ပုံစံ(၇)အရပ်စာချုပ်နှင့်ဝယ်
ပုံစံ (၇) ရှိတဲ့လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ယူမိလို့ အရှုပ်အရှင်း ပြဿနာဖြစ်ကြတဲ့အခါ ဝယ်ယူမိသူ အမှုရှုံးပါတယ်။
ဒီအမှုမှာ တရားရုံးဆုံးဖြတ်ထားတာက လယ်ယာမြေပုံစံ ၇၊ မြေမျိုးမှာ (ဥယျာဉ်မြေ) ဖြစ်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က) အရ လယ်ယာမြေဖြစ်ကြောင်း သတ်မှတ်ရပေမည်။
တရားလို၏ ထွက်ဆိုချက်၌လည်း အခင်းဖြစ်မြေကွက်ကို ငွေကျပ်သိန်း(၂၆၀)ဖြင့် ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ကျန်တရားလိုပြ သက်သေထွက်ဆိုချက်များ၌လည်း တရားလို၏ ထွက်ဆိုချက်ကို ထောက်ခံထွက်ဆိုထားကြောင်း တွေ့ရှိရသည်။ ထို့အတူ တရားလိုလက်ဝယ်ရှိ လယ်ယာမြေပုံစံ (၇) မှာ တရားလို၏ အမည်သို့ပြောင်းလဲမရသည့်အပြင် စာချုပ်ပါခြံမြေ ၀ယ်ယူခဲ့သည့်နေ့မှစ၍ လက်ရောက်ရယူနိုင်ခဲ့ခြင်း မရှိကြောင်း တရားလို၏ ထွက်ဆိုချက်၌ပင် ပေါ်ပေါက်နေသည်။
လယ်ယာမြေ ဥပဒေပုဒ်မ ၁၂(ဂ) တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဟု ပြဌာန်းထားသည်။
နှစ်ဦးသဘောတူ ခြံမြေအရောင်းအ၀ယ် ကတိစာချုပ်မှာ အရပ်စာချုပ်အဖြစ်တည်ရှိနေကြောင်း တွေ့ရှိရသည်။ တရားလိုသည် တရားပြိုင်နှင့် စာချုပ်ချုပ်ဆိုစဉ် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂(ဂ) ကိုဆန့်ကျင်၍ ချုပ်ဆိုခဲ့ကြောင်း သတ်မှတ်ရပေမည်။
တရားလိုသည် တရားပြိုင်ထံမှ လယ်ယာမြေပုံစံ(၇)ကို သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ကြေးပေးဆောင်၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရယူမှု မရှိခြင်းတို့ကြောင့် တရားလိုသည် ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၃ တွင် ပြဌာန်းထားသည့် တရားဥပဒေဖြင့် တားမြစ်ထားသည့်အချက်ကို ချိုးဖောက်၍ အရပ်စာချုပ်ကိုပြုလုပ်ခဲ့သည်ဟု သုံးသပ်ရပေမည်။
သို့ဖြစ်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၉(ခ) အရ လယ်ယာမြေလုပ်ပိုင်ခွင့် ကိုသာရောင်းချခွင့်ရှိပြီး အရပ်ကတိစာချုပ်သည် လယ်ယာမြေကို ဥပဒေနည်းလမ်းတကျ ရောင်းချခြင်းမဟုတ်သဖြင့် မူလကပင် တရားမ၀င် ပျက်ပြယ်နေသောကြောင့် တရားလိုသည် ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုကို တရားစွဲဆိုနိုင်ခွင့် မရှိဟု ဆုံးဖြတ်သည်....တဲ့။
ဒါကြောင့် မြေဝယ်ရင် ဥပဒေနဲ့အညီ ဝယ်ယူကြဖို့ အသိပေး တင်ပြရင်း....
Comments
Post a Comment