အယူခံဝင်ရောက်ခွင့်

မူလရုံးက ချမှတ်တဲ့ဒီကရီအပေါ် မူလရုံးတရားလိုက ၊ အယူခံရုံးက ချမှတ်တဲ့ဒီကရီအပေါ် အယူခံတရားလိုက အယူခံဝင်ရောက်ခွင့် ရှိမရှိကိစ္စနဲ့ပတ်သက်လို့ ဖော်ပြလိုပါတယ်

            လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော့ကို တရားလွှတ်တော်​​​အမျိုးသမီးတဦးက မေးပါတယ်

             သူ တရားလိုဘက်က လိုက်ပါတဲ့ခရိုင်တရားရုံး အမှုမှာ မူလရုံးက ဒီကရီချတော့ အဲဒီရုံးကချတဲ့ဒီကရီကို အယူခံဝင်ရမှာလားလို့ တိုင်းလွှတ်တော်က ဝန်ထမ်းတဦးကို မေးပါတယ် အမှုမှာတရားလိုကို အနိုင်ပေးထားတာ ဖြစ်တဲ့အတွက် တရားလိုက အယူခံဝင်လို့မရဘူး ပြင်ဆင်မှုဘဲဝင်ရမှာလို့ ပြောပါတယ် ဟုတ်ပါသလား ပါတဲ့

               သူ့ဆီက စီရင်ချက်မိတ္တူကိုကြည့်တော့ တရားလိုက ရောင်းကြေးကျန်ငွေ ပေးစေပြီး အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ပြုလုပ်ချုပ်ဆိုပေးဖို့နဲ့

အရောင်းအဝယ်ပြုလုပ်တဲ့ မြေနဲ့အဆောက်အဦ လက်ရောက်ရဖို့ စွဲဆိုရာမှာ စာချုပ်ပါပဋိညာဥ်တခုဖြစ်တဲ့ ပေးထားတဲ့ရောင်းကြေးရဲ့ ၂ဆ ကို တရားပြိုင်ကပေးစေဖို့

ဒီကရီချထားတာပါ

                မူလရုံး တရားလိုက မြေနဲ့အဆောက်အဦကို အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်စေပြီး လက်ရောက်ပေးအပ်ဖို့ ဒီကရီချမှတ်မပေးတဲ့အတွက် မကျေနပ်တာပါ 

                 တိုင်းလွှတ်တော် ဝန်ထမ်းက ပြောတာက တရားလိုက အနိုင်ရထားတာဖြစ်တဲ့အတွက်  အယူခံဝင်လို့မရပါဘူးတဲ့

                တရားမမှုခင်းတွေမှာ မူလရုံးရဲ့ဒီကရီအပေါ် အယူခံဝင်ခွင့်ကို တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၉၆ ၊ အယူခံရုံးရဲ့ ဒီကရီအပေါ် အယူခံဝင်ခွင့်ကို ပုဒ်မ ၁၀၀ မှာပြဌာန်းထားပါတယ် ပြင်ဆင်မှုရုံးကချမှတ်တဲ့ ဒီကရီကိုတော့ အယူခံဝင်ရမယ် ပြင်ဆင်မှုဝင်ရမယ် ၊ အယူခံဝင်ခွင့်မရှိဘူး ပြင်ဆင်မှုတက်ရောက်ခွင့်မရှိဘူးလို့ တရားမကျင့်ထုံးဥပဒေမှာ ပြဌာန်းမထားပါဘူး  အဲဒီတော့ ပြင်ဆင်မှုရုံးကချမှတ်တဲ့ဒီကရီကို အယူခံဝင်ခွင့်ကတော့ တရားစီရင်ရေးဥပဒေအရဘဲ တက်ရောက်ရမှာဖြစ်ပါတယ်

               ဒီကရီချမှတ်တဲ့ အမှုရဲ့တန်ဖိုးဟာ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၂ ၊ ၁၁၀ အရသတ်မှတ်တဲ့တန်ဖိုးထက် နည်းမယ်ဆိုရင်တော့ အယူခံမဝင်နိုင်ဘဲ ပြင်ဆင်မှုသာလျှောက်ထားနိုင်မှာဖြစ်ပါတယ်

            တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆ ၊ ၁၀၀ ၊ ၁၀၉ နဲ့

အမိန့် ၄၁ တို့မှာ ဘယ်သူကသာ အယူခံဝင်ရောက်ရမယ်

ဘယ်သူက အယူခံမဝင်ရောက်နိုင်ဘူး စသဖြင့် ပြဌာန်းမထားပါဘူး

             ပုဒ်မ ၉၆(၁)မှာ မူလရုံးကချမှတ်တဲ့ဒီကရီကို အဲဒီရုံးကဆုံးဖြတ်ချက်အပေါ် အယူခံရုံးမှာ အယူခံဝင်ခွင့်ရှိကြောင်းသာ ပြဌာန်းထားပါတယ် မူလရုံးတရားလိုက ဘယ်လိုကိစ္စမျိုးမှာ အယူခံဝင်နိုင်တယ် ၊ မူလရုံးတရားပြိုင်က ဘယ်လိုကိစ္စမျိုးမှာ အယူခံဝင်နိုင်တယ်လို့

ကန့်သတ်ပိုင်းခြားထားတာ မပါရှိပါဘူး

              ပုဒ်မ ၁၀၀ မှာ မူလမှုရဲ့တန်ဖိုးသတ်မှတ်ချက်ထက် ပိုမိုတဲ့ အယူခံရုံးရဲ့ဆုံးဖြတ်ချက်ဟာ (က)(ခ)(ဂ)ပါအချက်တခုခုနဲ့မညီရင် တရားလွှတ်တော်ကို ထပ်မံအယူခံဝင်နိုင်ကြောင်းသာ ပြဌာန်းထားပါတယ်

            အယူခံတရားလိုက ဒါမှမဟုတ် အယူခံတရားပြိုင်ကသာ အယူခံထပ်မံဝင်ရောက်နိုင်တယ်လို့ ခွဲခြားပြဌာန်းမထားပါဘူး

              ပုဒ်မ ၁၀၉(က)(ခ)မှာ တရားလွှတ်တော်က အယူခံစီရင်ပိုင်ခွင့်အာဏာ ၊ မူလစီရင်ပိုင်ခွင့်အာဏာ ကျင့်သုံးချမှတ်တဲ့ ဒီကရီ ဒါမှမဟုတ် အပြီးသတ်အမိန့် အပေါ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံဝင်နိုင်ကြောင်းသာ ပြဌာန်းထားပါတယ်

                တရားလို ၊ တရား​ပြိုင် ၊ အယူခံတရားလို ၊ အယူခံတရားပြိုင်က အယူခံဝင်ရောက်ရမယ်လို့ ပြဌာန်းမထားပါဘူး

                ဘယ်သူကဘယ် အ​​​​​ခြေအနေမျိုးမှာ အယူခံဝင်ရောက်နိုင်တယ် ဘယ်သူကဘယ်အခြေအနေမျိုးမှာ

အယူခံမဝင်ရောက်နိုင်ဘူးဆိုတာ စီရင်ထုံးတွေက သတ်မှတ်ခဲ့တာဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်

                 ဦးစောဖေသန်း နှင့် မန်နေဂျာ၊ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်(၄)၊၁၉၉၁၊မ-တ-စ၊စာ-၅၉(၆၁) စီရင်ထုံးမှာ အယူခံခွင့်ဟာ သဘာဝအလျောက်တည်ရှိနေတဲ့အရာ မဟုတ်ကြောင်း ၊ အတိအလင်းပြဌာန်းချက်ရှိမှ အယူခံခွင့်ရှိကြောင်း ၊ တရားမကျင့်ထုံးဥပဒေပုဒ်မ ၉ မှာ နစ်နာမှုကိုကုစားဖို့ တရားစွဲဆိုခွင့်ပြုထားတာဖြစ်တဲ့အတွက် နစ်နာမှ

