ဘဏ်ချေးမြေကွက်ဝယ်

ဘဏ်ချေးငွေယူထားတဲ့မြေကွက်လေးတွေ ဝယ်ပေးခဲ့တုန်းက -  -  -  -


ဆရာရေ ဘဏ်ပေါင်ထားတဲ့မြေကွက်လေး ဝယ်ချင်လို့ စာချုပ်လေးလုပ်ပေးပါဦး။ 

ပိုင်ဆိုင်မှုကတော့ ဘဏ်ချေးထားတာဆိုတော့ စိတ်ချရမှာပါနော်တဲ့။ ဘဏ်ပေါင်မို့လို့ ပိုင်ဆိုင်မှုက သေချာပြီးတဲ့ အကွက် လေးမို့ စာချုပ်ခ လျော့ရမယ်နော်နဲ့စလာပါတယ်။ 


စျေးတည့်ပြီလား ဆိုတော့စျေးတည့်ပြီတဲ့။ 


ဒါဆို ရှေ့နေက အရောင်းအဝယ်အတွက်စပြီး ခေါင်းစားရပါပြီ။ 


ရောင်းသူ အိမ်မှာ ဝယ်သူရှေ့နေဆိုပြီး စတိုင်လေးနဲ့ ပိုင်ဆိုင်မှုကို တခုခြင်း ကြည့်လို့မရပါဘူး။ 

ဘဏ်မှာသွားကြည့်ရပါတယ်။ ဒါတောင်ရောင်းသူက မူရင်းကြည့်ခွင့်လေး လျောက်လွှာတင်ရပါသေးတယ်။ 


ပိုင်ဆိုင်မှု သွားကြည့်တော့လည်း အမည်ပေါက်၊မှတ်ပုံတင်၊စာချုပ်စာတမ်းနဲ့ ဂရန်မှာပါတဲ့ အမည်ပေါက်၊ မြေကွက်အမှတ် ၊ မှတ်ပုံတင် တွေ အကုန် မှန်တယ် ဆိုတော့

ထုံးစံအတိုင်း သက်ဆိုင်ရာ ဂရန်ထုတ်ပေးတဲ့ဌာနကို စစ်တော့ ဘဏ်ချေးပေါ်တယ်၊  ဘဏ်ကန့်ကွက်ရှိတယ်ဆိုတော့ သိပြီ။ အတိုးမသွင်းနိုင်တာကြာပြီပေါ့။ 


ပြောရဆိုရတာတွေကတော့ အဲ့အချိန်မှာ စရတာပါ။  

ပုံမှန်အရောင်းအဝယ်ထက် ပိုတဲ့ ပြောဆိုရတာတွေ၊ ညှိနှိုင်းရတာတွေ အများကြီး အမြှပ်ထွက်အောင်ပြောရပါတယ်။ 

၁။ အရောင်းအဝယ် ဆိုတော့ သတင်းစာ ထည့်မယ်နော် ပြောတော့ ဘဏ်က သတင်းစာထည့်ရင်ကန့်ကွက်ရမှာပါတဲ့။ ကိုယ်ကလည်း သတင်းစာ မထည့်ရင် နောင်ကာလမှာ အရှုပ်အရှင်း ပေါ်မှာစိုးတော့ မရဘူးကြေညာမှာဘဲ ပြော။ နောက်ဆုံးတော့ ရှေ့နေကဘဲ ဘဏ်မန်နေဂျာကိုရှင်းပြ၊ စရန်စချုပ်နဲ့ အပေါ်စာရေးပြီးတင်ပေးပြီးမကန့်ကွက်ဖိုညှိရတယ်။ 

၂။နောက်တချက်က တော့ ရောင်းစျေးနဲ့ ဘဏ်ချေးငွေ ကိစ္စပါ။ ရောင်းသူက ငွေပိုလေးသာရမှာပါ။ ရမှာက အရောင်းတန်ဖိုးရဲ့ ၃၀% လောက်သာဖြစ်နေပြီး ဘဏ်ကြွေးဆပ် ရမှာက ၇၀% လောက်ဆိုတော့ ဝယ်သူဘက်က လန့်တာလဲ မဆန်းပါဘူး။ 

၃။ ပိုင်ဆိုင်မှုကဘဏ်မှာဆိုတော့ အရောင်း မြေပုံကလည်း ကူးမရလို့ ငွေကို ပုံမှန်အရောင်းအဝယ်တိုင်းချေလို့လည်း မရ။ ဘဏ်ကိုသွင်းမှ ပိုင်ဆိုင်မှုပြန်ရမှာမို့ ရောင်းသူလက်ထဲကို ဘဏ်သွင်းငွေဖယ်ပြီး ပိုငွေထဲက တစိတ်တဒေသကိုသာ စရန်အဖြစ်ပေးပြီး ဘဏ်ကို ရောင်းသူ နဲ့အတူ တိုက်ရိုက်ငွေသွင်းပေးဖို့ အပြန်အလှန် ညှိကြရပါတယ်။ ကြားထဲမှာ အရောင်းကာလအတွင်း ရောင်းသူအတွက် အတိုးတွေထပ်မနစ်နာစေဖို့၊ ဝယ်သူလည်း စိတ်ချရအောင် လိုအပ်ချက်တခုထိ လိုက်လျောပေးဖို့ နားကွဲမတက် ဖုန်းရော၊ လူတွေ့ပါ ရှင်းပြရ။ ပြောပြရ တာတွေက သာမာန် အရောင်းအဝယ်စာချုပ်တခုထက် များစွာပိုလုပ်ရပါတယ်။ 


