ချွေးမ/သမက်အမွေ

ချွေးမ သားမက်တွေအနေနဲ့ ယောက္ခမရဲ့အမွေကို ကိုယ်တိုင်အဖြစ် ရခွင့်မရှိပါဘူး ဒါပေမဲ့ သူတို့ရဲ့ခင်ပွန်း ဇနီးတွေဟာ သူတို့အသီးသီးရဲ့မိဘဆီက အမွေရခွင့်ရှိပြီးမှ ကွယ်လွန်သွားရင်တော့ လင်သေမယားရ မယားသေလင်ရဆိုတဲ့ မြန်မာဓလေ့ထုံးတမ်းဥပဒေသဘောအရ အိမ်ထောင်ဘက်ရမဲ့အမွေဝေစုကို ယောက္ခမဆီ ယောက္ခမကွယ်လွန်ပြီးဖြစ်ရင် သူတို့ရဲ့သားသမီးတွေဆီက အမွေတောင်းဆိုနိုင်ပါတယ်

       အဲဒါကိုမြင်သာအောင် စီရင်ထုံးဖြစ်ရပ်တခုနဲ့ ပြောချင်ပါတယ်

        ဖြစ်ရပ်ကတော့ ဖခင်ကွယ်လွန်ပြီး ၁ နှစ်ခန့်အကြာမှာ သြရဿသား ကွယ်လွန်ပြီး သူ့ဇနီးကျန်ရစ်ပါတယ် အဲဒီဇနီးဖြစ်သူက သူ့ခင်ပွန်းကွယ်လွန်ပြီး ၃ လခန့်အကြာမှာ နောက်အိမ်ထောင်ပြုပါတယ် နောက်အိမ်ထောင်ပြုပြီးမှ ယောက္ခမဟောင်းအပေါ် သြရဿသားဖြစ်တဲ့ သူ့ခင်ပွန်းရဲ့ အမွေဝေစု ၄ ပုံ ၁ ပုံ ရဖို့ ခရိုင်တရားရုံးမှာ အမွေမှုစွဲတဲ့အခါ အနိုင်ရပါတယ်

       ယောက္ခမဖြစ်သူက တိုင်းတရားရုံးကို အယူခံဝင်ရာမှာ မအောင်မြင်တဲ့အတွက် တရားရုံးချုပ်ကို အယူခံဝင်ရာမှာတော့ ချွေးမဖြစ်သူစွဲဆိုတဲ့အမှုကို ပလပ်တဲ့အမိန့်ချမှတ်ပါတယ်

         ချွေးမဖြစ်သူက အထူးအယူခံဝင်ခွင့်လျှောက်ထားရာမှာတော့ အထူးအယူခံဝင်ခွင့်ပြုပြီး ချွေးမကို သူ့အရင်ယောကျာ်းဖြစ်တဲ့ သြရဿသားဝေစုအတွက် အမွေခွဲပေးစေတဲ့ ခရိုင်တရားရုံးရဲ့စီရင်ချက်နဲ့ဒီကရီကို အတည်ပြုပါတယ်

         ဒေါ်စန်းလွင် နှင့် ဒေါ်သန်း (ခ) ဒေါ်သန်းသန်း ၂၀၀၇ ၊ မ-တ-စ ၊ စာ- ၂၉ (အထူးအယူခံ) စီရင်ထုံးဖြစ်သည်။

Comments