စားစရိတ်တောင်းခံခြင်း ပြသနာ
စားစရိတ်တောင်းခံခြင်း ပြသနာ
===================
သားမယားတို့အား လုပ်ကျွေးပြုစုရန်မှာ လင်ယောက်ျား၏ အရေးကြီးဆုံးသော တာဝန်ဖြစ်ရာ ထိုတာဝန်ကို မကျေပွန်ဘဲ မယားအားဖြစ်စေ ၊ သားသမီးအားဖြစ်စေ ထောက်ပံ့ခြင်းမပြုလဲ ပစ်ပယ်ထားသော ယောက်ျားဖြစ် သူအား မယားဖြစ်သူက တရားမကြောင်းအရသော်လည်းကောင်း ရာဇဝတ်ကြောင်းအရသော်လည်းကောင်း စားစရိတ်ရလိုမှု စွဲဆိုနိုင်ပါသည်။
မယားနှင့်ကလေးစရိတ်ရလိုကြောင်းကို ပြစ်မှုဆိုရာတရားရုံးမှ ကြားနာဆုံးဖြတ်သော်လည်း အမှန်မှာ ယင်းအမှု မျိုး သည် ပြစ်မှုစစ်စစ်မဟုတ်ချေ။ ခိုကိုးရာမဲ့သည့် မိန်းမနှင့်ကလေးများ၏ စားဝတ်နေရေးအတွက် အလျင်အမြန် ရရှိအောင် ပြစ်မှုဆိုင်ရာတရားရုံးက အကျဉ်းနည်းဖြင့် စုံစမ်းပြီးအမိန့်ချမှတ်ရသည့် အမှုမျိုးသာဖြစ်သဖြစ် တရားမ မှုဆန်သည်။ တစ်ဖက်သတ် စစ်ဆေးပြီး အမိန်ချမှတ်နိုင်သည်။ နှစ်ဖက်အချိန်မရွေး ကျေအေးနိုင်သည်။
မောင်ဝှက်စီ (ခ) အင်းယား နှင့် နိုင်ငံတော် ၊ မတင်တင်ရီ
၁၉၇၃ မတစ ၂၁
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၈၈ အရ မယားစရိတ်ဆိုသည်မှာ တရားဝင်မယားဖြစ်သူသာ ရခွင့်ရှိပေရာ လင် မယားနှစ်ဦး သဘောတူဖြစ်စေ၊ တရားရုံး၏ အမိန့်ကြောင့်ဖြစ်စေ ကွာရှင်းပြတ်စဲကြလျှင် မယားဖြစ်သူသည် လင်ထံမှ စားစရိတ်တောင်းခံခွင့် မရှိတော့ပေ။ အကယ်၍ မယားစရိတ်ပေးရန် အမိန့်ချမှတ်ပြီးနောက် လင်နှင့် မယား ကွာရှင်းပြတ်စဲကြလျှင်လည်း မယားတွင် စရိတ်တောင်းဆိုရန် အခွင့်အရေး မရှိတေ့ာပေ။
ရာဇဝတ်ကြောင်းအရ စားစရိတ်လျှောက်ထားလျှင် အမိန့်ချမှတ်သည့် နေ့မှစ၍ ဖြစ်စေ လျှောက်လွှာတင်သည့် နေ့မှစ၍ ပေးရန်ဖြစ်စေ ဆင့်ဆိုပါက ထိုနေ့မှစ၍ ပေးစေရန် အမိန့်ချမှတ်နိုင်ပါသည်။
တရားမကြောင်းအရ စားစရိတ်လျောက်ထားလျှင် သာမန်အားဖြင့် အမှုစွဲဆိုသည့်နေ့မှ ခွင့်ပြုရမည် ဖြစ်သော် လည်း အမှုမစွဲဆိုမီ စားစရိတ်တောင်းခံခဲ့၍ မရပါက ထိုတောင်းခံခဲ့သည့် နေ့မှစ၍ ပြုသင့်သည်။
( 1949 Mad 31, 1948 MWN 224? 1948 -1, M.L.J 30 ) ။
