အဆိုအချေဆိုင်ရာ သိမှတ်ဖွယ်ရာ

 အဆိုလွှာတွင် ရုံးခွန်ထမ်းဆောင်ခြင်း

အဆိုလွှာတွင် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ရုံးခွန်အလို့ငှာ အမှုတန်ဖိုးကို ဖော်ပြရသည်။

(အမိန့် ၇၊ နည်း ၁)


စွဲဆိုသည့်အမှုတန်ဖိုးအပေါ်ဖြစ်စေ၊ အမှုတန်ဖိုး တိတိကျကျ သတ်မှတ်၍ မရသော အမှုမျိုးတွင်ဖြစ်စေ အမှုအမျိုးအစားအလိုက် ရုံးခွန် အက်ဥပဒေနှင့်အညီ ရုံးခွန်ထမ်းဆောင်ရသည်။ အဆိုလွှာတွင် ရုံးခွန် လုံလောက်စွာ ထမ်းဆောင်မထားပါက လိုအပ်သောရုံးခွန်တံဆိပ်ခေါင်း ကို ထပ်မံထမ်းဆောင်ရန် တရားရုံးက အချိန်သတ်မှတ်ပေးမည်ဖြစ်သည်။ ဤသို့ သတ်မှတ်သည့်အချိန်အတွင်း ထပ်မံထမ်းဆောင်ရန် ပျက်ကွက်ပါက အမိန့် ၇၊ နည်း ၁၁ အရ အဆိုလွှာပယ်ခြင်းခံရမည် ဖြစ်သည်။ (အဆိုလွှာပယ်ခြင်းသည် ပလပ်ခြင်းမဟုတ်သဖြင့် အမိန့် ၇၊ နည်း ၁၃ အရ ယင်းအမှုကို ပြန်လည်စွဲဆိုနိုင်သည်။)


ရုံးခွန်အက်ဥပဒေ၏ ရည်ရွယ်ချက်မှာ တစ်ဖက်အမှုသည်အပေါ် လက်နက်သဖွယ် အသုံးပြုရန်မဟုတ်ဘဲ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိရန် ဖြစ်သည်။

(ချစ်တီးနတ်လီမိတက်ဘဏ် နှင့် ဦးတော်၊ ၁၉၅၇၊ မတစ၊ လွှတ်တော်ချုပ်၊ ၅၆)


ကြားကာလ အမြတ်အစွန်းရလိုမှုနှင့် စာရင်းရှင်းလင်းပေးစေလိုမှုများတွင် ဒီကရီကျငွေသည် တောင်းဆိုသောငွေထက် ပိုနေပါက ထိုပိုသော ငွေအတွက် ရုံးခွန်ထပ်မံမထမ်းဆောင်လျှင် ဒီကရီကို အတည်ပြုခွင့်မရပေ။ (ရုံးခွန်အက်ဥပဒေပုဒ်မ ၁၁)။ သို့အတွက် အဆိုပါအမှုများ စွဲဆိုသည့်အခါ တရားစွဲဆိုသည့်နေ့အထိ ရရန်ရှိသည့်ငွေများကို အမှုတန်ဖိုး အဖြစ် ဖော်ပြ၍ ရုံးခွန်ထမ်းဆောင်ထားပြီး ဒီကရီကျငွေက ပိုမိုချမှတ် ပါက ရုံးခွန်ထပ်မံထမ်းဆောင်ပါမည့်အကြောင်း အဆိုလွှာတွင်ဖော်ပြပေးကြသည်။


တရားပြိုင်သည် အမိန့် ၂၁၊ နည်း ၁၃ အရ အမွေဝေစုရရှိလျှင် ရုံးခွန်ထမ်းဆောင်ရသည်။

(ဦးဖိုးမြနှင့် ဘုန်းတော်ကြီး ရီယိုဖရက်၊ ၁၉၃၉၊ ရန်ကုန်၊ ၁၃၄)


ရုံးခွန်နှင့်ပတ်သက်၍ မူလမှုတွင် ကန့်ကွက်ခဲ့ခြင်း မရှိပါက ဇာရီမှုတွင် ရုံးခွန်ကိစ္စ အရေးဆိုပိုင်ခွင့်မရှိ။

(ဦးကိုကြီးနှင့် ဒေါ်ပေ၊ ၁၉၇၆၊ မတစ၊ ၄)


အဆိုလွှာ၌ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည့် နေရာနှင့် ရုံးခွန်တံဆိပ်ခေါင်းကပ်နည်း

အဆိုလွှာ လျှောက်လွှာ၏ ပထမစာမျက်နှာအထက်ပိုင်းတွင် ရုံးခွန်တံဆိပ်ခေါင်းကပ်ရန်အလို့ငှာ (၄)လက်မခန့် ကွက်လပ်ချန်လှပ်ထားရမည်။ စာရွက်နံဘေးကွက်လပ်တွင် ရုံးခွန်တံဆိပ်ခေါင်း မကပ်ရ။ ကပ်လျက်ပါလျှင် တရားရုံးက လက်မခံရ။ ပြန်လည်ကပ်ရန် အမှုသည်ကို ပြန်ပေးရမည်။

(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)


ရုံးခွန်တံဆိပ်ခေါင်းများကို ရနိုင်သရွေ့ အမြင့်ဆုံးတန်ဖိုးရှိ တံဆိပ်ခေါင်းများကို အသုံးပြုရမည်။ ရုံးခွန်တံဆိပ်ခေါင်းများတစ်ခု အပေါ်တစ်ခု ထပ်အောင် ကပ်ခြင်း မပြုရ။ ထပ်၍ ကပ်ပါက ရုံးက ခွင့်မပြုရ။

(တရားရုံးများလက်စွဲ အပိုဒ်-၉၀)


