက်ရလိုမှုသည် ကာလစည်းကမ်း သတ် ကျော်လွန်၍ အမှုပလပ်ခြင်း ခံရကြောင်း ပေါ်ပေါက်သောကြောင့် ကာလစည်းကမ်းအက်ဥပဒေပုဒ်မ ၂၈ အရ စွဲဆိုခွင့် မရှိကြောင်း သုံးသပ်ပြီး အမှုကို ပလပ်ခဲ့ခြင်း ဖြစ်သည်။ တရားရုံးချုပ်က ပုဒ်မ ၂၈ အရ အချင်းဖြစ် မြေနှင့် ပတ်သက်၍ တရားလို ဒေါ်အကြင်၌ အခွင့်အရေး တစ်စုံတစ်ရာမျှ မရှိကြောင်း ပစ္စည်းတွင် အကျိုးသက် ဆိုင်ခွင့် ရှိသူကသာ စာချုပ်ပျက်ပြယ်သည်ဟု တရားစွဲဆို ပိုင်ခွင့်ရှိကြောင်း သုံးသပ်ကာ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ ဒေါ်အကြင်က တရားစီရင်ရေး ဥပဒေ ပုဒ်မ ၇/၂၀၀၀ အရ တရားရုံးချုပ်သို့ လျှောက်ထားရာ တရားရုံးချုပ်က အောက်ပါအတိုင်း သုံးသပ်ဆုံးဖြတ်သည်။
အချင်းဖြစ် မြေကို တရားလို ဒေါ်အကြင်၏ အစ်မဖြစ်သူ ဒေါ်ကြင်စိန်က မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူပိုင် ဆိုင်ခဲ့သော်လည်း လက်ရောက် ရရှိခဲ့ခြင်း မရှိချေ။ ထိုမြေပေါ်တွင် တရားပြိုင် ဒေါ်ဝင်းဝင်းရီ၏ မိဘများဖြစ် သည့် ဦးမောင်ကို၊ ဒေါ်ကြီးစိန်တို့ လက်ရှိနေထိုင်လျက်ရှိပါသည်။ အဆိုပါမြေကို ပိုင်ဆိုင်ခွင့် ရရှိရေးအတွက် ဒေါ်ကြင်စိန် နှင့် ဒေါ်ကြီးစိန်တို့ အကြားတွင်အမှုအခင်းများ ဖြစ်ပွားမှု ရှိခဲ့သည်။ ဦးမောင်ကို ဒေါ်ကြီးစိန်တို့က မြေ၏ ၄ပုံ ၁ ပုံ ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာပေးရန် စွဲဆိုမှုတွင် နိုင်ငံတော်ကောင်စီ အဆင့်အထိ ရောက် ရှိခဲ့ပြီး မြေကို ပိုင်ဆိုင်ခွင့် မရှိကြောင်း ဆုံးဖြတ်ခြင်း ခံခဲ့ရသည်။ တစ်ဖန် ဒေါ်အကြင်က မြေကို လက်ရောက် ရလိုမှု စွဲဆိုခဲ့ရာတွင်လည်း ကာလစည်း ကမ်းသတ် ကျော်လွန်သဖြင့် အမှုရှုံးနိမ့်ခဲ့ရသည်။ ထို့နောက်တွင် ဒေါ်ကြီးစိန်တို့က မြေကို ပိုင်ဆိုင်ကြောင်း ကြေညာစာတမ်းပြုလုပ်ကာ အမည်ပြောင်းလဲမှု ပြုလုပ်ခဲ့သဖြင့် ဒေါ်အကြင်က ယခု အမှုကို စွဲဆိုလာခြင်း ဖြစ်သည်။
ဥပဒေနှင့် အညီ တည်မြဲလျက်ရှိသော ဆုံးဖြတ်ချက်များအရ ဒေါ်ကြီးစိန်သည် အချင်းဖြစ်မြေကို လက်ရှိထား ပိုင် ခွင့် အခွင့်အရေး ရရှိသူဖြစ်ပြီး ဒေါ်ကြင်စိန်သည် ဝယ်ယူမှုကြောင့် ပိုင်ဆိုင်ခွင့် ရရှိလာသော်လည်း ကာလ စည်းကမ်းသတ် ကျော်လွန်သဖြင့် လက်ရောက်ရခွင့် ဆုံးရှုံးပြီးသူ ဖြစ်သည်။ ထို့ကြောင့် အချင်း ဖြစ် မြေပေါ်ရှိ ဒေါ်ကြင်စိန်၏ ပိုင်ဆိုင်ခွင့် အခွင့်အရေးမှာ ကာလစည်းကမ်း သတ် အက်ဥပဒ ပုဒ်မ ၂၈ အရ ကုန်ဆုံးပြတ်စဲပြီး ဖြစ်သဖြင့် ယခုအမှု စွဲဆိုခွင့် မရှိတော့ကြောင်း မြင်သာသည်။
တရားရုံးချုပ် ( မန္တလေးရုံးထိုင် ) သည် မူလရုံးနှင့် တစ်သဘောတည်း ကောက်ယူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မှာ အမှုတွင် ပေါ်ပေါက်သည့် အကြောင်းခြင်းရာများ၊ သက်ဆိုင်သည့် ဥပဒေ ပြဋ္ဌာန်းချက်များ အရ မှားယွင်းသည်ဟု မဆိုသာချေ။ ယင်းစီရင်ချက်နှင့် ဒီကရီပေါ်တွင် အထူး အယူခံခုံရုံးဖြင့် ကြားနာလောက် သည့် အရေးယူလောက်သော ပြဿနာ ပေါ်ပေါက်ခြင်း မရှိဟု ကျွန်ုပ်တို့ သဘောရရှိသည်။
[ဒေါ်အကြင် နှင့် ဒေါ်ဝင်းဝင်းရီ၊ တရားရုံးချုပ် ( မန္တလေးရုံးထိုင် )၊ ၂၀၀၅ ခုနှစ် တရားမ အထွေထွေလျှောက်လွှာ ( အထူး ) အမှတ်-၅၅၊ ၂၅-၅-၀၅]။
( ဦးမြစိန် ၊ တရားမလမ်းညွှန်စီရင်ထုံးများ ၊ စာ ၂၆ )
Comments
Post a Comment