အရွယ်မရောက်သေးသူ၏ နာမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ( အိမ်၊ ခြံ ၊ မြေ ) ဝယ်ယူသည့်ကိစ္စ
အရွယ်မရောက်သေးသူ၏ နာမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ( အိမ်၊ ခြံ ၊ မြေ ) ဝယ်ယူသည့်ကိစ္စ
- အရွယ်မရောက်သေးသူဟုဆိုရာတွင် သာမန်အားဖြင့် အသက် ( ၁၈ ) နှစ် မပြည့်သေးသူကို ဆိုလိုပါ သည်။ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများအက်ဥပဒေအရ အသက် ( ၂၁ ) နှစ်ပြည့်မှ အရွယ်ရောက်ပါ သည်။ ထိမ်းမြားမှု နှင့် စပ်လျဉ်း၍ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ယောကျာ်းကလေးအနေဖြင့် အသက်နှင့်စပ် လျဉ်း၍ မပြောဘဲ ကျန်းမာသန်စွမ်းသည့်အရွယ်ဟု မြန်မာ့ဓလေ့ထုံးတမ်းဥပဒေက ဆိုပါသည်။ မိန်းကလေးဖြစ် ပါက တစ်ခုလပ်၊ မုဆိုးမတို့မှ တစ်ပါး အပျိုဖြစ်ပါက အသက် ( ၂၀ ) မပြည့်သေးပါက မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ရရှိမှသာလျှင် လက်ထပ်ထိမ်းမြားမှု ပြုနိုင်ပါသည်။
- မိဘသို့မဟုတ် အုပ်ထိန်းသူ သို့မဟုတ် ဘိုးဘွားတို့က အရွယ်မရောက်သေးသူ၏ နာမည်ဖြင့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ( အိမ်၊ ခြံ ၊ မြေ ) တို့ကို မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူပေးသည့် အလေ့အထရှိပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို ဥပဒေကလည်း အသိအမှတ်ပြုပါသည်။ တရားဝင်ပါသည်။ သို့ရာတွင် အရွယ်မရောက်သေး သူ၏ နာမည်ဖြင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ( အိမ်၊ ခြံမြေ ) ဝယ်ယူသည့်ကိစ္စတွင် အားသာချက်နှင့် အား နည်းချက်များကိုသိရှိထားရန် လိုအပ်ပါမည်။
- အားသာချက်မှာ - အရွယ်မရောက်သေးသူ၏နာမည်ဖြင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဝယ်ယူပြီးနောက် အရွယ်မရောက်သေးသူ၏ ကိုယ်စားဝယ်ယူပေးသည့် မိဘ သို့မဟုတ် အုပ်ထိန်းသူ သို့မဟုတ် ဘိုးသွားတို့သည် အရွယ်မရောက်သေးသူ အရွယ်မရောက်မီ ကွယ်လွန်သွားပါက အရွယ်မရာက်သေးသူပိုင် မရွှေ့မပြောင်းနိုင် သောပစ္စည်းမှာ တရားရုံး၏ ကာကွယ်စောင့်ရှောက်မှု အောက်သို့ ရောက်ရှိသွားသဖြင့် တစ်ဦးတစ်ယောက်က ရောင်းချခြင်း၊ အလွဲသုံးစားပြုခြင်းမပြုလုပ်နိုင်ပါ။ အရွယ်မရောက်သေးသူ အရွယ်ရောက်ရှိပြီးသည့်အခါ ယင်း၏ ဆန္ဒအရ လွှဲပြောင်းရောင်းချခြင်း ပြုလုပ်နိုင်ပါသည်။