တရားရုံးက ရုံးခွန်တံဆိပ်ခေါင်းအစား ငွေသားကို လက်ခံယူခြင်း မပြုရ။ လက်ခံရယူသည့် အလေ့အထလည်း မရှိစေရ။ စာရေးများသည် ရုံးခွန်တံဆိပ်ခေါင်းများကို လက်ခံယူသည့်အခါ ရရှိကြောင်း ပြေစာလက်မှတ်ပေးရမည်။

(တရားရုံးများလက်စွဲ အပိုဒ်-၉၀ နှင့် ၁၀၃၀)


၁၉၉ဝ ပြည့်နှစ်၊ ရုံးခွန်အက်ဥပဒေ ပြင်ဆင်ချက်အရ ရုံးခွန် အများဆုံး ၁၅ဝဝဝဝိ/- ကျပ်အထိ သတ်မှတ်ထားသဖြင့် ယင်းအမှုမျိုးအတွက် ရုံးခွန်နှိပ်တံဆိပ်ခေါင်းများဖြင့် သီးခြားထမ်းဆောင်နိုင်သည်။ ယင်းကဲ့သို့ သီးခြားရုံးခွန်ထမ်းဆောင်သည့် ရုံးခွန်တံဆိပ်ခေါင်းစာရွက် အသီးသီးတွင် အဆိုလွှာခေါင်းစီး၌ ဖော်ပြသကဲ့သို့ ရုံးအမည်။ တရားမကြီးမှုအမှတ်၊ အမှုသည်အမည်၊ အမှုသည်များကို ရေးသား၊ ရိုက်နှိပ်ထားပြီး ရုံးခွန်တန်ဖိုး မည်မျှထမ်းဆောင်ပါကြောင်း ဖော်ပြ၍ အမှုသည် သို့မဟုတ် ရှေ့နေက လက်မှတ်ထိုးထားရန် လိုမည်ဖြစ်သည်။


အဆိုလွှာ၊ ချေလွှာနှင့်အတူ ဆင့်ဆိုရန် လိပ်စာတင်သွင်းခြင်း

အဆိုလွှာ၊ ချေလွှာတို့တွင် အမိန့် ၆၊ နည်း ၃ နှင့် အမိန့် ၇၊ နည်း ၁ တို့အရ အဆိုလွှာ၊ ချေလွှာတို့တွင် တရားလို၊ တရားပြိုင်တို့၏ နေရပ်လိပ်စာများ ဖော်ပြရသည့်အပြင် တရားလိုသည် အဆိုလွှာ တင်သွင်းသည့်အခါ မိမိအား .ဆင့်ဆိုရန် လိပ်စာဖော်ပြထားသည့် သီးခြားစာတွဲ (a proceeding stating his address for service) (တစ်နည်းအားဖြင့် ၎င်းအားဆင့်ဆိုရန် လိပ်စာသီးခြားလျှောက်လွှာ)ကို တစ်ပြိုင်တည်းတင်သွင်းရမည်။

(အမိန့် ၅၊ နည်း ၂ဝ-က(၁))


ထို့အတူ လာရောက်ခုခံမည့် တရားပြိုင်က ၎င်းအား တရားရုံးသို့ လာရောက်၍ ချေလွှာတင်ရန် ဆင့်ဆိုသည့်နေ့ သို့မဟုတ် ထိုနေ့မတိုင်မီ မိမိအား ဆင့်ဆိုရန် လိပ်စာဖော်ပြထားသည့်လျှောက်လွှာ၊ စာတွဲကို တင်ရမည်။

(အမိန့် ၅၊ နည်း ၂ဝ-က(၂))


တရားလိုက မိမိအား ဆင့်ဆိုရန် လိပ်စာတင်သွင်းရန် ပျက်ကွက်လျှင် အဆိုလွှာကို ပလပ်ခြင်းခံရမည်။ ထို့အတူ တရားပြိုင်က မိမိအား ဆင့်ဆိုရန် လိပ်စာတင်သွင်းရန် ပျက်ကွက်လျှင် ချေလွှာကို ပလပ်ခြင်းခံရမည်။ ထိုသို့ လိပ်စာတင်ရန် ပျက်ကွက်သော အမှုသည် အပေါ် ယင်းသို့သော ပလပ်သည့်အမိန့်ချပေးရန် တစ်ဖက်က လျှောက်ထားနိုင်သည်။ ယင်းသို့ လျှောက်ထားချက်အပေါ် တရားရုံးက သင့်လျော်မျှတသည့် အမိန့်ချမှတ်ပေးနိုင်သည်။

(အမိန့် ၅၊ နည်း ၂၀-က(၄))


အဆိုအချေများတွင် လိပ်စာများဖော်ပြထားသည်ကို အကြောင်းပြုပြီး အမိန့် ၅၊ နည်း ၂၀-က အရ ဆင့်ခေါ်ရန် လိပ်စာဖော်ပြရန် မလိုဟု မှားယွင်းယူဆတတ်ကြသည်။ အဆိုတွင် အမိန့် ၇၊ နည်း ၁(ခ)နှင့် (ဂ)အရ တရားလိုနှင့် တရားပြိုင်အသီးသီး၏ နေရပ်ကို ဖော်ပြရသည်မှန်သော်လည်း အမိန့် ၅၊ နည်း ၂ဝ-ကတွင် ဆင့်ခေါ်ရန် လိပ်စာကို ရည်ညွှန်းထားကြောင်း တွေ့ရပေလိမ့်မည်။ ယင်းပြဋ္ဌာန်းချက်များကို တိတိကျကျလိုက်နာမည်ဆိုပါက ဆင့်ခေါ်ရန်လိပ်စာကို သီးခြားစာတွဲ (ဆိုလိုသည်မှာ သီးခြားစာရွက်)တွင် ဖော်ပြရန် ဖြစ်သည်။ အချို့က အဆိုအချေပါအမှုသည်များ၏ နေရပ်ကို ညွှန်း၍ အမိန့် ၅၊ နည်း ၂ဝ-က အလို့ငှာ ဆင့်ခေါ်ရန်လိပ်စာဖြစ်ကြောင်း အဆိုအချေမှာပင် တစ်ပါတည်းဖော်ပြကြသည်ကို တွေ့ရသည်။ ဤနည်းဖြင့် အမိန့် ၅၊ နည်း ၂ဝ-ကပါ ပြဋ္ဌာန်းချက်များကို စတိသဘော လိုက်နာကြသည်။ တရားရုံးများက အမှုသည်များ၏ လိပ်စာကို အမိန့် ၅၊ နည်း ၂ဝ-က တွင် အတိအလင်းသတ်မှတ်ထားသည့်အတိုင်း သီးခြားစာတွဲဖြင့် တင်သွင်းစေရန်အတွက် ကြီးကြပ်ကွပ်ကဲကြရန် လိုအပ်ကြောင်း နှိုးဆော်လိုက်သည်။