အယူခံဝင်နိုင်ကြောင်း ဒါရာဘိုင်ဂျီဝန်ဒတ်စ် နှင့် အေ၊အမ်၊အမ်၊မုရုဂပ္ပါးချစ်တီးရား ၊ ရန်ကုန် အတွဲ-၁၃ ၊စာ-၄၅၇(စုံညီ) စီရင်ထုံးကိုရည်ညွှန်းပြီး သုံးသပ်ထားပါတယ်  

                အမှုနိုင်တဲ့သူတွေဟာ သူတို့ကိုအရှုံးပေးထားတဲ့ ငြင်းချက်များနဲ့ပတ်သက်လို့ အယူခံဝင်ခွင့် မရှိသလို တန်ပြန်ကန့်ကွက်လွှာလည်း တင်သွင်းခွင့်မရှိဘူးလို့ ဒေါ်ခင်ညွန့်ပါ-၂/ဒေါ်ခင်သန်း နှင့် ဒေါ်ခင်သန်း/ဒေါ်ခင်ညွန့်ပါ-၂၊

၁၉၈၅ ၊ မ-တ-စ ၊ စာ- ၅၅ စီရင်ထုံးမှာ ဆုံးဖြတ်ထားပါတယ်

                 တရားစွဲဆိုတာ အမှုပလပ်လို့ အနိုင်ရတဲ့တရားပြိုင်ဟာ အမှုကို လုံးလုံးလျားလျားအနိုင်ရတာကြောင့် သူ့ကိုထိခိုက်စေတဲ့ ငြင်းချက်အဆုံးအဖြတ်  နဲ့ပတ်သက်လို့ မကျေနပ်ပေမဲ့ အယူခံဝင်ခွင့်မရှိကြောင်း

တဘက်က အယူခံဝင်ရင်တော့ အဲဒီငြင်းချက်အဆုံးအဖြတ် မှားယွင်းတယ်လို့သာ တင်ပြခွင့်ရှိကြောင်း

ဒေါ်ဂိုဒါဝရီဒေဗွီပါ-၆ နှင့် ရှန်တီဒေဗွီ ၊ ၁၉၈၄ ၊မ-တ-စ ၊စာ-၉၁ စီရင်ထုံး ၊ ဒေါ်တင်နွဲ့ နှင့် ဒေါ်ထွေး ၊၁၉၈၃ ၊ မ-တ-စ၊စာ-၃၂ စီရင်ထုံးမှာ ဆုံးဖြတ်ထားပါတယ်  

                အထူးအယူခံစီရင်ထုံးဖြစ်တဲ့ ဦးစောကနေဒီပါ-၂ နှင့် ဦးလောရင့်မွှန်း ၊ ၂၀၀၁ ၊ မ-တ-စ ၊ စာ- ၁၄၃ (အထူးအယူခံ) စီရင်ထုံးမှာ အယူခံဝင်တာနဲ့ပတ်သက်တဲ့ဥပဒေသဟာ အမှုသည်တဦးဦးကို အပြီးအပြတ်အနိုင်ပေးတဲ့အမိန့်ဖြစ်ရင် အယူခံဝင်ခွင့်မရှိဘူး တောင်းဆိုတဲ့ သက်သာခွင့်တွေအနက် တစိတ်တဒေသသာရရင် မရတဲ့သက်သာခွင့်တွေအတွက် အယူခံဝင်ရောက်နိုင်တယ်လို့

ဆုံးဖြတ်ပါတယ်

            မူလရုံးတရားလိုကို အနိုင်ပေးပေမဲ့ တောင်းဆိုတဲ့သက်သာခွင့် အပြည့်အဝမရတာကြောင့်

အယူခံဝင်ရောက်ရမှာဖြစ်ကြောင်း နဲ့ တိုင်းလွှတ်တော်က

ဝန်ထမ်းအနေနဲ့ အမှုနိုင်ရင် အယူခံဝင်လို့မရဘူးလို့ ယေဘုယျသာ မှတ်ထားတာဖြစ်မယ်ထင်ကြောင်း ပြောပြလိုက်ပါတယ်

Comments