အဆိုလွှာရေးသားခြင်း

 အဆိုလွှာ ရေးသားရာတွင် အောက်ဖော်ပြပါအတိုင်း လိုက်နာကျင့်သုံးရမည်။ 

(၁)   အဆိုလွှာကို တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ(က)ပါပုံစံများကို အသုံးပြုနိုင်သမျှ ပြုရမည်။ ယင်းတို့ကို အသုံးမပြုနိုင်ပါက ယင်းပုံစံများနှင့် သဘောအားဖြင့် ကိုက်ညီနိုင်သမျှ ကိုက်ညီသောပုံစံများကို အသုံးပြုရမည်။ 
(အမိန့် ၆၊ နည်း ၃)

(၂)   တရားမကြီးမှုကို တရားစွဲဆိုလွှာတင်သွင်းသည့် တရားရုံးအမည်၊ ခုနှစ်၊ တရားမကြီးမှုအမှတ် ပါရှိရမည်။ 
(အမိန့် ၇၊ နည်း၁ (က))

တရားမကြီးမှုအမှတ်ကို စွဲဆိုသည့်ခုနှစ်အလိုက် တရားရုံးတော်က သတ်မှတ်ပေးရမည်။ 
(အမိန့် ၄၊ နည်း ၂)

(၃)   တရားစွဲဆိုသော တရားလို၏ အမည်၊ သရုပ်ဖော်ပြချက်နှင့် နေရပ်တို့ကို ဖော်ပြပေးရမည်။ 
(အမိန့် ၇၊ နည်း၁ (ခ))

သရုပ်ဖော်ပြချက်ဆိုသည်မှာ အဖအမည်နှင့် ကာယကံရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် လိုအပ်သောအခြား အချက်အလက်များ ဖြစ်သည်။ 
(ေအအိုင္အာ၊ ၁၉၄၃၊ ကာလကတၱား၊ ၃၁၉)

(၄)   တရားစွဲဆိုခံရသော တရားပြိုင်၏ အမည်၊ သရုပ်ဖော်ပြချက် နှင့် နေရပ်တို့ကို စုံစမ်းသိရှိနိုင်သမျှ ဖော်ပြပေးရမည်။ 
(အမိန့် ၇၊ နည်း ၁(ဂ))

(၅)   တရားလိုဖြစ်စေ၊ တရားပြိုင်ဖြစ်စေ အရွယ်မရောက်သေးသူ ဖြစ်လျှင်သော်လည်းကောင်း၊ စိတ်မနှံ့သူတစ်ဦး ဖြစ်လျှင် သော်လည်းကောင်း ထိုသို့ဖြစ်ကြောင်း ဖော်ပြပေးရမည်။
(အမိန့် ၇၊ နည်း၁ (ဃ))

အရွယ်မရောက်သေးသူဆိုသည်မှာ အရွယ်ရောက်ခြင်းအက်ဥပဒေ (The Majority Act) ပုဒ်မ ၃ အရ အသက် ၁၈နှစ် မပြည့်သူကို ဆိုလိုသည်။ ။

စိတ်မနှံ့သူ (Person of unsound mind)ဆိုရာတွင် ရူးသွပ်သူအပြင် စိတ်ပေါ့သွပ်သူ၊ စိတ်နောက်သူ စသည့် စိတ်မမှန် (Mental infirmity) ဖြစ်ကြသူများလည်း ပါဝင်ကြသည်။
(အမိန့် ၃၂၊ နည်း ၁၅)

အရွယ်မရောက်သေးသူကဖြစ်စေ၊ စိတ်မနှံ့သူကဖြစ်စေ တရားလိုအဖြစ် တရားစွဲဆိုလျှင် ၎င်းတို့၏ နီးစပ်ရာဆွေမျိုးမိတ်ဆွေ (Next friend) ဖြင့် စွဲဆိုရသည်။ 
(အမိန့် ၃၂၊ နည်း ၁ နှင့် ၁၅)