မူလရုံးတရားပြိုင်တို့သည် အမိန့် ၅၊ နည်း ၂၀-က(၂)အရ လိုအပ်သည့်လိပ်စာကို တရားရုံးတွင် တင်သွင်းရန် ပျက်ကွက်ခဲ့ကြခြင်းဖြစ်သည်။ တရားမကျင့်ထုံးဥပဒေ အမိန့် ၅၊ နည်း ၂ဝ-က ကို ပြဋ္ဌာန်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ယင်းပြဋ္ဌာန်းချက်ကို အမှုသည်များ၊ ရှေ့နေများ၊ တရားသူကြီးများ ကောင်းစွာ လေ့လာကြဟန် မတူချေ။ နည်း ၂ဝ-က(၂) အရဆိုလျှင် အမှုကို ဆိုင်ပြိုင်ရန် ရည်ရွယ်သူတရားပြိုင် သို့မဟုတ် အယူခံတရားပြိုင် သို့မဟုတ် လျှောက်ထားခံရသူသည် ရုံးခေါ်စာ သို့မဟုတ် နို့တစ်စာ၌ ဖော်ပြထားသော ရုံးချိန်းနေ့မတိုင်မီဖြစ်စေ၊ ယင်းနေ့တွင်ဖြစ်စေ မိမိအား ဆင့်ဆိုရန်လိပ်စာကို တင်သွင်းရမည် ဖြစ်သည်။

(မောင်သာဌေးပါ-၄ နှင့် ဦးခင်မောင်မြင့်၊ ၁၉၈၉၊ မတစ၊ ၇၈ (၈၀) (၈၁))


တရားပြိုင်က ၎င်းအား ဆင့်ဆိုရန် လိပ်စာမတင်သွင်းသဖြင့် လိပ်စာတင်ရန် တရားရုံးက ၃ ကြိမ်ညွှန်ကြားသော်လည်း မတင်သွင်းသည့်အပြင် ရုံးချိန်းတစ်ချိန်း၌ လိပ်စာတင်သည့်လျှောက်လွှာတင်သော်လည်း တရားလိုဘက်မှ ကန့်ကွက်သဖြင့် ၎င်း၏လျှောက်လွှာကို မတင်လိုတော့ကြောင်းနှင့် ၎င်းတွင် ကုစားရန် အခြားနည်းရှိကြောင်း ရှေ့နေက ပြောပြီး ပြန်ယူသွားသည်။ ဤပျက်ကွက်မှုမှာ ဥပဒေပါ ပြဋ္ဌာန်းချက်ကို မလိုက်နာရာကျသည့်အပြင် တရားရုံးကို မထီလေးစားပြုရာရောက်သဖြင့် ချေလွှာကို ပလပ်သည့်အမိန့်မှာ မှန်ကန်သည်။

(ဦးကြီးစိန် (ခ) ဝူချီစင်းနှင့် ဦးလှမြိုင်၊ တရားမပြင်ဆင်မှုအမှတ်- ၃၅၁/၉၄ (၁၅-၂-၉၅))။         ။ 


-----------


အဆိုအချေဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)

အဆိုအချေများမှ ထုတ်ပယ်ခြင်း


အမိန့်-၆၊ နည်း ၁၆

တရားရုံးသည် အမှုတွင် မည်သည့်အဆင့်၌မဆို အဆိုအချေ တစ်ရပ်ရပ်ပါ လိုအပ်မည်မဟုတ်သော သို့မဟုတ် အသရေပျက်စေမည် ဖြစ်သော သို့မဟုတ် အမှုကို မျှတစွာ စစ်ဆေးစီရင်ရာတွင် ထိခိုက်မှုကိုသော်လည်းကောင်း၊ အနှောင့်အယှက်သော်လည်းကောင်း၊ ကြန့်ကြာမှု သော်လည်းကောင်း ဖြစ်စေနိုင်သော မည်သည့်အကြောင်းအရာကိုမဆို ထုတ်ပယ်ရန် သို့မဟုတ် ပြင်ဆင်ရန် အမိန့်ချမှတ်နိုင်သည်။


လိုအပ်မည်မဟုတ်သော

ယေဘုယျအားဖြင့်ဆိုလျှင် အဆိုအချေ သို့မဟုတ် စွပ်စွဲချက်များသည် မလိုအပ်ကာမျှဖြင့် အသရေပျက်စေခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်း (ကသိကအောက်ဖြစ်စေခြင်း) မရှိလျှင် ဤနည်းဥပဒေအရ ပယ်ဖျက်ရန် မဟုတ်။

(အထက်ပါကျမ်း၊ စာ-၂၂၃၈)


အဆိုအချေများတွင် မလိုအပ်သည့်အပြင် တရားပြိုင်အပေါ် မရိုးသားသော အပြုအမူများ စွပ်စွဲထားလျှင်ဖြစ်စေ၊ တရားပြိုင်အား သို့မဟုတ် တရားရုံးအား အမှုစစ်ဆေးစီရင်ရာတွင် အနှောင့်အယှက် ဖြစ်စေလျှင်ဖြစ်စေ ထုတ်ပယ်ပစ်ရန် အမိန့်ချမှတ်မည်ဖြစ်သည်။

