အမွေဆက်ခံခွင့်လက်မှတ်ရလိုမှု

အမွေဆက်ခံခွင့်လက်မှတ် ရလိုမှု


" ရုံးခွန်"

ရုံးခွန်အက်ဥပဒေ ဇယား (၂) အမှတ်စဉ် ၁ (ခ) အရ ရုံးခွန် ထမ်းဆောင်ရမည်။ ဇယား (၁) အမှတ်စဉ် (၁၂) အရ အမွေဆက်ခံခွင့် လက်မှတ်အတွက် သီးခြားဖော်ပြထားသည့် ကြွေးမြီ သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်၏ တန်ဖိုးပေါ်တွင် ၅ ရာခိုင်နှုန်း ထမ်းဆောင်ရသည် ။ ထို့ပြင် ထိုလက်မှတ်ကို တိုးချဲ့ခြင်းကြောင့် အကျုံးဝင်လာသည့် မဖော်ပြမိဘဲ ထပ်မံပေါ်ပေါက်လာသည့် ကြွေးမြီ သို့မဟုတ် ချေးငွေ သက်သေခံလက်မှတ် တန်ဖိုးပေါ်တွင် ၇ ရာခိုင်နှုန်း ထမ်းဆောင်ရမည်။ ရုံးခွန်အစား ငွေသားပေးသွင်းနိုင်သည်။


သေဆုံးသွားသော ငွေစုသူ၏ ငွေလက်ကျန်အတွက် အမွေဆက်ခံခွင့် လက်မှတ်လျှောက်ရာ၌ ရုံးခွန်ထမ်းဆောင်ရန်မလို။ အများဆုံး စုဆောင်းခွင့်ရှိသည့် ငွေထက်မပိုကြောင်း ဘဏ်မန်နေဂျာ၏ သက်သေခံလက်မှတ် တင်ပြရန် လိုသည်။


" သက်ဆိုင်သည့်ဥပဒေ"

-------------------------------

အမွေဆက်ခံရေးဥပဒေ၊ ငွေစုဘဏ်အက်ဥပဒေ နှင့် ငွေစုလက်မှတ် အက်ဥပဒေ


" ဆုံးဖြတ်ရန်အချက်"

----------------------------

လျှောက်ထားသူသည် သေသူ၏ ကြွေးမြီများကို ကောက်ခံသိမ်းဆည်းခွင့် ရှိသူ ဟုတ် မဟုတ်။


" လျှောက်ထားရမည့်ရုံး"

-------------------------------

သေဆုံးသူ ရရန်ရှိသော ကြွေးမြီများကို အမွေဆက်ခံသူက မြီစားထံမှ တောင်းဆိုလိုလျှင် အမွေဆက်ခံရန် လက်မှတ်ကို ရှေးဦးစွာ တောင်းခံရန်လိုသည်။  

( အမွေဆက်ခံရေးအက်ဥပဒေ ပုဒ်မ ၂၁၄ )။ 

ကျန်ရစ်သူခင်ပွန်းသည် သေသူ၏ ကြွေးမြီများကို ကောက်ခံနိုင်ရန်အတွက် အမွေဆက်ခံရန် လက်မှတ်ရထိုက်သူ ဖြစ်သည်။

ကိုအေး နှင့် မခင်စောဝင်း ပါ-၅ (၆၆/၁၃၅၀)။ 


အမွေဆက်ခံရန် လက်မှတ်ထုတ်ပေးရန် စုံစမ်းမှုပြုလုပ်ခြင်းမှာ အကျဉ်းနည်းအားဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်၍ ရှုပ်ထွေးမည့် ဥပဒေအချက်အလက်များကို သုံးသပ်ရန် မဟုတ်ပေ။ 

ဒေါ်အုန်း နှင့် ဒေါ်အုန်းကျင် (၆၆/၁၁၄)။


" အမွေဆက်ခံခွင့်လက်မှတ် နှင့် အကျိုးခံစားခွင့်"

-----------------------------------------------------------

မြန်မာဗုဒ္ဓဘာသာဝင် လင် သို့မဟုတ် မယားသေဆုံးလျှင် ၎င်းရရန်ရှိသော ကြွေးမြီများကို တောင်းဆိုရန်အတွက် အမွေဆက်ခံသူက အမွေဆက်ခံရန် လက်မှတ်ရယူရန်လိုသည်။ 