အရွယ်မရောက်သေးသူသည် အမှုကို ကိုယ်တိုင်စွဲဆိုခြင်း၊ ခုခံချေပခြင်း မပြုနိုင်သဖြင့် ၎င်း၏ အကျိုးသက်ဆိုင်ခွင့် (ဆိုင်ရာဆိုင်ခွင့်ကို) အရွယ်ရောက်သူက ကြည့်ရှုရန် လိုအပ်သည်။ အရွယ်မရောက်သေးသူသည် တရားလိုဖြစ်လျှင် ထိုသူကို နီးစပ်ရာ မိတ်ဆွေဟူ၍လည်းကောင်း၊ တရားပြိုင် ဖြစ်လျှင် အုပ်ထိန်းသူဟူ၍လည်းကောင်း ခေါ်သည်။

(၆)   အဆိုလွှာရေးသားရာ၌ စာပိုဒ်များခွဲ၍ စာပိုဒ်အသီးသီးကို အမှတ်စဉ်တပ်ရမည်။ ရက်စွဲ၊ ငွေကြေးပမာဏနှင့် ကိန်းဂဏန်းတို့ကို စာသားဖြင့် မဖော်ပြဘဲ ဂဏန်းဖြင့် ဖော်ပြရမည်။
(အမိန့် ၆၊ နည်း ၂)

(၇)   အဆိုလွှာရေးရာတွင် အရေးပါသော အကြောင်းအချက်များကို တိုတိုနှင့် လိုရင်းကို ပြည့်စုံစွာ ဖော်ပြရသည်။ သက်သေခံချက်များ၊ ဥပဒေအချက်အလက်များကို မဖော်ပြရ။ 
(အမိန့် ၆၊ နည်း ၂ နှင့် ၅) 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၉)

(၈)   တရားလိုသည် ကွဲပြားသော တောင်းဆိုချက်အများအပြားကို ဖြစ်စေ၊ သီးခြားကွဲပြားသော အကြောင်းပြချက်များမှ ပေါ်ပေါက်လာသော တရားစွဲဆိုရန် အကြောင်းများကိုဖြစ်စေ တသီးတခြားစီ ကွဲကွဲပြားပြားဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၈)

(၉)   အမှုမစွဲဆိုမီက အချင်းဖြစ်ကိစ္စနှင့် လိုအပ်သော လုပ်ဆောင်ချက်၊ အခြေအနေ၊ အဖြစ်အပျက်တို့ကို ထင်ရှားစွာ ဖော်ပြရမည့် အပြင်၊ ထိုကိစ္စအတွက် အခိုင်အမာဆောင်ရွက်ခဲ့ကြောင်းကိုလည်း အဆိုလွှာတွင် သဘောသက်ရောက်စေရန် ဖော်ပြရ မည်။ 
(အမိန့် ၆၊ နည်း ၆)

(၁၀)   အမှုဖြစ်ကိစ္စနှင့်စပ်လျဉ်း၍ အမှုသည်အချင်းချင်း တစ်ဘက်နှင့် .တစ်ဘက် စာအတန်တန်အလီလီ အပြန်အလှန်ပေးစာများ၊ ပြောဆိုမှုများ၊ ပတ်ဝန်းကျင်အကြောင်းခြင်းရာများအရ သွယ်ဝိုက်၍ ပဋိညာဉ် သို့မဟုတ် ဆက်ဆံမှုဖြစ်လာခြင်းကို အကြောင်းပြုရာတွင် ယင်းတို့ကို အသေးစိတ်ဖော်ပြရန် မလိုဘဲ ယေဘုယျ ခြုံငုံဖော်ပြလျှင် လုံလောက် သည်။ အဆိုပါ ပဋိညာဉ် သို့မဟုတ် ဆက်ဆံမှုသည် တစ်ခုထက်ပို၍ ရှိနေပြီး တစ်ခု သို့မဟုတ် တစ်ခုကို အားကိုးအားထားပြု၍ ဖော်ပြ စွဲဆိုလိုပါက စွဲဆိုနိုင်သည်။ 
(အမိန့် ၆၊ နည်း ၁၂)

