ဖော်ကောင်
ဖော်ကောင်နဲ့ပတ်သက်လို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၇ ကနေ ၃၃၉ က ထိ ပြဌာန်းထားပါတယ်
တရားရုံးများလက်စွဲ စာပိုဒ် ၄၅၉ မှာလည်း ဖော်ပြထားပါတယ်
နောက်ပိုင်း ရှေ့နေချုပ်ဥပဒေ နဲ့ ရှေ့နေချုပ်နည်းဥပဒေမှာလည်း ဖော်ပြထားပါတယ် အဲဒါတွေကို နောက်ပိုင်းဖော်ပြပါ့မယ်
အခု ကျွန်တော်ပြောလက်စ အမှုအကြောင်းဆက်လက် ပြောလိုပါတယ်
အမှုမှာ ဖော်ကောင်ဖြစ်တဲ့ အစိုးရသက်သေကို
စပြီးစစ်ပါတယ် အဲဒီသက်သေထွက်ဆိုတာကတော့ ကျွန်တော့အမှုသည်နဲ့ ပူးတွဲတရားခံတို့ ဖောက်ပြန်တာကို ပူးတွဲတရားခံက ပြောလို့သိရှိကြောင်း ၊ ကျွန်တော့အမှုသည်ရဲ့ ဘယ်နေရာမှာမှဲ့ပါတယ်လို့တောင် ပြောပြသိရကြောင်း ၊ ဘယ်နေ့ဘယ်ရက်မှာ ကျွန်တော့အမှုသည်နဲ့
သူ့ယောကျာ်း သေသူတို့ ဘယ်ကိုသွားမယ် ဘယ်နေရာမှာ
သတ်မယ် အဲဒါကို အတူလိုက်ပါပြီး သတ်ဖို့နဲ့ ဘယ်လောက်ပေးမယ်လို့ ပြောကြောင်း ၊ အဲဒီနေ့မှာ သူနဲ့ပူးတွဲတရားခံတို့ဟာ ဘယ်အချိန်မှာ အဲဒီနေရာရောက်ကြောင်းနဲ့ ဘယ်လိုသတ်ဖြတ်ကြကြောင်း ၊ ဘယ်နေ့မှာအဖမ်းခံရကြောင်းနဲ့ ဘယ်နေ့မှာဖြောင့်ချက်ပေးကြောင်း ထွက်ဆိုပါတယ်
ရှေ့နေရှုထောင့်ကကြည့်ရင် မျက်မြင်သက်သေမရှိတာကြောင့် အဓိကသက်သေဖြစ်တဲ့ ဖော်ကောင်ရဲ့ ဖြောင့်ချက်နဲ့ ထွက်ဆိုချက် ပျက်ပြယ်ရင် ကျွန်တော့တရားခံအတွက် သက်သာရာရမယ်လို့ မြင်ပါတယ်
အဲဒီတော့ အဲဒီဖော်ကောင်ကို ဒီအမှုမှာ သူက သေသူကို အမှန်တကယ် မသတ်ခဲ့ဘူးမဟုတ်လားလို့ စမ်းပြီးမေးပါတယ် သူက သတ်ခဲ့ပါတယ်လို့ ပြောပါတယ် ခင်ဗျားအနေနဲ့ဖော်ကောင်ဆိုတဲ့အရာ ဖော်ကောင်လုပ်ရင်အမှုမှာ အပြစ်ပေးမခံရဘူးဆိုတာ ရဲကပြောလို့သိတာမဟုတ်လားဆိုတော့ ဟုတ်ပါတယ်လို့ ပြောပါတယ် ဒါဆိုရင်ဒီအမှုမှာ ခင်ဗျားဖြောင့်ချက်ပေး အဲဒီလိုဖြောင့်ချက်ပေးရင် ခင်ဗျားကို ဖော်ကောင်လုပ်ပေးမယ်လို့ ရဲအရာရှိကသွေးဆောင်လို့ ဖြောင့်ချက်ပေးတာမဟုတ်လားလို့ မေးတော့ မဟုတ်ပါဘူး ကျွန်တော်ကလူသတ်ရာမှာတကယ်ပါလို့ ကိုယ့်သဘောနဲ့ကိုယ်ဖြောင့်ချက်ပေးတာပါလို့ ပြောပါတယ်
အဲဒီဖော်ကောင်က ငှားရမ်းထားတဲ့ရှေ့နေဟာ ဥပဒေကို ထဲထဲဝင်ဝင် လေ့လာထားတဲ့ရှေ့နေ ဖြစ်ပါတယ်
ဖြောင့်ချက်ကို ကွယ်ထောင့်ထွက်ဆိုမယ်ဆိုရင် သူဟာဖော်ကောင်ရဲ့အခွင့်အရေး မရတော့ဘူးဆိုတာ အဲဒီဖော်ကောင်က သိနေပုံပါဘဲ