- အားနည်းချက်မှာ - အရွယ်မရောက်သေးသူ တစ်ဦးတည်းအမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ဝယ်ယူခြင်းသို့မဟုတ် မိဘအုပ်ထိန်းသူ သို့မဟုတ် ဘိုးဘွားတို့နှင့် ပူးတွဲ၍ဝယ်ယူသည့် ကိစ္စရပ်များရှိပါသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ အရွယ်မရောက်သေးသူနှင့် ပတ်သက်မှုရှိပါက ယင်းပစ္စည်းကို လွယ်လင့်တကူ ရောင်းချနိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အရွယ်မရောက်သေးသူ၏ အကျိုးကို ဥပဒေက အကာအကွယ် အစောင့်အရှောက်ပေးထားသဖြင့် အရွယ်မရောက်သေးသူ၏ မိဘ သို့မဟုတ် အုပ် ထိန်းသူက အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်းကို စောင့်ရှောက်ခွင့်ရလိုကြောင်း စီရင်ပိုင်ခွင့်ရှိသော တရားရုံး ( ခရိုင်တရားရုံးအဆင့်ထက်မနိမ့်သောတရားရုံး ) တွင် လျှောက်ထားရပါမည်။ တရားရုံးက လျှောက် ထားချက်ကို စစ်ဆေးပြီးနောက် သင့်သည်ဟုထင်မြင်ပါက လျှောက်ထားသူအား အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်းစောင့်ရှောက်ခွင့်ပြုသည့်အမိန့် ချမှတ်ပေးပါမည်။ ထို့နောက်အရွယ်မရောက်သေးသူ၏ စားဝတ် နေရေးနှင့် ပညာရေးအတွက် ငွေလိုအပ်နေသဖြင့် အရွယ်မရောက်သေးသူပိုင်ပစ္စည်းကို ရောင်းချခွင့်ပြုပါရန် ယင်းတရားရုံး၌ပင် လျှောက်ထားပြီး တရားရုံးက ခွင့်ပြုချက်မှသာလျှင် အရွယ်မရောက်သေးသူပိုင်ပစ္စည်းကို တရားဝင်ရောင်းချခွင့် ရရှိမည်ဖြစ်ပါသည်။ အရွယ်မရောက်သေးသူပိုင်ပစ္စည်းကို တရားဝင်ရောင်းချခွင့် ရရှိမည် ဖြစ်ပါသည်။ အရွယ် မရောက်သေးသူ တစ်ဦးတည်း၏နာမည်ဖြင့်သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူနှင့် ပူးတွဲ၍ သော်လည်းကောင်း ၊ မရွေ့မပြောင်းနိုင်သော ပစ္စည်းဝယ်ယူသည့်ကိစ္စတွင် ယင်းပစ္စည်းကို လွယ်လင့် တကူ ဥပဒေနှင့်အညီ ရောင်းချနိုင်မည် မဟုတ်သည့်အတွက် အားနည်းချက်ရှိပါသည်။
- မရွေ့မပြောင်းနိုင်သော ပစ္စည်း ( အိမ်၊ ခြံမြေ ) ဝယ်ယူသည် ၊ ဝယ်ယူမည့်မရွှေ့မပြောင်းနိုင်သော ပစ္စည်းတွင် အရွယ်မရောက်သေးသူနှင့် တစ်နည်းနည်း ပက်သတ်ခြင်းရှိမရှိ စိစစ်ရန်လိုအပ်ပါသည်။ အရွယ်မရောက် သေးသူနှင့် ပတ်သက်နေပါက ရောင်းချသူမှာ အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်းကို တရားရုံးကခန့်အပ် သော