(၁၁)   ဥပဒေအရ မိမိအတွက် အသာစီးမှတ်ယူသောအချက်နှင့် တစ်ဘက်အမှုသည်က သက်သေပြရန် တာဝန်ရှိသည့်အချက် များကို တစ်ဘက်အမှုသည်ကလည်း ငြင်းဆိုခြင်းမရှိလျှင် အဆိုလွှာတွင် ဖော်ပြရန် မလို။ 
(အမိန့် ၆၊ နည်း ၁၃)

(၁၂)   မရွှေ့မပြောင်းနိုင်သော ပစ္စည်းပေါင်နှံခြင်းနှင့် စပ်လျဉ်း အပေါင်ပစ္စည်းရွေးနုတ်ခွင့် ပိတ်ပင်လိုမှုတွင်ဖြစ်စေ၊ ရောင်းလိုမှုတွင်ဖြစ်စေ၊ ရွေးနုတ်လိုမှုတွင်ဖြစ်စေ အပေါင်ပစ္စည်းနှင့်လည်းကောင်း၊ ရွေးနုတ်ခွင့်နှင့်လည်းကောင်း အကျိုးသက်ဆိုင်ခွင့်ရှိသူများဟု တရားလိုက သိရှိထားသူအားလုံးကို အဆိုလွှာ တွင် ထည့်သွင်းဖော်ပြရမည်။ 
(အမိန့် ၃၄၊ နည်း ၁(ခ))

(၁၃)   တရားပြိုင်သည် အချင်းဖြစ်ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် ရှိကြောင်း သို့မဟုတ် ယင်းသို့ အကျိုးသက်ဆိုင်ခွင့်ရှိသည်ဟု အရေးဆိုလျက်ရှိကြောင်း အဆိုလွှာတွင် ဖော်ပြရမည့်အပြင်၊ တရားလို၏ တောင်းဆိုချက်ကို ဖြေရှင်းရန်လည်း တာဝန်ရှိ ကြောင်း ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၅)

(၁၄)   စာချုပ်စာတမ်းနှင့်ပတ်သက်၍ စာချုပ်စာတမ်းပါ အရေးပါ သော လိုရင်းအချက်ကိုသာ ဖော်ပြရပြီး စာချုပ်ပါ အချက် အားလုံးကို အကျယ်ဖော်ပြရန် မလို။ အရေးမပါသော အချက်ကို ဖြစ်နိုင်သမျှ အကျဉ်းချုံး၍ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၉) 

(၁၅)   တစ်ဦးတစ်ယောက်၏ မသမာစိတ်၊ လိမ်လည်လိုစိတ်နှင့် အခြားစိတ်နေစိတ်ထား၊ ကြံရွယ်ချက် မည်သို့ရှိကြောင်း ဖော်ပြရန် လိုသည့်ကိစ္စတွင် မည်သည့်ပတ်ဝန်းကျင် အခြေအနေအကြောင်းများအရ မည်သို့စိတ်ထားရှိကြောင်း ပတ်ဝန်းကျင် အကြောင်းအရာများကို အကျယ်ဖော်ပြရန် မလို။ ယင်းဖြစ်ပေါ်နေသည့် စိတ်အခြေအနေကိုသာ တိုက်ရိုက်ဖော်ပြ အဆိုပြုလျှင် လုံလောက်သည်။ 
(အမိန့် ၆၊ နည်း ၁၀)