ဒါနဲ့ ဒီအမှုမှာခင်ဗျားအနေနဲ့ အမှန်အတိုင်းထွက်ဆိုပါ့မယ်လို့ တရားရုံးမှာစည်းကမ်းချက်ပြုလုပ် လက်မှတ်ထိုးထားတာမျိုးတော့ မရှိဘူးမဟုတ်လားလို့ မေးတော့ အဲဒီဖော်ကောင်က မရှိပါဘူးလို့ပြောပါတယ်
အမှုတွဲမှာလည်းအမှန်တကယ် မရှိပါဘူး
အဲဒီနောက် ကျွန်တော့တရားခံနဲ့ အသတ်ခံရသူရဲ့ သားကြီး သမီးကြီး ၂ယောက် ၃ ယောက်အစစ်ခံပါတယ် အသတ်ခံရတာကအဖေ ၊ သတ်တဲ့သူက အမေနဲ့
မမေရဲ့လင်ငယ် ၊ အမေကတရားရုံးရှေ့မှာလက်ထိပ်နဲ့ ၊
အဲဒီအမေနဲ့ တရားခွင်က အများရှေ့မှာ သူတို့အမေနဲ့ ပူးတွဲတရားခံတို့ ဖောက်ပြန်တာကို သူတို့သိသလောက်
ငိုပြီးထွက်ဆိုကြတာ စိတ်မကောင်းစရာပါ
နောက်ရက်မှာကျတော့ ရုံးဝန်ထမ်းရဲ့ပြောပြချက်အရ ကျွန်တော်သိရတာက-
တရားခွင်နာယကမဟုတ်တဲ့ တရားသူကြီးအဖွဲ့ဥက္ကဌကိုယ်တိုင်က အဲဒီအမှုတွဲယူပြီး နောက်မှပြောင်းလာတဲ့ မြို့နယ်တရားရေးဦးစီးမှူးအခန်းကို သွားပါတယ် ဒီအမှုမှာ ဖော်ကောင်ကိုစည်းကမ်းချက်လုပ်မထားတာ ရှေ့နေကမေးတယ် စည်းကမ်းချက်လုပ်မထားရင် ဘာဖြစ်သလဲလို့ အမှုတွဲကိုတရားရေးဦးစီးမှူးဆီထိုးပေးရင်း မေးပါတယ် စည်းကမ်းချက်လုပ်မထားရင် ဖော်ကောင်ပျက်ပြီပေါ့လို့ တရားရေးဦးစီးမှူးကပြောရင်း အမှုတွဲကို စာခွက်ထဲပစ်ထည့် လိုက်ပါသတဲ့
တမြို့နယ်လုံး အုံးအုံးကြွက်ကြွက် သိထားကြတာဆိုတော့ အဲဒီအမှုကို လွှတ်ရမဲ့အဖြစ်မျိုး စိုးရိမ်ဟန်တူပါတယ်
ဆက်လက်ဖော်ပြပါ့မယ်
ဖော်ကောင်အဖြစ် ကင်းလွတ်ခွင့်ပြုနိုင်တဲ့ အခွင့်အာဏာဟာ တရားသူကြီးတိုင်းက ကျင့်သုံးပိုင်ခွင့်ရှိတာမဟုတ်ပါဘူး အမှုတိုင်းလည်း ကျင့်သုံးခွင့်ရှိတာမဟုတ်ပါဘူး
တရားသူကြီးတွေမှာ တတိယတန်းအာဏာရ၊ဒုတိယတန်းအာဏာရ ၊ ပထမတန်းအာဏာရ၊ အထူးအာဏာရ ရာဇဝတ်တရားသူကြီး (၄) မျိုးနဲ့ ခရိုင်ရာဇဝတ်တရားသူကြီး ဒါမှမဟုတ် စက်ရှင်တရားသူကြီး ဆိုပြီး ကျင့်သုံးနိုင်တဲ့ ကျင့်သုံးခွင့်ရှိတဲ့ စီရင်ပိုင်ခွင့်အလျောက် အမျိုးအစားခွဲခြားထားပါတယ်
ဘယ်အာဏာရတရားသူကြီးက ရာဇဝတ်ကျင့်ထုံးဆိုင်ရာနဲ့ပတ်သက်လို့ ဘယ်ပုဒ်မပါအခွင့်အာဏာကို ကျင့်သုံးနိုင်တယ်ဆိုတာကို ရာဇဝတ်ကျင့်ထုံးဥပဒေမှာ နောက်ဆက်တွဲ ဇယား ၃ နဲ့ ဖော်ပြထားပါတယ် အဲဒီမှာက တရားသူကြီးရဲ့အာဏာအဆင့်အလျောက် မူလအာဏာကို ဖော်ပြထားပြီး ထပ်မံအပ်နှင်းရင်ရရှိနိုင်တဲ့အာဏာကို နောက်ဆက်တွဲဇယား ၄ မှာဖော်ပြထားပါတယ်