အကယ်၍ မယားငယ်ယူသွားသည့်အကြောင်းကြောင့် စားစရိတ်ရလိုမှု စွဲဆိုခြင်းဖြစ်လျှင် ထို့သို့မယားငယ်ယူသွားသည့်နေ့မှစ၍ ခွင့်ပြုသင့်သည်။
( Mogha’s The Law of Pleadings 10th Edit 1961 P. 705)။
အစ္စလာမ်တရားဥပဒေအရ မယားနှင့်ကလေးစရိတ်ကို ဓလေ့ထုံးတမ်းအရ သော်လည်းကောင်း သဘောတူညီ ချက် အပေါ် အခြေခံ၍ လည်းကောင်း တရားမ ကြောင်းဖြင့် တရားစွဲဆိုနိုင်ကဲ့သို့ ရာဇဝတ်ကျင့်ထုံးဥပဒေအရ လည်းစွဲဆိုနိုင်သည်။
( ဦးခင်မောင်စိန်၏ အစ္စလာမ်တရားဥပေဒ
၁၉၈၇ ခုနှစ် ဒုတိယအကြိမ် စာ ၈၇ ၉၃)။
ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ မယားစရိတ်ကို လည်းကောင်း အရွယ်မရောက်သေးသော သားများအတွက် လည်းကောင်း၊ အိမ်ထောင်မပြုသော သားသမီးများ အတွက်သော်လည်းကောင်း စားစရိတ်ရခွင့် ရှိသည်။
( ဦးဘမော်၏ မြန်မာနိုင်ငံ အိမ်ထောင်ခန်းဥပဒေများ၊ စာ၂၃၁)။
ဟိန္ဒူဘာသာဝင် ဆစ်ခ်လူမျိုးက မယားနှင့် ကလေးစရိတ်ရလိုကြောင်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၈၈ အရ စွဲဆိုပြီးနောက် တရားမကြောင်းအရ ထပ်မံစွဲဆိုရာတွင် မယားစရိတ်နှင့် ကလေးစရိတ်ကို ခွင့်ပြုပြီး ရာဇဝတ် တရားရုံးက ချမှတ်သည့်စားစရိတ်ကို ခုနှိပ်ပေးရန် ချမှတ်ခဲ့သည်။
( ၁- ဒေါ်နီလာဘာရာဒွါဂါ ၂။ မအနီတာ
( အရွယ်မရောက်သေးသူ ၎င်း၏ အုပ်ထိန်းသူ) မိခင်ဒေါ်နီလာ ဘာရာဒွာဂျာနှင့် ဦးတိုနီဆင်း
တရားရုံးချုပ် တရားမ ပထမ အယူခံမှုအမှတ် ၁၀၃ နှင့် ၁၀၉/ ၉၅ ၊ ၁၃.၅. ၉၅)။
ခရစ်ယာန်ဘာသာဝင်များအတွက် ပြဋ္ဌာန်းထားသည့်မြန်မာနိုင်ငံလင်မယား ကွာရှင်းရေးအက်ဥပဒေတွင် အမှု အတော အတွင်းစားစရိတ် (Alimony Plenitude Lite) နှင့် အမြဲတန်းစရိတ် (Permanent Alimony) ဟူ၍စရိတ်ကို နှစ်မျိုးခွဲထားကြောင်းတွေ့ရပါသည်။ ယင်းဥပဒေပုဒ်မ (၃၆)အရ အမှုတောအတွင်း ထောက်ပံ့ငွေပမာဏသည် အဆိုပါ အမိန့်မချမီ ၃ နှစ်အတွင်း လင်ဖြစ်သူ အသားတင်ပျှမ်းမျှဝင်ငွေ ၏ ၅ပုံ ၁ ပုံထက် မပိုစေရပါ။ ထို့ပြင် အဆို ပါ အမိန့်သည် လင်မယားတွင် ကွားရှင်းမှု လက်ထပ်ထိမ်းမြားမှု ပျက်ပြယ်ကြောင်း လျှောက်ထားမှုများတွင် ဒီက ရီ ရပြီး အပြီးသတ် အတည်ဖြစ်သည့် တိုင်အောင် ဆက်လက်အတည်ဖြစ် ပါသည်။