(၁၆)   အဆိုလွှာတွင် မလိုအပ်သော၊ အသရေပျက်စေသော၊ အမှန်တရားကို စစ်ဆေးစီရင်ရာတွင် အနှောင့်အယှက်ဖြစ်စေသော၊ ကြန့်ကြာစေသောအချက်များ မပါရှိစေရ။ 
(အမိန့် ၆၊ နည်း ၁၆)

(၁၇)   တရားလိုသည် ငွေရလိုကြောင်း စွဲဆိုလျှင် တောင်းဆိုသည့် ငွေပမာဏအတိအကျကို အဆိုလွှာတွင် ဖော်ပြရမည်။ သို့သော်လည်း ကြားကာလအမြတ်ကိုဖြစ်စေ၊ တရားလိုနှင့် တရားပြိုင်အကြား မရှင်းလင်းရသေးသည့်စာရင်းကို ရှင်းလင်းသည့်အခါ တရားလိုသို့ ပေးရန်ရှိကြောင်း တွေ့ရှိရမည့်ငွေကိုဖြစ်စေ ရလိုကြောင်းဖြင့် စွဲဆိုခြင်းဖြစ်ပါက စွဲဆိုသည့် ငွေခန့်မှန်းခြေကို အဆိုလွှာတွင် ဖော်ပြရမည်။

(၁၈)   အလွဲပြောဆိုခြင်း၊ လိမ်လည်ခြင်း၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခြင်း၊ တမင်ပျက်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်း တစ်ရပ်ရပ်ကို အားကိုးအားထားပြု၍ စွဲဆိုသော အမှုအားလုံးနှင့် အထက်တွင် ဆိုခဲ့သော ပုံစံများတွင် ဥပမာအဖြစ် ဖော်ပြထားသည်ထက် ပိုမိုကျယ်ဝန်းသော အချက်အလက်များ လိုအပ်သည့်အခြားအမှုအားလုံးတွင် အချက်အလက်များကို အဆိုအချေတွင် ပြည့်ပြည့်စုံစုံဖော်ပြရမည်။ လိုအပ်လျှင် ရက်စွဲနှင့် အသေးစိတ်အချက်အလက်များကိုပါ ဖော်ပြရမည်။
(အမိန့် ၆၊ နည်း ၄)

(၁၉)   အချင်းဖြစ်ပစ္စည်းသည် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဖြစ်ပါက ထိုပစ္စည်းကို ခွဲခြားသိရှိနိုင်ရန် လုံလောက်သော အချက်အလက်များကို အဆိုလွှာတွင် ဖော်ပြရမည်။ ထို့ပြင် ကြေးတိုင်မြေတိုင်းအမှတ်၊ မြေကွက်အမှတ်၊ နယ်နိမိတ်နှင့် အမှတ်အသားများကိုလည်း ဖော်ပြရသည်။ 
(အမိန့် ၊ နည်း ၃)

(၂၀)   တရားလိုသည် မိမိတောင်းဆိုသော သက်သာခွင့်ကိုဖြစ်စေ၊ ယင်းသက်သာခွင့် မရနိုင်ပါက အခြားရလိုသည့် သက်သာခွင့်ကိုဖြစ်စေ အဆိုလွှာတွင် အတိအလင်းဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၇)

(၂၁)   အဆိုလွှာကို တင်သွင်းပြီးနောက် အမိန့် ၆၊ နည်း ၁၇ အရ ပြင်ဆင်ခြင်းမဟုတ်ဘဲ မူလအဆိုလွှာနှင့် မညီညွတ်သည့် အချက်၊ သို့မဟုတ် အဆိုလွှာတွင် မပါသည့် အကြောင်းပြချက်အသစ်၊ စွပ်စွဲချက်အသစ်တစ်ရပ်ရပ်ကို တင်ပြခြင်း၊ ထည့်သွင်းခြင်း မပြုရ။ 
(အမိန့် ၆၊ နည်း ၇)