ဖြောင့်ချက်ရေးမှတ်ယူခွင့်ဖြစ်တဲ့ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၆၄ အရ အခွင့်အာဏာကို နောက်ဆက်တွဲ နောက်ဆက်တွဲဇယား ၃ အရ တတိယတန်းအာဏာရ တရားသူကြီးနဲ့ ဒုတိယတန်းအာဏာရ တရားသူကြီးကို အပ်နှင်းမထားပါဘူး
နောက်ဆက်တွဲဇယား ၄ အရ ဒုတိယတန်းအာဏာရ တရားသူကြီးကို အပ်နှင်းနိုင်တဲ့ အခွင့်အာဏာထဲမှာ ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၁၆၄ ပါဝင်တာကြောင့် အဲဒီအာဏာအပ်နှင်းထားရင်တော့ ဒုတိယတန်းအာဏာရ တရားသူကြီးဟာ ဖြောင့်ချက်ရေးမှတ်ယူခွင့်ရှိပါတယ်
အဲဒီတော့ ဖြောင့်ချက်ရယူတဲ့ တရားသူကြီးဟာ တတိယတန်းအာဏာရ တရားသူကြီးဖြစ်မယ် ဒါမှမဟုတ် ထပ်ဆင့်အာဏာအပ်နှင်းမခံရတဲ့ ဒုတိယတန်းအာဏာရ တရားသူကြီးဖြစ်မယ်ဆိုရင် ဖြောင့်ချက်ရေးမှတ်ယူခွင့်မရှိတဲ့ တရားသူကြီးက ရယူထားတာဖြစ်တဲ့အတွက် အဲဒီဖြောင့်ချက်ဟာ တရားမဝင်တဲ့ ပျက်ပြယ်တဲ့ဖြောင့်ချက်ဖြစ်ပါတယ်
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၃၇ အရ ကြံရာပါ ဒါမှမဟုတ် ဖော်ကောင် ဒါမှမဟုတ် အစိုးရသက်သေကို ပြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့်
ပေးနိုင်တဲ့အာဏာကို ပထမတန်းအာဏာရ တရားသူကြီးနဲ့ ခရိုင်ရာဇဝတ်တရားသူကြီးကိုဘဲ အပ်နှင်းထားပါတယ် ဒါပေမဲ့ ပထမတန်းအာဏာရ တရားသူကြီးကတော့ သူကိုယ်တိုင်စစ်ဆေးတဲ့အမှုမှာဘဲ အဲဒီအခွင့်အာဏာကို ကျင့်သုံးခွင့်ရှိပါတယ်
ဘယ်လိုအမှုမျိုးတွေမှာ ဖော်ကောင်အဖြစ် ပြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်သလဲဆိုရင်-
-တရားလွှတ်တော် နဲ့ ခရိုင်တရားရုံးကသာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိတဲ့အမှု
- ထောင်ဒဏ် ၁၀ နှစ်ထိချမှတ်နိုင်တဲ့အမှု
-ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်တဲ့ ရာဇသတ်ကြီးပုဒ် ၂၁၁ အရ ရာဇဝတ်မှုကိုမမှန်မကန်စွပ်စွဲမှု
- လုယက်တော့မယ် ဓားပြတိုက်တော့မယ် မကြာမီကလုယက်ပြီးပြီ ဓားပြတိုက်ပြီးပြီဆိုတာ သိရက်နဲ့ အကာအကွယ်ရစေဖို့ လက်သင့်ခံတဲ့ ရာဇသတ်ကြီးပုဒ်မ ၂၁၆-က အရ အမှု