(အေအိုင်၊ ၁၉၅၃၊ တီစီ၊ ၅၂၄)၊ (အထက်ပါကျမ်း၊ စာ ၂၂၃၀)၊ (အေအိုင်အာ၊ ၁၉၅ဝ၊ ပတ္တနာ၊ ၃၆၄)


တစ်ဖက်တွင် အဆို သို့မဟုတ် အချေသည် မလိုအပ်ဘဲရှည်လျားနေလျှင်ဖြစ်စေ၊ လျှောက်လဲသည့်သဘောဖြစ်လျှင်ဖြစ်စေ လုံးဝ မစပ်ဆိုင်သော သို့မဟုတ် နားမလည်နိုင်သော အကြောင်းအရာများ ပါရှိလျှင်ဖြစ်စေ ဤနည်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည်။

(အိန္ဒိယအမှုများ၊ အတွဲ-၁၁၄၊ စာ-၉၀၆)၊ (အထက်ပါကျမ်း၊ စာ ၂၂၃၈)


အသရေပျက်စေခြင်း


တရားပြိုင်အပေါ် မရိုးသားသော အပြုအမူကို အဆို၌ စွပ်စွဲထားသော်လည်း ထိုအကြောင်းအရ သက်သာခွင့်တောင်းဆိုထားခြင်း မရှိလျှင် ယင်းစွပ်စွဲချက်များကို အသရေပျက်စေပြီး အနှောင့်အယှက် ဖြစ်စေသည့်အနေဖြင့် ပယ်ဖျက်မည်ဖြစ်သည်။ (အထက်ပါကျမ်း၊ စာ ၂၂၃၉) မယားက လင်အပေါ် ထိမ်းမြားမှုဆိုင်ရာ စီမံမှုကို ပြင်ဆင်ပေးရန် စွဲဆိုရာ၌ တရားပြိုင်သည် ကလေးမတစ်ဦးအား ဗလက္ကာရပြုသဖြင့် တရားလိုသည် ၎င်းနှင့်အတူနေရန် ငြင်းပယ်ခဲ့ကြောင်း စွပ်စွဲချက်သည် အသရေပျက်စေသည်ဖြစ်၍ ပယ်ဖျက်ရန် အမိန့်ချမှတ်သည်။

(အထက်ပါကျမ်း၊ စာ-၂၂၃၉)


အောက်ရုံးတရားသူကြီး ဘက်လိုက်ကြောင်း အယူခံလွှာပါ စွပ်စွဲချက်ကို တရားလွှတ်တော်က ပယ်ဖျက်သည်။

(မဒရပ်၊ အတွဲ ၂၂၊ စာ-၁၅၅)


တစ်ဖက်တွင် အသရေပျက်စေသည်ဆိုသော အဆိုအချေပါ စွပ်စွဲချက်သည် အမှုတွင် ထုတ်ထားသော ငြင်းချက် သို့မဟုတ် ငြင်းချက်များအနက် တစ်ခုနှင့်စပ်ဆိုင်လျှင် သို့မဟုတ် လိုအပ်လျှင် ပယ်ဖျက်ခြင်းမပြုနိုင်။

(အထက်ပါကျမ်း၊ စာ-၂၂၃၉)


မျှတစွာစစ်ဆေးစီရင်ရာတွင် ထိခိုက်မှု (သို့မဟုတ်) အနှောင့်အယှက် ဖြစ်စေခြင်း


အမှုတွင် အသုံးပြုခွင့်မရှိသော တောင်းဆိုချက် သို့မဟုတ် ထုချေချက်မပြတ်သားသော သို့မဟုတ် နားမလည်နိုင်သော အဆိုအချေ၊ မထင်မရှား၊ မလိုအပ်သော သို့မဟုတ် စပ်ဆိုင်မှုမရှိသည့် အဆိုပြုချက်များပါ အဆိုလွှာသည် အနှောင့်အယှက်ဖြစ်စေသည်ဖြစ်၍ ထုတ်ပယ်နိုင်သည်။

(အထက်ပါကျမ်း-၂၂၄ဝ)

(အေအိုင်အာ၊ ၁၉၅၅၊ ဗာရားလွှတ်တော်ချုပ်၊ ၆၁၀)


တရားရုံး၏ လုပ်ပိုင်ခွင့်


တရားရုံးသည် နည်း ၁၆ တွင် အကျုံးဝင်သော စွပ်စွဲချက်များကို မိမိသဘောအလျောက် ထုတ်ပယ်နိုင်သည်။

(အေအိုင်အာ၊ ၁၉၁၀၊ မဒရပ်၊ ၆၈၁)


ဤနည်းဥပဒေအရ ထုတ်ပယ်ခွင့် သို့မဟုတ် ပြင်ဆင်ခွင့်အာဏာကို တရားရုံးက မိမိသဘောအတိုင်း သုံးစွဲရန် ဖြစ်၍ အထူး သတိကြီးစွာဖြင့် ကျင့်သုံးရမည်။

(အေအိုင်အာ၊ ၁၉၅၁၊ နဂ္ဂပူး၊ ၄၁၂)


အဆိုအချေများကို ပြင်ဆင်ခြင်း


နည်း ၁၇ တရားရုံးသည် အမှုတွင် မည်သည့်အဆင့်၌မဆို တရားမျှတသောနည်းလမ်းနှင့် စည်းကမ်းချက်များ သတ်မှတ်၍ တစ်ဖက်ဖက်သော အမှုသည်အား အဆိုအချေများကို ပြောင်းလဲရန် သို့မဟုတ် ပြင်ဆင်ရန် ခွင့်ပြုနိုင်သည်။ ထို့ပြင် အမှုသည်တို့အကြား အငြင်းပွားသည့် ပြဿနာအမှန်ကို ဆုံးဖြတ်ရန်ကိစ္စအလို့ငှာ လိုအပ်သည့် ပြင်ဆင်ချက်များအားလုံးကိုလည်း ပြုလုပ်ရမည်။