တရားမစွဲမီ နို့တစ်စာပေးရန် လိုသော အမှုတွင် မည်သည့်ကိစ္စ၌ မည်သည့်နေ့ရက်က မည်ကဲ့သို့ပေးခဲ့ကြောင်း အတိုချုပ်ဖော်ပြရန် လိုသည်။ နို့တစ်စာပါ အချက်များကို အကျယ်ဖော်ပြရန် မလို။ (အမိန့် ၆၊ နည်း ၁၁)

(၂၃)   တရားလိုက ကိုယ်စားပြုစွဲဆိုသော အမှုတွင် အချင်းဖြစ်ကိစ္စ၌ မိမိသည် အမှန်တကယ် လက်ရှိအကျိုးသက်ဆိုင်ခွင့်ရှိကြောင်းကိုသာမက အချင်းဖြစ်ကိစ္စနှင့်စပ်လျဉ်း၍ တရားမမှုစွဲဆိုနိုင်ရန် ဆောင်ရွက်ရမည့်ကိစ္စများရှိပါကလည်း ဆောင်ရွက်ပြီးကြောင်း ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၄)

(၂၄)   တရားလိုသည် တောင်းဆိုချက်အနက်မှ စွန့်ပယ်သော သို့မဟုတ်ခုနှိမ်သော အစိတ်အပိုင်းရှိလျှင် ထိုစွန့်ပယ်သော အစိတ်အပိုင်းကို ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၁)

(၂၅)   အဆိုလွှာတွင် တောင်းဆိုသော သက်သာခွင့်တန်ဖိုးကို မှန်ကန်စွာ ဖော်ပြရမည်။ လျှော့ထားပါက ပြင်ဆင်ပေးရမည်။ 
(အမိန့် ၇၊ နည်း ၁၁ (ခ))

(၂၆)   အမှုစွဲဆိုပြီးမှ ပေါ်ပေါက်လာသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ အဆိုလွှာမပြင်ဘဲ ယင်းအခွင့်အရေးများအပေါ် အခြေခံ၍ သက်သာခွင့်ပေးနိုင်မည် မဟုတ်။ 
(အမိန့် ၆၊ နည်း ၇)

(၂၇)   ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားချက်ကို ဖော်ပြခြင်းမပြု ရ။ 
(အမိန့် ၇၊ နည်း ၁၁(ဃ))

(၂၈)   တရားစွဲဆိုရန် အကြောင်းဖော်ပြချက်နှင့် မည်သည့်အချိန်က စတင်ပေါ်ပေါက်ကြောင်း ဖော်ပြချက် ပါရှိရမည်။ 
(အမိန့် ၇၊ နည်း ၁(င)နှင့် နည်း ၁၁(က))

(၂၉)   တရားမမှုကို ကာလစည်းကမ်းသတ်အက်ဥပဒေအရ သတ်မှတ်ထားသည့် စည်းကမ်းသတ်ကာလကျော်လွန်ပြီးမှ စွဲဆိုသောအမှုတွင် ယင်းဥပဒေအရ ကင်းလွတ်ခွင့်ပြုထားသည့် အကြောင်းပြချက်ကို အဆိုလွှာတွင် ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း  ၆)

(၃၀)   အရေးကြီးသော စာချုပ်စာတမ်းများကို မတင်ပြနိုင်လျှင် ယင်းစာချုပ်စာတမ်းပါ ကိစ္စရပ်များကို သိရှိထားသည့် ပုဂ္ဂိုလ်များအား ကျမ်းသစ္စာပြုစေ၍ ယင်းသစ္စာပြုလွှာကို အဆိုလွှာတွင် ရေးသားဖော်ပြ၍ လိုအပ်သလို တင်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြရပါမည်။ 
(အမိန့် ၇၊ နည်း ၁၆)

(၃၁)   စွဲဆိုသည့် တရားရုံးသည် စီရင်ပိုင်ခွင့်အာဏာရှိကြောင်း ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၁(စ))