- အသက် ၁၂ အောက်ကလေးရဲ့ကိုယ်က ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတခုခုကို မရိုးမဖြောင့်တဲ့သဘောနဲ့ ယူဖို့ကြံရွယ်ပြီး ကလေးကိုခိုးယူတာ သွေးဆောင်ဆွဲခေါ်တာဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၆၉ အရအမှု
-လူသတ်ဓားပြဂိုဏ်း ဒါမှမဟုတ် ခိုးတာ လုယက်တာကို အမြဲတစေကျူးလွန်ဖို့ ဖွဲ့စည်းထားတဲ့လူဆိုးဂိုဏ်းမှာ ပါဝင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၁ အရအမှု
- ကျပ်တစ်သောင်းထက်မနည်း တန်ဖိုးရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းထွက်ပစ္စည်းကို မီး ဒါမှမဟုတ် ပေါက်ကွဲတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးတဲ့ ရာဇသတ်ကြီးပုဒ်မ ၄၃၅ အရအမှု
- အခိုင်းအစေ ၊ စာရေး ၊ အရာရှိက အလုပ်ရှင်ရဲ့
စာရင်း ၊ စာတမ်းအမှတ်အသားတွေကို ဖျက်ဆီးတာ ပြောင်းလဲတာ လိမ်လည်ရေးသွင်းတာ တမင်မထည့်သွင်းဘဲ ပျက်ကွက်တာဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၇၇-က အရ အမှုတို့ဖြစ်ပါတယ်
ဘယ်လိုတရားခံတွေကို ဖော်ကောင်အဖြစ် ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပြုနိုင်သလဲဆိုတော့-
ပြစ်မှု ကျူးလွန်ရာမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပါဝင်သူကို ဖော်ကောင်ပြုလုပ်စေနိုင်ပါတယ်
ဘယ်လိုရည်ရွယ်ချက်နဲ့ ဖော်ကောင်ပြုလုပ်စေသလဲဆိုတော့-
ပြစ်မှုကျူးလွန်ရာမှာ အရင်းခံပြစ်မှုကျူးလွန်သူ အားပေးကူညီသူတွေကို ဖော်ထုတ်စေဖို့ ဖြစ်ပါတယ်
ဘယ်အဆင့်မှာ ဖော်ကောင်အဖြစ် ခွင့်ပြုနိုင်သလဲဆိုတော့
ရဲအရာရှိက စုံထောက်စစ်ဆေးစဥ်မှာရော
တရားရုံးက စစ်ဆေးစဥ်မှာပါ ခွင့်ပြုနိုင်ပါတယ်
ဘယ်လိုနည်းလမ်း သတ်မှတ်ချက်ရှိသလဲဆိုတော့
အရင်းခံပြစ်မှုကျူးလွန်သူ အားပေးကူညီသူတွေနဲ့ပတ်သက်ပြီး သူသိသမျှအလုံးစုံကို မခြွင်းမချန် အမှန်အတိုင်းပြောဆိုပါ့မယ်ဆိုတဲ့ ဖော်ကောင်ရဲ့စည်းကမ်းချက် ရှိရပါ့မယ်
ဒါတွေကတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၃၇(၁) အရ ဖြစ်ပါတယ်
ကျွန်တော်လိုက်ပါရတဲ့အမှုမှာ မြို့နယ်တရားရုံးက ဖော်ကောင်အဖြစ်ခွင့်ပြုတာဖြစ်ပါတယ်
ပါတီကောင်စီကာလက မြို့နယ်တရားသူကြီးတွေကို စက်ရှင်အာဏာ ခရိုင်ရာဇဝတ်တရားသူကြီးအာဏာ အပ်နှင်းထားပါတယ် ပြစ်ဒဏ်ဆိုရင် သေဒဏ်အထိချမှတ်နိုင်ပါတယ်
ဆက်လက်ဖော်ပြပါ့မယ်
Comments
Post a Comment