၄။ အဲ့မှာ ရှင်းပြနိုင်တဲ့ အကျိုးဆောင်၊ ပွဲစားက ဆရာဘဲ။ 

ရောင်းသူကလည်း ကိုယ့်လက်ရှိအခြေအနေအပေါ် တခါမှ မမြင်ဖူး၊ မသိကျွမ်းဖူးတဲ့ ဝယ်သူကို စိတ်သက်သာအောင် လိုက်လျောပေးတာတွေ၊ ယုံကြည်မှုတည်ဆောက်ပေးရတာတွေက မရှိမဖြစ် လိုအပ်လာပါတယ်။ 


၅။ ကြားမှာတော့ ဘဏ်ငွေသွင်းရင် တရက်ထဲမှာပိုင်ဆိုင်မှုတွေ ပြန်လိုချင်ကြတာကြောင့် ရောင်းသူငွေစာရင်းကိုတိုက်ရိုက် ငွေသွင်းလို့ရအောင် ဝယ်သူကလည်း ဘဏ်မတူရင် တူအောင်လို့ အပေါင်ပစ္စည်းရှိတဲ့ဘဏ်မှာ ငွေစာရင်း ဖွင့်ပြီး ငွေကြိုသွင်းတာတွေ လုပ်ကြရပါတယ်။ ဒါတွေကအစ ရှေ့နေကို တိုင်ပင်တော့တာ။ 


၆။ ဘဏ်ကိစ္စပြီးတော့လည်း ဘဏ်ချေးမြေပုံ သေချာသိမ်းဖို့နဲ့ ကန့်ကွက်ပြန်ဖျက်နိုင်အောက် ဘဏ်ပြတ် ထောက်ခံစာလေးထုတ်ပြီး သေချာသိမ်းဖို့ လည်း မမေ့မလျော့ မှာရပြန်ပါတယ်။ 


ဒီအဆင့်ရောက်လာပြီဆို ရင်တော့ပုံမှန် အရောင်းအဝယ်အတိုင်း ခရီးဆက်နိုင်ပါပြီ။ 


အကျိုးဆောင်ရဲ့ပါးနပ်မှု၊ ရှေ့နေနဲ့တိုင်ပင်ဆွေးနွေး အကြံပေးမှုတွေ၊ ရောင်းသူရဲ့ တကယ့်ရောင်းလိုတဲ့ဆန္ဒကြောင့် လိုက်လျောမှုများရယ်၊ ဝယ်သူရဲ့ ငွေ တလုံးထဲ သုံးပေးနိုင်တဲ့ယုံကြည်မှုတွေ စတဲ့အချက်တွေကြောင့် —-

စရန်ပေးပြီး သတင်းစာရက်ပြည့်တော့ ဘဏ်ငွေအကျေတခါထဲသွင်းပေးရင်း အရောင်းအဝယ်ကာလအတွင်း တက်မဲ့အတိုး သက်သာစေခဲ့ပါတယ်။ 

ဝယ်သူလည်း လက်ခံနိုင်အောင် ရောင်းသူက အိမ်အရင်အပ်ပေး၊ အိမ်သော့ကို အရင်ခတ်ပြီးမှ ဝယ်သူ ရောင်းသူ စရန်ကြီးချုပ်ပြီး ရောင်းသူအမည်နဲ့ ဝယ်သူက ဘဏ်မှာငွေတိုက်ရိုက်သွင်း ပေးလိုက်ပါတယ်။ အဲ့ချိန်မှာရောင်းသူက အိမ်သော့ပေးလိုက်ကြပါတယ်။

ဝယ်သူကလည်း အိမ်လက်ရောက်ရထားတော့ ကျေနပ် နေသလို ၊ ရောင်းသူကလည်း တစ်လစာဆို သိန်းရာဂဏန်းအတိုး သက်သာလို့ ပျော်ပြီး နှစ်ဘက်အဆင်ပြေကြပါတယ်။ 

ဘဏ်ပေါင်အရောင်းဟာ ပုံမှန်အရောင်းထက် ပိုစေ့စပ်ရပါတယ်။ ပိုအကြံပေးညှိနိုင်းရပါတယ်။

### ဘဏ်မန်နေဂျာကြီးကပြောပါတယ်။ ရှေ့နေက တအားပူတက်တယ်နော်တဲ့။ ဘဏ်ကရှေ့နေတွေနဲ့ သေချာစိစစ်ပြီးမှ အပေါင်လက်ခံတာပါတဲ့###


### တစ်ခုပဲ ပြန်ပြောခဲ့ပါတယ်။ ဟုတ်ကဲ့ ပူပါတယ်။ ### ကိုယ့်အမှုသည်အတွက်မို့ ပူတာဖြစ်သလို၊အမှားတွေ  ကြုံဖူး၊ မြင်ဖူးတာကြောင့်ဆိုလဲ မမှားပါဘူး။


( *** အကြံပြုချက်။    ။ ဘဏ်ပေါင်ထားတာမို့ ပိုင်ဆိုင်မှုသေချာပါတယ်ဆိုပြီး လျော့မတွက်သင့်ပါ။ မြေစာရင်းစစ်ပါ။ သတင်းစာကြေညာကို ရအောင်ထည့်ပါ။ ပိုင်ဆိုင်မှု မူရင်းတွေ ဘဏ်ကနေ တခါထဲ ဝယ်သူ့လက်ထဲ တန်းပေးမှာကို ကျေနပ်ပြီး ငွေမသွင်းပါနဲ့။ ပိုင်ဆိုင်မှုတွေလက်ထဲကိုင်ပြီး ရှေ့ဆက်မရတဲ့သူတွေ ရှိတာကို အတွေ့အကြုံများတဲ့ ရှေ့နေတွေနဲ့ ကာယကံရှင်တွေသာ သိကြ၊ကြုံဖူးကြပါတယ်။*** ) 

Comments