ဖမ်းဆီးခံထားရစဉ်ထွက်ဆိုချက်

ဖမ်းဆီးထားစဉ်ထွက်ဆိုချက်

ရဲအချုပ်တွင် ရှိနေစဉ် တပ်မတော်အရာရှိ တစ်ဦးထံတွင် ဖြောင့်ဆိုဝန်ခံခြင်း အရ မသင်္ကာစရာအချက်ဖြင့် အပြစ်မပေးနိုင်ကြောင်း  ဦးသိန်း နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၊ ၁၉၆၆ မတစ ၁၅၈ C.C အမှုတွင် ထုံးဖွဲ့ဆုံးဖြတ်ထားသကဲ့သို့၊ ရဲအဖွဲ့မှ တပ်သို့အပ်၍ အချုပ်နှင့် ရှိစဉ် ပေးခဲ့သော တရားခံ၏ အစစ်ခံချက်သည် သက်သေခံ မဝင်ကြောင်း ဦးမင်း နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ၁၉၇၇ မတစ ၂၂ အမှုတွင် ထုံးဖွဲ့ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် တပ်မတော် ထောက်လှန်းရေးအဖွဲ့ တန်ခိုးကြီးထွားနေသည့် ၁၉၉၁ ခုနှစ်တွင်မူ တပ်မတော် နည်းဥပဒေ ၂၂ (၂) (၃) (၄) အရ တပ်မတော် ထောက်လှန်းရေးအဖွဲ့ဝင်တို့ ရှေ့တွင် အစစ်ခံချက်သည် သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့ ပြုလုပ်ကြောင်း မထင်ရှားလျှင် ယင်း စစ်ကြောချက်များကို လက်မခံနိုင်စရာ အကြောင်း မရှိဟု လေသံပြောင်း၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် ဦးရဲနောင် ပါ (၂)၊ ၁၉၉၁ မတစ ၆၃ တွင် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် ၂၀၀၅ ခုနှစ်သို့ ရောက်ရှိလာသည့်အခါ၊ တရားခံ အပေါ် အပြစ်ပေးနိုင်ရန် စဉ်းစားရာတွင် ညီညွတ်သော သက်သေခံချက်များ လိုအပ်သည်၊ အခြား သက်သေခံချက် မရှိဘဲ ပူးတွဲတရားခံ၏ ရဲထံ အစစ်ခံချက် တစ်ခုတည်းဖြင့် ကျန်တရားခံအပေါ် ပြစ်မှုထင်ရှား စီရင်ရန် မသင့်ကြောင်းဖြင့် ဇော်ကြီး (ခ) ဇော်လွင်ထွန်း နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ၂၀၀၅ မတစ ၁ စီရင်ထုံးတွင်လည်းကောင်း၊ တပ်မတော် ထောက်လှန်းရေးထံတွင် ပူးတွဲတရားခံက ထွက်ဆိုခဲ့သော ထွက်ဆိုချက်သာ ရှိပြီး၊ ထိုအချက်ကို ထောက်ခံသည့် အခြား သက်သေခံချက် မရှိလျှင် ပူးတွဲတရားခံ၏ ထွက်ဆိုချက် တစ်ခုတည်းဖြင့် ကျန်တရားခံ အပေါ် ပြစ်မှု ထင်ရှား စီရင်ရန် မသင့် ဟု ဦးကိုကြီး နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ၂၀၀၅ မတစ ၂၀ စီရင်ထုံးတွင်လည်းကောင်း တရားစီရင်ရာတွင် သုံးသပ်ဆုံးဖြတ်ချက်များကို မျက်ခြည် မပြတ်ကြရန် လိုအပ်ပါသည်။ 

Comments