ပြင်ဆင်ခြင်းအမျိုးမျိုး


တရားမကျင့်ထုံးဥပဒေတွင် ပြင်ဆင်ချက်ငါးမျိုးကို ပြဋ္ဌာန်းထားသည်။

(က) ပုဒ်မ-၁၅၂ (စီရင်ချက် အစရှိသည်တို့ကို ပြင်ဆင်ခြင်း)

(ခ) ပုဒ်မ-၁၅၃ (အမှုတွင် ဆောင်ရွက်ချက်များကို ပြင်ဆင်ခြင်း)

(ဂ) အမိန့် ၁၊ နည်း ၁၀ (၂) (အမှုသည်များ ထုတ်ပယ်ခြင်းနှင့် ထည့်သွင်းခြင်း)

(ဃ) အမိန့် ၆၊ နည်း ၁၆ (ဆန့်ကျင်ဘက်အမှုသည်၏ အဆိုအချေကို ပြင်ဆင်ခြင်း)

(င) အမိန့် ၆၊ နည်း ၁၇ (မိမိ၏ အဆိုအချေကို ပြင်ဆင်ခြင်း)


ပြင်ဆင်ခွင့်ပေးခြင်း


ယေဘုယျဥပဒေသမှာ အဆိုအချေကို ပြင်ဆင်ခြင်းဖြင့် တစ်ဖက်အမှုသည်အား ငွေကြေးဖြင့် ထေ၍ မရနိုင်သော နစ်နာမှု မပေါ်ပေါက်လျှင် အဆိုအချေတွင် အမှုသည်များအကြား အမှန်တကယ် အငြင်းပွားမှု ပေါ်လွင်လာစေရန် အဆိုအချေတို့ကို ပြင်ဆင်ခွင့်ပေးသင့်သည်။

(အေအက်စ်၊ မွတ်တန်နှင့် အိုင်အမ်မဒါး၊ ၁၉၄၉၊ မတစ၊ ၄၈၄ (တရားလွှတ်တော်))


မူလပျက်ကွက်မှုသည် ပေါ့ဆမှု သို့မဟုတ် ဂရုမစိုက်မှုမှ ပေါ်ပေါက်ရသည်မှာ အဓိကမဟုတ်၊ ပထမပျက်ကွက်မှုသည် မည်မျှပင် ပေါ့ဆမှုကြောင့်ဖြစ်စေကာမူ သို့မဟုတ် မည်မျှပင် ဂရုမစိုက်မှု ကြောင့်ဖြစ်စေကာမူ တစ်ဖက်ကို မတရားမှုမဖြစ်စေပါက ခွင့်ပြုသင့်သည်။ တစ်ဖက်ကို တရားစရိတ်ပေးလျော်စေခြင်းဖြင့် ထေနိုင်ပါက မတရားမှု မဖြစ်စေနိုင်။

(အေအိုင်အာ၊ ၁၉၅၄၊ ပတ္တနာ၊ ၄၃၉)


တရားစရိတ်သည် လုံလောက်သော လျော်ကြေးမဟုတ်လျှင် ပြင်ဆင်ချက်ကို ငြင်းပယ်ရန် ဖြစ်သည်။

(အေအိုင်အာ၊ ၁၉၅၆၊ အာသံ၊ ၇၉)


ပြင်ဆင်လိုသော မှားယွင်းချက်သည် မတော်တဆမှားယွင်းမှု ဟုတ်၊ မဟုတ်သည် အဓိကမဟုတ်၊ မတော်တဆ အမှားများကိုသာ ပြင်ဆင်နိုင်သည်ဟု ကန့်သတ်ထားခြင်းမရှိ။ ဥပဒေအကြောင်းအရ ဖြစ်စေ၊ အကြောင်းခြင်းရာအရဖြစ်စေ၊ သဘောရိုးဖြင့် မှားယွင်းချက်များ၏ အကျိုးသက်ရောက်မှုများကို ကျော်လွှားနိုင်စေရန်အလို့ငှာ သင့်တော်သော အမှုများတွင် အဆိုအချေကို ပြင်ဆင်ခွင့်ပြုသင့်သည်။ ယင်းမှားယွင်းမှုများကြောင့်ဖြစ်ပေါ်စေသော ပျက်ကွက်မှုများ သို့မဟုတ် တင်ပြချက်များကို တမင်သက်သက်ပြုလုပ်သည်၊ မပြုလုပ်သည် ပဓာန မဟုတ်။

(ကေအီးအေကေ အာမက်ဆာဟစ်ကုမ္ပဏီနှင့် ကေအမ်အဒမ်ဆာ၊ ရန်ကုန်၊ အတွဲ-၂၊ စာ-၆၆)


“အမှုသည်တို့အကြား အငြင်းပွားသည့်ပြဿနာအမှန်ကို ဆုံးဖြတ်ရန်ကိစ္စအလို့ငှာ လိုအပ်သည့် ပြင်ဆင်ချက်အားလုံးကို ပြုလုပ်နိုင်သည်”ဟု နည်းဥပဒေက ဆိုသည်။ သို့ဖြစ်ရာ ငွေပေးကတိစာချုပ်ကို အခြေခံ၍ စွဲဆိုသော အမှုတွင် မူလအဖိုးစားနားအတွက် ပြောင်းလဲစွဲဆိုနိုင်ရန် တရားလိုသည် အဆိုလွှာကို ပြင်ဆင်နိုင်သည်။

(မောင်ရွှေမြတ်နှင့် မောင်ဘိုးဆင်၊ ရန်ကုန်၊ အတွဲ-၃၊ စာ ၁၈၃(စုံညီ))


