တရားခံပြစ်မှုကျူးလွန်ခြင်းရှိမရှိ
တရားခံတစ်ဦး ပြစ်မှုကျူးလွန်ခြင်း ရှိ မရှိ အဆင့်ဆင့် စိစစ်ရန်နည်းလမ်း
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
ပြစ်မှုများကို ကျူးလွန်ရာ၌ အဆင့် ၄ ဆင့်ရှိခြင်း
●●●●●●●●●●●●●●●●●●●●●●●●●●
ပြစ်မှုများကို ကျူးလွန်ရာ၌ အဆင့် ၄ ဆင့်ရှိပြီး ၎င်းတို့မှာ
(၁) ကြံရွယ်ခြင်း၊
(၂) ပြင်ဆင်ခြင်း၊
(၃) အားထုတ်ခြင်း၊
(၄) ပြစ်မှုကိုပြုလုပ် ခြင်းတို့ဖြစ်သည်။
--
(၁) ကြံရွယ်ခြင်း၊
●●●●●●●●●●●
ပထမအဆင့်ဖြစ်သည့် ပြစ်မှုကျူးလွန်ရန် ကြံရွယ်ချက် သို့မဟုတ် မနောကံသည် စိတ်ကူးမျှသာဖြစ်ပြီး ပြစ်မှုကျူးလွန်ရန် အကောင်အထည် ဖော်သည့် အဆင့်သို့ မရောက်ရှိသေးသဖြင့် ပြစ်ဒဏ် စီရင်ခြင်းမပြုနိုင် ပေ။
(၂) ပြင်ဆင်ခြင်း၊
●●●●●●●●●●●
ပြင်ဆင်မှုဆိုသည်မှာ ပြစ်မှုကျူးလွန်ရန် ကြံရွယ်(ရည်ရွယ်)ပြီး နောက် ကြံရွယ်ချက်(ရည်ရွယ်ချက်)အတိုင်း ဆောင်ရွက်နိုင်ရန်အလို့ငှာ နည်းလမ်းရှာဖွေခြင်း၊ လိုအပ်သည်ကို စုဆောင်းခြင်းဖြစ်သည်။ ပြစ်မှု ကျူးလွန်ခြင်းအဆင့်နှင့် အလှမ်းဝေးသည့်ပြုလုပ်မှုသည် ပြင်ဆင်မှု ဖြစ်သည်။
(၃) အားထုတ်ခြင်း
●●●●●●●●●●●
အားထုတ်မှုဆိုသည်မှာ ပြင်ဆင်ပြီးနောက် ပြစ်မှုကျူးလွန်ရန် ရှေးရှုသော ပြုလုပ်မှုတစ်ခုခုကို ပြုခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်ခြင်း အဆင့်နှင့် နီးကပ်သည့် ပြုလုပ်မှုသည် အားထုတ်မှုဖြစ်သည်။
---
ဘိန်းဖြူများကို ပင်နယ်ဆလင်ပုလင်းများတွင် အသင့်ထည့်သွင်းထားခြင်းကို တွေ့ရှိခြင်းသည် "ရောင်းချခြင်း" မြောက် မမြောက်။
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
ဘိန်းဖြူများကို ပင်နယ်ဆလင်ပုလင်းများတွင် အသင့်ထည့်ထားသည့် အခြေအနေသည်
ရောင်းချခြင်းပြုရန် ရည်ရွယ်ချက်ရှိပြီး ရည်ရွယ်သည့်အတိုင်း
မူးယစ်ဆေး ဝါး ဝယ်လက်ရှာခြင်း၊
စျေးကွက်ရှာခြင်းစသည့်
ရောင်းချခြင်းပြစ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်းနှင့်
မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန် ကမ်းလှမ်းခြင်း၊ သဘောတူ ခြင်း သို့မဟုတ် ရောင်းဝယ်ရန် ဆက်သွယ်ခြင်းတို့ကြားတွင်ရှိသည့်
ပြစ်မှု ကျူးလွန်ရန် ပြင်ဆင်ခြင်းသာ ရှိသေးသည်ဟု
ကောက်ယူရမည်ဖြစ်သဖြင့် ရောင်းချခြင်းမမြောက်သည်မှာ မြင်သာသည်။
မင်းသူကျော် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
(၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၀၁(၁၁၁-၁၁၂)
Comments
Post a Comment