ထို့ပြင် ထိမ်းပြားမှုပျက်ပြယ်သည့် ဒီကရီ သို့မဟုတ် လင်နှင့်ခွဲခွာနေထိုင်ရန် ဒီကရီချသည့် အခါ အမြဲတမ်း စရိတ်
( Permanent Alimony) ကိုခွင့်ပြုနီုင်ကြောင်း ပုဒ်မ ၃၃ တွင် ပြဋ္ဌာန်းထားသည်။ တရားရုံးက မိန်းမ၏ ထောက်ပံ့စရိတ်အတွက် လင်ဖြစ်သူက အပတ်စဉ်ဖြစ်စေ နှစ်စဉ်ဖြစ်စေပေးရန် သင့်လျှော်သလို အမိန့် ချနိုင် သည်။
သို့သော်ခြွင်းချက်အနေဖြင့် လင်ဖြစ်သူသည် ယင်းသို့အမိန်ချမှတ်ပြီးနောက် ပိုင်း အကြောင်းတစ်စုံးတရာကြောင့် စရိတ်ငွေမပေးနိုင်သည့် အခါတွင် တရားရုံးက ကင်းလွှတ်ခွင့်နိုင်ပါသည်။ သို့မဟုတ် အမိန်ကို ုပြင်ဆင်နိုင်သည်။ သို့မဟုတ် ပေးရန်သတ်မှတ်ထားသော ငွေတစ်စိတ်တစ်ဒေသ သို့မဟုတ် အားလုံးကို ယာယီဆိုင်းငံ့နိုင်သည်။ ထို့ပြင် အဆိုပါ အမိန့်တစ်ခုလုံးဖြစ်စေ အချို့ကို ဖြစ်စေပြင်ဆင် ပြောင်းလဲနိုင်သည်။
မြန်မာနိုင်ငံလင်မယားကွာရှင်းရေး အက်ဥပဒေတွင် လင်မယားကွာရှင်း (dissolution of marriage) နှင့်
တရား ဝင်ခွဲခြားနေထိုင်ခြင်း (Judicial Separation) တို့အတွက်အမြဲတမ်းစရိတ်ငွေနှင့် ပတ်သက်ပြီး ကွားခြားမှုမရှိပေ။
“ထိမ်းမြားလက်ထပ်မှုနှင့် သက်ဆိုင်သည့် ဥပဒေပြဌာန်းချက်များကို တိတိကျကျ မလိုက်နာစေကာမှု လင်မယား အဖြစ် အထင်အရှား ပေါင်းသင်နေထိုင်ခဲ့ပါက စားစရိတ်လျှောက်ထားသည့် အမှုတွင် လက်ထပ်စဉ်က နည်းလမ်းမကျခဲ့သည်ကို အရေးယူခွင့်မရှိပေ”
(ကိုသန်းငွေ နှင့် မခင်ရီ ၁၉၆၆ မတစ ရုံးချုပ် ၆၀၇)။
တရားမကြောင်းဖြင့် စားစရိတ်ရလိုကြောင်း တရားစွဲဆိုလျှင်တရားမကျင့် ထုံးဥပဒေ ပုဒ်မ ၂၀ အရ တရားပြိုင်နေ ထိုင်ရာ အရပ်တွင် ဖြစ်စေ အလုပ်လုပ်ကိုင်ရာအရပ် တွင်ဖြစ်စေ တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ရာ အရပ်ရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံးမှာ စွဲဆိုနိုင်ပါသည်။
[ ဦးသက်ထွန်း(ခရိုင်တရားသူကြီး(ငြိမ်း))
ရာဇတ်ကျင့်ထုံး ဥပဒေပြဿနာဆိုင်ရာ မှတ်စုကြမ်း၊ စာ ၂၀၀၊ ၂၀၁၊ ၂၀၂၊ ၂၀၃ ]
Comments
Post a Comment