(ဥပမာ- ငွေပေးကတိစာချုပ်မှာ သက်သေခံမဝင်ကြောင်း သတိမထားဘဲ စွဲဆိုရာမှ သက်သေခံမဝင်ကြောင်း တွေ့ရှိရသည့်အခါ စာချုပ်အပေါ် မှီငြမ်းခြင်းမပြုတော့ဘဲ ချေးငွေကို ရလိုကြောင်း ပြင်ဆင်ခြင်း)။ ကာလစည်းကမ်းသတ်မှတ်ကျော်လွန်ခြင်းမှ ကင်းလွတ်ခွင့်ရရန် အကြောင်းပြချက်တစ်ရပ်အစား အခြားတစ်ရပ်ကို အစားထိုးနိုင်ရန် အလို့ငှာ အဆိုလွှာကို ပြင်ဆင်ခွင့်ပြုနိုင်သည်။

(အေအိုင်အာ၊ ၁၉၃၅၊ ဘုံဘိုင်၊ ၂၁၃)


တစ်ဖက်အမှုသည်ကို မနစ်နာစေရန် တရားရုံးက ပြင်ဆင်ခွင့် မပြုသင့်သော အမှား (လိမ်လည်လှည့်ဖြားမှုမရှိသော အမှား)ဟူ၍ မရှိ။

(အထက်ပါကျမ်း၊ စာ-၂၂၄၄)


သို့ဖြစ်ရာ ကြွေးမြီရလိုကြောင်း စွဲဆိုထားသော အမှုတွင် ကာလစည်းကမ်းသတ် ကျော်လွန်နေကြောင်း ထုချေချက်ပါရှိသည့် ချေလွှာတင်သွင်းပြီးနောက် တရားပြိုင်က ကြွေးမြီကို ဝန်ခံသည့်အချက်အား အဆိုလွှာ၌ ထည့်သွင်းဖော်ပြနိုင်ရန် အဆိုလွှာကို ပြင်ဆင်ခွင့် ပေးနိုင်သည်။

(ဘုံဘိုင်၊ အတွဲ-၃၄၊ စာ-၂၂၀)


ပြင်ဆင်ခွင့်ပြုရန် လျှောက်ထားရာ၌ ကြန့်ကြာခြင်းသည် ဝန်ခံချက်၏ စစ်မှန်မှုကို သံသယဖြစ်စေနိုင်သည့် အကြောင်းအရာ ဖြစ်သော်လည်း လျှောက်လွှာကို ပယ်ရန် ကောင်းသော အကြောင်းမဟုတ်။

(အေအိုင်အာ၊ ၁၉၃၃၊ အလာဟာဘတ်၊ ၃၇၄)


မှားယွင်းဝန်ခံမိခြင်းကိုပင် ရုပ်သိမ်းခွင့်ပြုကာ အဆိုလွှာကို ပြင်ဆင်ခွင့်ပေးနိုင်သည်။

( (၁၈၉၂) ၃ စီအိပ်ခ်ျ၊ စာ-၂၂၆)


အဆိုလွှာတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မှားယွင်း သရုပ်ဖော်ပြခြင်း (ဥပမာ- ဦးပိုင်အမှတ်ကို မှားယွင်းဖော်ပြခြင်း)ကို အယူခံတွင်ပင် ပြင်ဆင်နိုင်သည်။

(အေအိုင်အာ၊ ၁၉၂၂၊ အလာဟာဘတ်၊ ၈၁)


သဘောရိုးဖြင့် လျှောက်ထားခြင်းဖြစ်ရမည်။

(တိုရပ်အလီ နှင့် မိုဟာမက်အရွတ်၊ ၁၉၅၀၊ မတစ၊ ၃၆၁ (လွှတ်တော်))


ချေဖျက်ခြင်း မပြုနိုင်သည့် စာချုပ်စာတမ်း အထောက်အထားများကို တင်ပြကာ သဘောရိုးဖြင့် လျှောက်ထားရာတွင် တရားလိုသည် မူလဆင်ခဲ့သော ဇာတ်လမ်းကို လိမ်လည်ပြုလုပ်ထားသည့်စာချုပ်ဖြင့် ဖန်တီးရန် ကြိုးပမ်းခဲ့စေကာမူ လျှောက်လွှာကို ခွင့်ပြုသည်။

(အေအိုင်အာ၊ ၁၉၃၃၊ ကာလကတ္တား၊ ၂၇၁)


ပဋိညာဉ်ဖောက်ဖျက်မှုအတွက် လျော်ကြေးရလိုမှုတွင် တရားလိုသည် ပဋိညာဉ်၌ သတ်မှတ်ထားသော ဈေးနှုန်းနှင့် ပစ္စည်းကို ပြုလုပ်ရောင်းချသောအခါ ရရှိမည့် ဈေးတို့၏ ခြားနားချက်ကို လျော်ကြေးအဖြစ် တောင်းဆိုရာတွင် အမှုကို စစ်ဆေးသောအခါ ရောင်းချသောပစ္စည်းမှာ တရားပြိုင်လက်သို့ မပြောင်းသေးကြောင်း တွေ့ရလျှင် ပဋိညာဉ်အရ ဈေးနှင့် ပဋိညာဉ်ဖောက်ဖျက်သည့်နေ့တွင် ကာလ ပေါက်ဈေးတို့၏ ခြားနားချက်ဖြစ်သော လျော်ကြေးငွေရလိုကြောင်း အဆိုလွှာကို ပြင်ဆင်ခွင့်ပေးနိုင်သည်။


ကာလကတ္တား၊ အတွဲ-၃၉၊ စာ-၅၆၈ တွင် အဆိုလွှာကို မပြင်လျှင် တရားလိုသည် လျော်ကြေးငွေရခွင့်မရှိဟု ဆုံးဖြတ်သည်။


