ဓာတ်ပုံမိတ္တူသက်သေခံ

ဓါတ်ပုံမိတ္တူ သက်သေခံဆင်ခြင်ပါ

••••••••••••••••••••••••••••••••••••••••

တရားရုံးအချို့က မူရင်းစာတမ်းအမှတ်အသားကို အမှုတွဲ၌ထားရှိရန် တာဝန်ကြီးသည်ဟုဆိုသောအကြောင်းပြချက်အရလည်းကောင်း၊စာတမ်းအမှတ်အသား သက်သေခံတင်သွင်းလိုသူကလည်း မိမိလက်ဝယ်ရှိ မူရင်းစာတမ်းအမှတ်အသားကို လက်မဲ့ မဖြစ်လို၍လည်းကောင်း၊  ရုံးတော်က စာတမ်းအမှတ်အသားမူရင်းအစား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီးဓါတ်ပုံမိတ္တူကို သက်သေခံအဖြစ် တင်သွင်း၊လက်ခံသည့် အလေ့အထဖြစ်ပွားနေသည်ကို ကြီးကြပ်ကွပ်ကဲရန် လမ်းညွှန်မှုကင်းမဲ့နေပါသည်။


■အီလက်ထရောနစ် သက်သေခံချက်မှအပ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီး ဓါတ်ပုံမိတ္တူကို သက်သေခံအဖြစ် လက်ခံနိုင်ကြောင်း ဒုတိယတဆင့်သက်သေခံချက်ဆိုင်ရာ သက်သေခံအက်ဥပဒေပုဒ်မ၆၅တွင် ပြဌာန်းထားပါသလား။


■ဒုတိယတဆင့်သက်သေခံချက်နှင့်သက်ဆိုင်သော သက်သေခံအက်ဥပဒေပုဒ်မ၆၅နှင့်အကျုံးမဝင်ဘဲ(အီလက်ထရောနစ် စာမှတ်စာတမ်းသက်သေခံချက်မှအပ) မည်သည့်ပြဌာန်းချက်အရ ဓာတ်ပုံ မိတ္တူကို သက်သေခံ လက်ခံနေကြပါသလဲ။

 

■အဆို အချေနှင့်ဖြစ်စေ၊တရားမကျင့်ထုံးအမိန့်၁၃နည်းဥပဒေ၁အရဖြစ်စေ တင်သွင်းသော စာမှတ်စာတမ်းသည် ဒုတိယတဆင့်သက် သေခံချက်သာဖြစ်နေသည့်အခြေအနေတွင် တစ်ဘက်က ဝန်ခံမထားသော ဒုတိယတဆင့်သက်သေခံချက်စာတမ်းအမှတ်အသား(ဓါတ်ပုံမိတ္တူ)ကို ပဏာမငြင်းချက်ဖြေဆိုရာတွင်ထည့်သွင်းစဥ်းစားနိုင်ပါသလား။


■ထိုအခြေအနေတွင် ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေ ၂၀၁၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး စာ - ၁၂၃(၁၃၄)ညွှန်ပြချက်အရ ဒုတိယတဆင့်သက် သေခံချက်ကို အဆိုအချေ၏တစ်စိတ်တစ်ဒေအဖြစ် ထည့်သွင်းစဥ်းစားနိုင်ပါမည်လား။ 


■တရားမကျင့်ထုံးဥပဒေအမိန့်၁၃ နည်းဥပဒေ ၁ အရ တင်ပြရမည့် စာမှတ်စာတမ်းအမျိုးအစားသည် အဘယ်နည်း။


နှစ်ဖက်အမှုသည်များ အငြင်းမပွားသော စာရွက်စာတမ်း၊ သက်သေခံချက်ရယူရန် မလိုအပ်သောစာရွက်စာတမ်းနှင့် မူရင်းစာတမ်းအမှတ်အသားများဖြစ်မှသာ အဆိုအချေနှင့်ပူးတွဲထားသော တရားမကျင့်ထုံးဥပဒေအမိန့်၁၃နည်းဥပဒေ ၁အရတင်သွင်းထားသော စာရွက်စာတမ်းများ(တနည်းအားဖြင့် ငြင်းဆန်မရသောစာမှတ်စာတမ်း)ကို ပဏာမငြင်းချက်ဖြေဆိုရာတွင်  ထည့်သွင်းစဉ်းစားနိုင်ပါမည်။


တဖန် အချို့သောအငြင်းပွားပြဿနာများတွင် ဓါတ်ပုံမိတ္တူကိုချင့်ချိန် ၍မရဘဲ မူရင်းစာတမ်းအမှတ်အသားကိုသာ ချင့်ချိန် အဆုံးအဖြတ်ပြုရန်အခြေအနေများရှိနေသည့်အတွက်ဓါတ်ပုံမိတ္တူ သက်သေခံတင်သွင်းခြင်း၊လက်ခံခြင်းအမှုကို ရှောင်ကြဥ်စေလိုပါသည်။


Comments