(၃၂) အဆိုလွှာတွင် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ရုံးခွန် အလို့ငှာ အမှုတန်ဖိုးကို မှန်ကန်စွာ ဖော်ပြရသည်။ 
(အမိန့် ၇၊ နည်း ၁(ဈ)နှင့် နည်း ၁၁ (ဂ))

(၃၃)   အဆိုလွှာတွင် တရားလိုကဖြစ်စေ၊ နည်းလမ်းတကျ လွှဲအပ်ထားသော တရားလို၏ အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ လက်မှတ်ရေးထိုးရသည်။ ရှေ့နေငှားရမ်းထားပါက ရှေ့နေကလည်း လက်မှတ်ထိုးရသည်။ 
(အမိန့် ၆၊ နည်း ၁၄)

(၃၄)   အဆိုလွှာ၏ အောက်ခြေတွင် “ဝန်ခံချက်” (Verification of Pleading)ဟူ၍ ရေးပြီး အဆိုလွှာပါ မည်သည့်အပိုဒ်သည် ကိုယ်တိုင်သိရှိမှန်ကန်သည်ဟု ယုံကြည်ကြောင်း၊ မည်သည့်အပိုဒ်သည် သတင်းကြားသိ မှန်ကန်သည်ဟု ယုံကြည် ကြောင်း၊ မည်သည့်နေ့ရက်၊ မည်သည့်နေရာတွင် ဝန်ခံ လက်မှတ်ရေးထိုးကြောင်း ဖော်ပြရမည်။ 
(အမိန့် ၆၊ နည်း ၁၅)

(၃၅)   အဆိုလွှာနှင့် ပူးတွဲတင်ပြရမည့် စာချုပ်စာတမ်းများ အားကိုးအားထားပြု သော စာချုပ်စာတမ်းများကို ဖော်ပြရမည်။ 
(အမိန့် ၇၊ နည်း ၉၊ ၁၄ နှင့် ၁၈)

(၃၆)   အဆိုလွှာ၏ လက်ဝဲဘက်နံဘေး၌ မည်သည့်စာကိုမျှ ရေးသားခြင်းမပြုဘဲ လက်ဝဲဘက်နံဘေးတွင် (၂)လက်မကွက်လပ် ချန်လှပ်ထားရမည်။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)

(၃၇)   အဆိုလွှာလျှောက်လွှာ၏ ပထမစာမျက်နှာအထက်ပိုင်းတွင် ရုံးခွန်တံဆိပ်ခေါင်းကပ်ရန်အလို့ငှာ (၄)လက်မခန့် ကွက်လပ် ချန် ထားရမည်။ စာရွက်နံဘေးကွက်လပ်တွင် ရုံးခွန်တံဆိပ်ခေါင်း မကပ်ရ။ 
(တရားရုံးများလက်စွဲ အပိုဒ်-၁၁၀၉)

(၃၈)   တန်ဖိုးအလျောက် ရုံးခွန်ထမ်းဆောင်ရသည့် အမှုများတွင် ရုံးခွန်တန်ဖိုးများသဖြင့် အဆိုလွှာလျှောက်လွှာ၏ ပထမ စာမျက်နှာအထက်ပိုင်းတွင် ကပ်၍ ဆုံမည်မဟုတ်။ ထို့ကြောင့် သီးခြားစာရွက်များတွင် ရုံးခွန်တံဆိပ်ခေါင်းကပ်၍လည်းကောင်း၊ ရုံးခွန်တံဆိပ်ခေါင်း ပါရှိသည့် စာရွက်များတွင်လည်းကောင်း အဆိုလွှာခေါင်းစီးတွင် ဖော်ပြသကဲ့သို့ ရုံးအမည်၊ တရားမကြီးမှုအမှတ်၊ အမှုသည်များကို ရေးသားရိုက်နှိပ်ပြီး ရုံးခွန်တန်ဖိုး မည်မျှထမ်းဆောင်ပါကြောင်း ဖော်ပြ၍ အမှုသည်၊ သို့မဟုတ် ရှေ့နေက လက်မှတ်ရေးထိုးရမည်။