မောင်ဖိုးထွား နှင့် မငွေစင် (၁၉၃၇၊ ရန်ကုန်၊ စာ-၁၃၆)။


မယားကွယ်လွန်ရာ မယား၏လစာငွေများ၊ ပင်စင်ငွေများနှင့် ဂရုဏာကြေးများအတွက် လင်က အမွေဆက်ခံရန် လက်မှတ်လျှောက်သည်။ အထက်သမီးက ၎င်း၏မိခင် မသေမီက အစိုးရထံမှရသင့်သည့် ဂရုဏာကြေးများကို ၎င်းအားပေးရန် အမည်သွင်းထားကြောင်း အကြောင်းပြသည်။ အသက်အာမခံနှင့် အိုနာစာ ရန်ပုံငွေကိစ္စများမှာ သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ရှိနေ၍ ဂရုဏာကြေးကိစ္စနှင့် မတူကြောင်း ဆုံးဖြတ်၍ အမွေဆက်ခံရန် လက်မှတ်ကိုလင်ဖြစ်သူအား ပေး သည်။ 

ကိုအေး နှင့် မခင်စောဝင်း ပါ-၅ (၆၆/၁၃၅၀)။ 


ဟိန္ဒူမိတက္ကရှာရ ဥပဒေအရ ကွယ်လွန်သူ၏ အမွေပစ္စည်းများကို ဟိန္ဒူမိသားစုအဖြစ် အမွေဆက်ခံသူသည် အမွေဆက်ခံခွင့် လက်မှတ်တင်ပြရန် မလိုပေ။ 

ဆူလူချန် နှင့် ဒေါ်စိန် (၇၀/၄)။


" တရားမအထွေထွေမှုမှ တရားမကြီးမှု မပြောင်းရခြင်း"

-------------------------------------------------------------------

 အမွေထိန်းစာ အပြိုင်အဆိုင် လျှောက်ထားလာလျှင် အမွေဆက်ခံရေးအက်ဥပဒေ ပုဒ်မ ၂၉၅ အရ တရားမကြီးမှုအဖြစ်ပြောင်း၍ စစ်ဆေးရသော်လည်း အမွေဆက်ခံခွင့် လက်မှတ် လျှောက်ထားမှုမျိုးကို တရားမကြီးမှုအဖြစ် ပြောင်းလဲစစ်ဆေးရန် မလိုချေ။ ဦးကျော်ဝင်းအောင် နှင့် ဒေါ်ညွန့် ပါ-၃ (၈၄/၁၂၀)။


" အမွေဆက်ခံခွင့်လက်မှတ် ထုတ်ပေးသင့်သူ"

----------------------------------------------------------

ယေဘုယျအားဖြင့်ဆိုလျှင် ကွယ်လွန်သူ၏ အမွေစားအမွေခံသာ လျှင် အမွေဆက်ခံခွင့် လက်မှတ်ရလိုကြောင်း လျှောက်ထားရမည် ဖြစ်သော်လည်း မည်သူမဆို လျှောက်ထားနိုင်သည်။ ကွယ်လွန်သူမြီရှင်၏ အမွေစားအမွေခံထံမှ ကြွေးမြီကို လွှဲပြောင်းရရှိသူပင် အမွေဆက်ခံခွင့်လက်မှတ် လျှောက်ထားခွင့်ရှိသည်။ ခရစ်နာမား နှင့် လပ်ချမီးရားမား 

(အေအိုင်အာ၊ ၁၉၅၁၊ မဒရပ် ၅၃၅)။ 


ကွယ်လွန်သူ ဟိန္ဒူ၏ ဗုဒ္ဓဘာသာဝင် မယားသည် လင်ယောကျာ်း၏ ကြွေးမြီကောက်ခံရန် အမွေဆက်ခံခွင့် လက်မှတ်ရခွင့်ရှိသည်။

မီဆူရီးယား၏ အမွေကိစ္စ (၆၅/၃၁၀)။ 


ထို့အတူ ကွယ်လွန်သူ မဟာမေဒင်၏ ဗုဒ္ဓဘာသာဝင် မယားသည်လည်း အမွေဆက်ခံခွင့် လက်မှတ်ရခွင့်ရှိသည်။ ဒေါ်စော နှင့် ကွယ်လွန်သူ အီးအမ်မက်မွန်း ပစ္စည်းကိစ္စ (၆၆/၈၁)။ 


တစ်ဦးထက် ပိုသူတို့အား အမွေဆက်ခံခွင့် လက်မှတ်ပူးတွဲထုတ်ပေးခြင်းမှာ ဥပဒေနှင့်မညီဟု မဆိုနိုင်။ အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၇၃ (၄) သည်