အေအိုင်အာ၊ ၁၉၂၄၊ ဘုံဘိုင်၊ ၃၉၀ တွင် အဆိုလွှာကို မပြင်ဘဲ လျော်ကြေးရခွင့်ရှိသည်ဟု ဆုံးဖြတ်သည်။ အခြားအမှု ရှုံးတော့မှ မိမိစွဲဆိုလျက်ရှိသော အမှုတွင် အဆိုလွှာကို မပြင်ဘဲထားလျှင် တောင်းဆိုသော သက်သာခွင့်ရလမ်း မရှိတော့ဟု သိရသည်အထိ အဆိုလွှာကို ပြင်ဆင်ရန် လျှောက်ထားခြင်းမပြုဘဲ တမင်ဆိုင်းငံ့ထားလျှင် ပြင်ဆင်ခွင့်ပေးမည် မဟုတ်။

(မောင်သံဒိုင်နှင့် ဦးသဲ၊ ဘီအယ်လ်တီ၊ အတွဲ-၃၊ စာ-၁၆)


အောက်ပါ အချက်များနှင့် ညီညွတ်လျှင် အမှုတွင် မည်သည့် အဆင့်၌မဆို အဆိုအချေများ ပြင်ဆင်ခြင်းကို ပြုသင့်သည်။

(မအေးကြွယ်နှင့် မလယ်ဝ၊ ဘီအယ်လ်တီ၊ အတွဲ-၁၃၊ စာ-၂၀၁)

(က) တစ်ဖက်အမှုသည်ကို မတရားမှုမဖြစ်စေခြင်း၊

(တိုရမ်အလီနှင့် မိုဟာမက်အရွတ်၊ ၁၉၅ဝ၊ မတစ၊ ၃၆၁ (တရားလွှတ်တော်))

(ခ) အမှုသည်များအကြား အငြင်းပွားလျက်ရှိသည့် ပြဿနာ အစစ်အမှန်တို့ကို အဆုံးအဖြတ်ပေးရန်အတွက် ပြင်ဆင်ရန် လိုအပ်ခြင်း။


အဆိုအချေကို ပြင်ဆင်ခွင့်ပြုလိုက်လျှင် အမှုစွဲဆိုထားရာ တရားရုံးက အမှုကို စီရင်ပိုင်ခွင့်မရှိတော့သည့်တိုင်အောင် ပြင်ဆင်ခွင့်ပေးပြီး ဆိုင်ရာတရားရုံးတွင် စွဲဆိုနိုင်ရန် အဆိုလွှာကို ပြန်ပေးရန် ဖြစ်သည်ဟု (အေအိုင်အာ၊ ၁၉၄၉၊ မဒရပ်၊ ၂၀၈)၊ အေအိုင်အာ၊ ၁၉၅၃၊ ဟိုင်ဒရာဘတ်၊ ၂၁၂၁၊ (အေအိုင်အာ၊ ၁၉၅၉၊ ရပ်(ဂျ်) ၁၄၆) နှင့် (အေအိုင်အာ၊ ၁၉၆၉၊ ကာရလာ၊ ၇၅)တို့တွင် ထုံးဖွဲ့ သည်။


ပြင်ဆင်ခွင့်မပြုနိုင်ဟု (အေအိုင်အာ၊ ၁၉၂၈၊ မဒရပ်၊ ၄ဝဝ) (အေအိုင်အာ၊ ၁၉၅၃၊ နဂ္ဂပူး၊ ၂၇၃)၊ (၁၉၅၉၊ မဒရပ်၊ လောဂျာနယ်၊ ၃၀၇)နှင့် (အေအိုင်အာ၊ ၁၉၅၇၊ အေပီ ၁၀)တို့တွင် ဆန့်ကျင်ဘက် ဆုံးဖြတ်သည်။


အမှုကို စီရင်ပိုင်ခွင့်မရှိ၍ ပြင်ဆင်ခွင့်ပေးခြင်းသည် စီရင်ပိုင်ခွင့်မရှိသည့်ကိစ္စကို ဆောင်ရွက်ရာရောက်မည်ဖြစ်သဖြင့် ပြင်ဆင်ခွင့် မပေးနိုင်ဟူသော အမြင်က အလေးသာပါသည်။      ။



အဆိုလွှာတွင် အားကိုးအားထားပြုသည့် စာချုပ်စာတမ်းများ


အမှုစွဲဆိုရာတွင် တရားလိုအပြုသည့် စာတမ်းအမှတ်အသားများကို တင်ပြခြင်း


အမိန့် ၇၊ နည်း ၁၄ (၁)


တရားလိုသည် မိမိ၏လက်ဝယ် သို့မဟုတ် မိမိ၏ ထိန်းသိမ်းမှုအောက်တွင် ရှိသော စာချုပ်စာတမ်းတစ်ခုအပေါ် အခြေပြု၍ အမှုစွဲဆို သောအခါ ထိုစာချုပ်စာတမ်းကို ဆိုလွှာတင်သွင်းသည့်နေ့ရက်၌ တရားရုံးတွင်တင်ပြရမည်။ ထို့ပြင် အဆိုလွှာနှင့်ပူးတွဲထားရန်အလို့ငှာ ယင်းစာချုပ်စာတမ်းကိုဖြစ်စေ၊ မိတ္တူကိုဖြစ်စေ ပေးအပ်ရမည်။


အခြားစာချုပ်စာတမ်းများစာရင်း


အမိန့် ၇၊ နည်း ၁၄(၂)


တရားလိုသည် မိမိတောင်းဆိုချက်ကို ထောက်ခံသော သက်သေခံချက်အဖြစ် အခြားစာချုပ်စာတမ်းများ (မိမိ၏လက်ဝယ် သို့မဟုတ် မိမိ၏ ထိန်းသိမ်းမှု အောက်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)ကို အားကိုးအားထားပြုသောအခါ စာချုပ်စာတမ်းစာရင်းကို အဆိုလွှာတွင် ဖြည့်ထည့်ရမည်၊ သို့မဟုတ် ပူးတွဲရမည်။