တရားဝင်အုပ်ထိန်းခွင့် ရရှိထားသူဟုတ်မဟုတ် တရားဝင် အုပ်ထိန်းခွင့် ရှိသူဟုတ်မှန်သည့်တိုင်အောင် တရားရုံးကယင်းပစ္စည်းကိုအရွယ်မရောက်သေးသူ၏ အကျိုးငှာ ရောင်းချခွင့်ပြုသည့် အမိန့်ရရှိထားခြင်း ဟုတ်မဟုတ် စသည့်အချက် ( ၂ ) ရပ် နှင့် ပြီးပြည့်စုံစွာ တွေ့ရှိရမှသာလျှင် ဝယ်ယူသင့်ပါသည်။ အထက်ပါ အချက် ( ၂ ) ရပ် နှင့် စပ်လျဉ်း၍ ရောင်းချသူဘက်မှ မတင်ပြုနိုင်ပါက ယင်းပစ္စည်းကိုဝယ်ယူရန်မသင့်ပါ။ ဝယ်ယူသူတွင် နစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာနိုင်ကြောင်းသတိချပ်သင့်ပါသည်။
- အရွယ်မရောက်သေးသူပိုင် ပစ္စည်းကိုတရားရုံးက အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများအက်ဥပဒေ (Guardians and Wa rds Act) ဥပဒေနှင့်အညီ ခန့်ထားသော အုပ်ထိန်းသူ မဟုတ်သူနှင့် ချုပ်ဆိုသော အရောင်းအဝယ် ပဋိညာဉ်မှာ ပဋိညာဉ်ဥပဒေအရ ပျက်ပြယ်သော ပဋိညာဉ်ဖြစ်၍ အရောင်းအဝယ်မြောက်မည် မဟုတ်ကြောင်းသတိပြုသင့်ပါသည်။
- အရွယ်မရောက်သေးသူ၏ မိဘအရင်းများဖြစ်သည့်တိုင်အောင် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ဥပဒေ နှင့်အညီ ခန့်အပ်သော အုပ်ထိန်းသူမဟုတ်ပါက အရွယ်မရောက်သေးသူပိုင်ပစ္စည်းကိုပေါင်နှံခွင့်၊ ရောင်းချနိုင် ခွင့်မရှိပါ။ ထိုသို့ရောင်းချသော အရွယ်မရောက်သေးသူပိုင်ပစ္စည်းကိုဝယ်ယူမိသော ပုဂ္ဂိုလ်အချို့ပိုင်ဆိုင်မှုမရရှိ နိုင်ကြောင်း တရားရုံး၏ ဆုံးဖြတ်ချက်နှင့်စီရင်ထုံးများတွင် လေ့လာတွေ့ မြင်နိုင်ပါသည်။
- တရားမကျင့်ထုံးဥပဒေအမိန့် ၃၂ ၊ နည်း ၃ ( ၄ ) တွင် အုပ်ထိန်းသူအဖြစ်ခန့်အပ်ထားရန် အဆိုပြုသူသည် အချင်းဖြစ်ပစ္စည်းမှာ အရွယ်မရောက်သေးသူ၏အကျိုး၊ သက်ဆိုင်ရာခွင့်နှင့် ဆန့်ကျင့်သော အကျိုးသက် ဆိုင်ခွင့် ရှိ သူ မဖြစ်ရဟုဆိုထားပါသည်။
- အရွယ်မရောက်သေးသူ တရားပြိုင် ကိုယ်စားအုပ်ထိန်းသူမပါဘဲ တရားစွဲဆိုသည့်အမှုတွင် ချမှတ်သည့် ဒီကရီကို ပယ်ဖျက်ရန် တရားတစ်ထုံးစွဲဆိုခွင့်ရှိပါသည်။
အုပ်ထိန်းသူပင် ခန့်လင့်ကစား ခန့်ထားသည့်အုပ်ထိန်းသူသည် ဥပဒေနှင့်မညီညွတ်လျှင် ချမှတ်သည့် ဒီကရီ သည် အရွယ်မရောက်သေးသူအပေါ်အတည်မဖြစ်ကြောင်း မြွက်ဟကြေညာခွင့်ရှိပါသည်။
- တရားလိုကိုယ်စား ဆောင်ရွက်သည့်လူကို နီးစပ်ရာမိတ်ဆွေ ( Next friend ) ဟု ခေါ်ပါသည်။
- အရွယ်မရောက်သေးသူတရားပြိုင် ကိုယ်စားခန့်သည့်သူကို အုပ်ထိန်းသူဟုခေါ်ပါသည်။
