ဥပဒေအရာရှိပါသောအမှုပြင်ဆင်မှုတင်လျှင်

ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သော အမှုတွင် တရားလိုဘက်မှငှားရမ်းသော ပြင်ပရှေ့နေသည် အမှု လိုက်ဥပဒေအရာရှိ၏ သဘောတူညီချက်မရရှိဘဲ ပြည်နယ်တိုင်းတရားရုံးများသို့ ပြင်ဆင်မှုတင်သွင်း ခြင်းမပြုလုပ်ရဟူ၍ ပိတ်ပင်တားမြစ်ထားခြင်း ရှိ- မရှိ ။


                    ကိုအောင်မိုး၀င်း ပါ ၂ 

                                  နှင့် 

           ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ ၃

                      ၂၀၀၂ ၊ မ တ စ ၊ ၁


 ဆုံးဖြတ်ချက် 


ပြစ်မှုဆိုင်ရာပြင်ဆင်မှု၊ အထွေထွေလျှောက်ထားမှု တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ရှေ့နေချုပ်နည်းဥပဒေ ၉၈ မှ ၁၀၄ တို့တွင် ပြဌာန်းထားသည်၊ ယင်းနည်းဥပဒေ ၉၈ မှ ၁၀၁ အထိပြ ဌာန်းချက်များကို စိစစ်ကြည့်သော် တာ၀န်ဥပဒေအရာရှိ၊ အမှုလိုက်ဥပဒေအရာရှိ၊ ခရိုင်တာ၀န်ခံဥပဒေ အရာရှိ နှင့် တိုင်းပြည်နယ်ဥပဒေအရာရှိတို့က လိုက်နာဆောင်ရွက်ရမည့်တာ၀န်များကို ဖေါ်ပြသတ် မှတ်ထားခြင်းဖြစ်သည်၊ သို့ဖြစ်ရာ အဆင့်ဆင့်သော တာ၀န်ခံဥပဒေအရာရှိသည် ပြစ်မှုဆိုင်ရာပြင်ဆင်မှု၊ အထွေထွေလျှောက်ထားမှုတင်သွင်းခြင်း၊ ပိတ်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၉၈ နှင့် ၁၀၄ တို့ပါ ပြဌါန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်၊ 


ထပ်မံဆုံးဖြတ်ချက်     

 

 ရှေ့နေချုပ်ဥပဒေနှင့် ရှေ့နေချုပ်နည်းဥပဒေများကို လေ့လာစိစစ်ကြည့်သော် ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သောအမှုတွင် တရားလိုဘက်မှငှားရမ်းသော ပြင်ပရှေ့နေကဖြစ်စေ၊ နစ်နာသူအမှုသည်ကဖြစ်စေ၊ သက်ဆိုင်ရာတရားရုံး၏စီရင်ချက်၊ အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာပြင်ဆင်မှုတင်သွင်းရန် အကြောင်းပေါ်ပေါက်သည့်အခါ အမှုလိုက်ဥပဒေအရာရှိ၏ သဘောတူခွင့်ပြုချက်မရရှိဘဲ ပြည်နယ်၊ တိုင်းတရားရုံး၏ ပြင်ဆင်မှုတင်သွင်းခြင်းမပြုရဟူ၍ ပိတ်ပင်သတ်မှတ်ထားခြင်း မရှိသည်ကိုတွေ့မြင်ရပေမည်။ ထိုကဲ့သို့ပိတ်ပင်သတ်မှတ်ထားခြင်းမရှိသဖြင့် သက်ဆိုင်ရာတရားရုံး၏စီရင်ချက်၊ အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ နစ်နာသူအမှုသည်ကဖြစ်စေ၊ တရားလိုဘက်မှငှားရမ်းသော ပြင်ပရှေ့နေကဖြစ်စေ၊ ပြည်နယ်တိုင်း တရားရုံးသို့ပြစ်မှုဆိုင်ရာပြင်ဆင်မှု တင်သွင်းခွင့်ရှိသည်ဟု ယူဆရပေမည်။


ထပ်မံဆုံးဖြတ်ချက်


ပြစ်မှုဆိုင်ရာပြင်ဆင်မှု တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ရှေ့နေချုပ်ဥပဒေနှင့် နည်းဥပဒေပါပြဌါန်းချက်များနှင့်အညီ တာ၀န်ခံဥပဒေအရာရှိက ခရိုင်တရားရုံးသို့ဖြစ်စေ၊ ပြည်နယ် တိုင်းတရားရုံးသို့ဖြစ်စေ၊ တရားရုံးချုပ်သို့ဖြစ်စေ။ ပြစ်မှုဆိုင်ရာပြင်ဆင်မှုတင်သွင်းခွင့်ရှိသည့်နည်းတူ နစ်နာသူအမှုသည်ကဖြစ်စေ၊ တရားလိုဘက်မှငှားရမ်းထားသောပြင်ပရှေ့နေကဖြစ်စေ၊ တရားရုံးအဆင့်ဆင့်သို့ပြစ်မှုဆိုင်ရာပြင်ဆင်မှုတင်သွင်းခွင့်ရှိမည်။တာ၀န်ခံဥပဒေအရာရှိကဖြစ်စေ၊ နစ်နာသူအမှု သည်ကဖြစ်စေ ပြစ်မှုဆိုင်ရာပြင်ဆင်မှုတင်သွင်းခြင်းမရှိသော်လည်း ပြည်နယ်၊ တိုင်းတရားရုံးနှင့်တရားရုံးချုပ်တို့က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၄၃၅ (၁)အရ အောက်ရုံးအမှုတွဲကိုတောင်းခေါ်စိစစ်ပြီး ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိခြင်း၊ ဥပဒေအရ မှားယွင်းချွတ်ချော်ခြင်း ပြစ်မှုနင့်လျှော်ညီသည့် ပြစ်ဒဏ်ချမှတ်မှုမရှိခြင်း၊ အစရှိသည့်အချက်အချို့ကိုတွေ့ရှိရပါက မိမိ၏ ဆင်ခြင်တုံတရားအရ ပြင်ဆင်မှု (က) ဖွင့်လှစ်ဆောင်ရွက်ခွင့်လည်းရှိပေသည်။

Comments