(၃၉)   ရုံးခွန်တံဆိပ်ခေါင်းများကို ရနိုင်သ၍ အမြင့်ဆုံးတံဆိပ်ခေါင်းများကို အသုံးပြုရမည်။ ရုံးခွန်တံဆိပ်ခေါင်းများ တစ်ခုအပေါ် တစ်ခု ထပ်၍ မကပ်ရ။ 
(တရားရုံးများလက်စွဲ အပိုဒ်-၉၀)

(၄၀)   တရားရုံးက ရုံးခွန်တံဆိပ်ခေါင်းအစား ငွေသားကို လက်ခံယူခြင်း မပြုရ။ စာရေးများသည် ရုံးခွန်တံဆိပ်ခေါင်းများကို လက်ခံယူသည့်အခါ ရရှိကြောင်း ပြေစာလက်မှတ်ပေးရမည်။
(တရားရုံးများလက်စွဲ အပိုဒ်-၉၀ နှင့် ၂၀၃၀)

(၄၁)   တရားပြိုင်ဦးရေရှိသည့်အတိုင်း အဆိုလွှာ မိတ္တူများ တင်သွင်း ရမည်။ 
(အမိန့် ၇၊ နည်း ၉(၁))

(၄၂)   တရားလို သို့မဟုတ် အယူခံတရားလို သို့မဟုတ် လျှောက် ထားသူတိုင်းသည် အဆိုလွှာ၊ အယူခံလွှာ သို့မဟုတ် အကျဉ်းနည်းဖြင့် စစ်ဆေးရန် တောင်းခံလွှာ သို့မဟုတ် လျှောက်လွှာ တစ်ရပ်ရပ်ကို တင်သွင်းသည့်အခါ သို့မဟုတ် စွဲဆိုရန် ရောက်ရှိသည့်အခါ မိမိအား ဆင့်ခေါ်ရန် လိပ်စာဖော်ပြသောစာများကို တရားရုံးတွင် တစ်ချိန်တည်း တင်သွင်းရမည်။
(အမိန့် ၅၊ နည်း ၂ဝ-က(၁))

(၄၃)   ကိုယ်စားလှယ်မှတစ်ဆင့် တရားစွဲဆိုရာ၌ အဆိုလွှာတွင် ကိုယ်စားလှယ်၏လိပ်စာကို ဖော်ပြပြီး “အထက်ပါလိပ်စာသည် တရားလိုထံ ဆင့်ဆိုရန် လိပ်စာဖြစ်သည်”ဟု ဖော်ပြခြင်းသည် နည်း ၂ဝ က (၁)အရ လိပ်စာတင်သွင်းရာရောက်သည်။ 
(ပြာဝါဘီဘီနှင့် မစ္စတာ အမ်အီဘရာဟင်၊ ၁၉၈၄၊ မတစ၊ ၁၀၅ (အိန္ဒိယနိုင်ငံနေ တရားလို၏ လိပ်စာကို ဖော်ပြရန် မလို။)

(၄၄)   တရားမမှုတွင် အမိန့်ဆင့်စာအတွက် ရုံးခွန်တံဆိပ်ခေါင်းမှာ တရားပြိုင်တစ်ဦးအတွက် ၂၀၀ ကျပ်၊ သက်သေအတွက် ၁၀၀ ကျပ်၊ အခြားအမိန့်ဆင့်စာအတွက် ၁၀၀ ကျပ် ထမ်းဆောင်ရသည်။
(ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများဆိုင်ရာ အမိန့်ဆင့် စာများ နည်းဥပဒေများ ၁၀ နှင့် တရားရုံးများလက်စွဲ အပိုဒ်-၁၀၀၃)။

Comments