- အုပ်ထိန်းသူဟုဆိုရာတွင် အုပ်ထိန်းသူအစစ် ( deJure guardian ) နှင့် သာမန်အုပ်ထိန်းသူ ( defacto guardian ) ဟု ခွဲခြားထားပါသည်။
- အရွယ်မရောက်သေးသူကိုယ်စား နီးစပ်ရာမိတ်ဆွေက တရားစွဲဆိုသည့်အမှုတွင် အမှုအတော အတွင်း အရွယ်မရောက်သေးသူအရွယ်ရောက်လာပါက နီးစပ်ရာမိတ်ဆွေက တရားမစွဲသင့်ဘဲ စွဲဆို ထားသည့်အမှုဖြစ်ပါက ယင်းအမှုကိုရုပ်သိမ်းလိုပါက ရုပ်သိမ်း၊ အမှုမှ ထွက်ချင်ပါက ထွက်ခွင့်ပေးထား ပါသည်။
- တရားပြိုင်အဖြစ်ပါဝင်သူ အုပ်ထိန်းအနေဖြင့် ရွေးချယ်ရာလမ်း ပေးမထားပါ။ အမှုတွင် ပါမြဲပါ နေရမှာပါ။
- အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများ အက်ဥပဒေအရ တရားရုံးက ခန့်အပ်သည့် အုပ်ထိန်းသူသည် အုပ်ထိန်းသူအစစ် ( dejure guardian ) ဟု ဆိုပါသည်။
- မိမိရှေ့မှောက်တွင် ရှိသည့် အမှုကိစ္စအတွက် ဆောင်ရွက်ဖို့ခန့်ထားခြင်းကို မည်သည့်ရုံးကမဆို ခန့်နိုင် ပါသည်။
- မြို့နယ်တရားသူကြီးနှင့် ဒုတိယမြို့နယ်တရားသူကြီးသည် မိမိရှေ့မှောက်ရှိ အမှုကိစ္စကို ဆောင်ရွက်နိုင်ရန်အတွက် အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများအက်ဥပဒေအရ ခန့်ထားခြင်းမရှိသေးပါ က အမိန့် ၃၂ ၊ နည်း ၃ အရ အုပ်ထိန်းသူခန့်ခွင့်ရှိပါသည်။
- စိတ်ပေါ့သွပ်သူနှင့် ပတ်သက်ပြီး အမိန့် ၃၁ ၊ နည်း ၁၅ မှာ တရားပြိုင်ဟာ စိတ်ပေါ့သွပ်သူဖြစ်လျှင် အမှုစစ်လို့မရလို့ စိတ်ပေါ့သွပ်သူဟုတ်မဟုတ် စိစစ်ရပါမည်။ စိတ်ပေါ့သွပ်သူ၏ အကျိုးကို ကာ ကွယ်နိုင်စွမ်းမရှိလျှင် ရာဇဝတ်မှုတွင် အမှုမစစ်ဆေးနိုင်ပါ။ တရားခံသည် ကျန်းမာကြောင်းနှင့် အစစ်ခံ နိုင်ကြောင်း စိတ်ရောဂါဆေးရုံ၏ ဆရာဝန်ထံမှ ထောက်ခံချက် ရရှိမှသာလျှင် ပြစ်မှုကို ဆက်လက် ဆောင်ရွက်နိုင်ပါသည်။ ထို့အတူ အမိန့်၃၂ ၊ နည်း၁၅ တွင် တရားစွဲသည့်အခါဖြစ်ဖြစ်၊ အစွဲခံရတဲ့ အခါဖြစ်ဖြစ် မိမိအကျိုးစီးပွားကို ကာကွယ်နိုင်စွမ်းမရှိလျှင် အုပ်ထိန်းသူ သို့မဟုတ် နီးစပ်ရာမိတ်ဆွေ ခန့်ထားရပါသည်။ သူ့အကျိုးစီးပွား ကာကွယ် နိုင်စွမ်းရှိမရှိဆိုသည့် ကိစ္စမှာ ဆရာဝန်စစ်ဆေးပြီး သက်သေခံချက်အရ ယူရမှာဖြစ်ပါသည်။ အရွယ်မရောက်သေးသူ ကိစ္စမှာ အငြင်းပွားစရာမရှိပါ။
[ ဦးဗကြိုင် ( B.A;B.L ) ၊ လူတိုင်းအတွက် တရားမမှုများဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ ၊ ၂၀၀၉ ဒီဇင်ဘာ ၊ စာ ၆၉] ။
Comments
Post a Comment