အမှုစွဲဆိုသည့်နေ့၌ စာချုပ်စာတမ်းများ ရှိ၊ မရှိ၊ စစ်မှန်မှု ရှိ၊ မရှိ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နောက်ပိုင်းတွင် အငြင်းပွားမှုများ မရှိစေရန် ဖြစ်သည်။

(အိန္ဒိယအမှုများ၊ အတွဲ-၂၊ စာ-၉၄၆)


သို့ဖြစ်ရာ ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို မလွဲမသွေ လိုက်နာရမည်။

(အေအိုင်အာ၊ ၁၉၃၀၊ လာဟိုး၊ ၄၈၀)


တင်ပြရန် ပျက်ကွက်ရုံမျှဖြင့် အဆိုလွှာကို ပြန်ပေးရန် မဟုတ်။ အဆိုလွှာကို ပလပ်ရန် သို့မဟုတ် ပယ်ရန်မဟုတ်။

(အေအိုင်အာ၊ ၁၉၄၃၊ မဒရပ်၊ ၆၄၅)


အမှုစွဲဆိုစဉ်က ရှိမှန်းမသိသော စာချုပ်စာတမ်းတစ်ခုကို နောက်ပိုင်းတွင် ရှာတွေ့ရလျှင် ဤနည်းဥပဒေနှင့် မဆိုင်။

(အေအိုင်အာ၊ ၁၉၂၁၊ နဂ္ဂပူး၊ ၄၉)


အခြေပြု၍စွဲဆိုသော စာချုပ်စာတမ်းတစ်ခုကို တရားရုံးတွင် တင်သွင်းထားရာ နောက်ပိုင်းတွင် တရားရုံး၌ ပျောက်ဆုံးသွားလျှင် တရားလိုသည် ထိုစာချုပ် မည်သို့မည်ပုံ ပျောက်ဆုံးသွားကြောင်း သက်သေမပြဘဲ သက်သေခံဥပဒေပုဒ်မ-၆၅ အရ ဒုတိယအဆင့် သက်သေခံချက် တင်ပြနိုင်သည်။

(အေအိုင်အာ၊ ၁၉၂၅၊ ပီစီ၊ ၈၈)


စာချုပ်စာတမ်းများသည် တရားလို၏လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင် မရှိသောအခါ ဖော်ပြရန်အချက်

အမိန့် ၇၊ နည်း ၁၅


အဆိုပါ စာချုပ်စာတမ်းတစ်ရပ်ရပ်မှာ တရားလို၏ လက်ဝယ် သို့မဟုတ် ၎င်း၏ ထိန်းသိမ်းမှုအောက်တွင် မရှိသောအခါ မည်သူ၏လက်ဝယ် သို့မဟုတ် မည်သူ၏ ထိန်းသိမ်းမှုအောက်တွင် ရှိကြောင်း တရားလိုက ဖော်ပြနိုင်က ဖော်ပြရမည်။


အဆိုလွှာတင်သွင်းချိန်တွင် မတင်ပြသော စာချုပ်စာတမ်းများကို တင်ပြခွင့်မရှိခြင်း


အမိန့် ၇၊ နည်း ၁၈(၁)


အဆိုလွှာတင်သွင်းချိန်တွင် တရားလိုက တရားရုံးတွင် တင်ပြထိုက်သော စာချုပ်စာတမ်းကိုဖြစ်စေ၊ ဆိုလွှာတွင် ဖြည့်ထည့်ရမည့်၊ သို့မဟုတ် ပူးတွဲရမည့် စာရင်းတွင် ရေးသွင်းဖော်ပြထိုက်သော စာချုပ်စာတမ်းကိုဖြစ်စေ တင်ပြခြင်း သို့မဟုတ် ရေးသွင်းဖော်ပြခြင်းမပြုခဲ့လျှင် အမှုကြားနာသောအခါ တရားရုံး၏ ခွင့်ပြုချက်မရဘဲ ယင်းစာချုပ်စာတမ်းကို တရားလိုအတွက် သက်သေခံအဖြစ် တင်ပြခွင့်မရှိစေရ။ အဆိုလွှာနှင့်အတူ တင်ပြခြင်းမရှိသော သို့မဟုတ် စာချုပ်စာတမ်းစာရင်းတွင် စာရင်းသွင်းထားခြင်းမရှိသော စာချုပ်စာတမ်းများကို လက်ခံရာ၌ တရားရုံးသည် နှိုင်းနှိုင်းချိန်ချိန်ဆောင်ရွက်ရန် အာဏာ အပြည့်အဝရှိသည်။

(အေအိုင်အာ၊ ၁၉၅၀၊ ဆင်း ၂၆)


အများနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ မှုခင်းမှတ်တမ်းများ၏ တာဝန်ခံမိတ္တူမှန်ကဲ့သို့ စစ်မှန်မှုကို သံသယဖြစ်ဖွယ်မရှိနိုင်သော စာချုပ်စာတမ်းများကို တရားရုံးများက ယေဘုယျအားဖြင့် ပိတ်ပင်ရန် မဟုတ်။

(အေအိုင်အာ၊ ၁၉၅၄၊ ဟင်ပရာ၊ ၃၆)


သို့ရာတွင် မလျော်ကန်သော ကြန့်ကြာမှုရှိပြီး ကြန့်ကြာရခြင်း အတွက် ကျေနပ်ဖွယ်ကောင်းသော အကြောင်းပြချက် မပြနိုင်လျှင်

တစ်မျိုးဖြစ်ပေလိမ့်မည်။

(အေအိုင်အာ၊ ၁၉၅ဝ၊ ပီစီ၊ ၆၈)


မူလတရားရုံးက ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ထားသည့်ကိစ္စတွင် အယူခံတရားရုံးက သာမန်အားဖြင့် စွက်ဖက်မည်မဟုတ်။

(အေအိုင်အာ၊ ၁၉၃၁၊ အလာဟာဘတ်၊ ၃၃၃)။      ။


Comments