ပူးတွဲထုတ်ပေးခြင်းကို ပိတ်ပင်ခြင်းမပြုပေ။ 

ဒေါ်အုန်းဘွင့် နှင့် ဒေါ်စောမေ (၁၉၃၇၊ ရန်ကုန်၊ ၄၀၃)။ 


တရားရုံးက အမွေဆက်ခံခွင့် လက်မှတ်ထုတ်ပေးလျှင် ရုံးခွန်ဥပဒေ ဇယား ၁ အမှတ်စဉ် ၁၂ အရ ရုံးခွန်ထမ်းဆောင်ရသည်။ အမွေဆက်ခံခွင့် လက်မှတ်ထုတ်မပေးမီ အာမခံ ခံဝန်ချုပ် ချုပ်ရသည်။ (အမွေဆက်ခံရေးဥပဒေ ပုဒ်မ ၃၇၅)။


" အမွေဆက်ခံခွင့် လက်မှတ်မပါဘဲ တရားစွဲဆိုခြင်း"

----------------------------------------------------------------

ကွယ်လွန်သူရရန်ရှိသော ကြွေးမြီနှင့် စပ်လျဉ်း၍ တရားလိုသည် အမွေဆက်ခံခွင့်လက်မှတ်မပါဘဲ တရားစွဲဆိုခွင့်ရှိသည်။ အမှုစွဲဆိုပြီးနောက် ဒီကရီမချမှတ်မီ ထိုလက်မှတ်တင်ပြနိုင်လျှင် ဒီကရီရထိုက်သည်။ သို့ဖြစ်ရာ တရားလိုသည် လိုအပ်သည့် လက်မှတ်မပါဘဲ တရားမမူ စွဲဆိုထားလျှင် ထိုသို့ လက်မှတ်မပါသည့် အကြောင်းကြောင့် အမှုကို ပလပ်ခြင်း မပြုနိုင်။ ဒီကရီမချမှတ်မီ လက်မှတ်တင်ပြနိုင်ရန် အခွင့်အရေးပေးရမည်။ 

မောင်ဖိုးစိန် နှင့် မောင်ကြွယ်စိုး (၂၊ ဘီအယ်လ်တီ၊ စာ - ၅၀)။


" လျှောက်ထားသူ သေဆုံးခြင်း"

----------------------------------------

အမွေဆက်ခံခွင့်လက်မှတ်မှာ ကွယ်လွန်သူ၏ ကြွေးမြီများကို  ထောက်ခံနိုင်ရန်ပုဂ္ဂိုလ်အနေဖြင့် ထုတ်ပေးခြင်းဖြစ်သည်။ ပိုင်ဆိုင်ခွင့်ရှိသူ အနေဖြင့် ပေးခြင်းမဟုတ်ချေ။ လျှောက်ထားသူ သေဆုံးသောအခါ ၎င်း၏ အမွေစားအမွေခံများသည် ၎င်း၏လျှောက်ထားမှုကို ဆက်လက်ဆောင် ရွက်ပြီး အမွေဆက်ခံခွင့်လက်မှတ် ရခွင့်မရှိချေ။ အမွေဆက်ခံခွင့် လက် မှတ်ရ လိုလျှင် လျှောက်လွှာသစ် တင်သွင်းလျှောက်ထားရန် ရှိပေသည်။ ထိုနည်းတူ တစ်ဦးတစ်ယောက်အား လက်မှတ်ထုတ်ပေးရာတွင် ထိုသူသည် လက်ခံကောက်ခံရရှိသည့် ကြွေးမြီများကို အပြည့်အဝ ကောက်ခံခြင်း မပြုနိုင်မီ ကွယ်လွန်သွားလျှင် ၎င်း၏အမွေစားအမွေခံတို့သည် အမွေဆက်ခံခွင့်လက်မှတ်ကို ဆက်ခံခြင်းမပြုနိုင်ပေ။ အမွေစားအမွေခံများ အနေဖြင့် အမွေဆက်ခံရန် သက်သေခံလက်မှတ် ရလိုပါက တရားဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း သီးသန့်လျှောက်ထားရမည် ဖြစ်ပေသည်။ 

ဒေါ်အေးကြည် နှင့် ကွယ်လွန်သူ ဦးသာထွန်း၏ ပစ္စည်းများကိစ္စ (၆၇/၂၂၀)။


( ဦးတင်ဝင်း၊ တရားရုံးချုပ်၊ တရားမမှု (၂၈) မျိုး စီရင်ချက်ရေးသားပုံများနှင့် အကျိုးသက်ရောက်စေသည့် အမိန့်များ၊ အမွေထိန်းစာ ရလိုမှု၊ စာ - ၉၇ )

Comments