ပေါင်နှံခြင်း(၆)မျိုးအကြောင်း သိကောင်းစရာ

ယနေ့ခေတ်မှာ ငွေကြေးအခက်အခဲတွေကြောင့် မိမိတို့ပိုင် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း တွေကို ပေါင်နှံလာကြတယ်။ သို့သော် တစ်ဖက်တွင် ငွေရှင်များကလည်း မိမိတို့ငွေကြေးမဆုံးရှုံးစေရေးအတွက် အရောင်းစာချုပ်များချုပ်ဆိုကြပြီး ပေါင်နှံသူများဘက်ကလည်း ငွေကြေးလိုအပ်ချက်ကြောင့် အလျင်စလိုပြုမူမိကြစေရန် လိုပါတယ်။


(၁) အပေါင်ရိုးရိုး

အပေါင်ပစ္စည်းကို အပေါင်ခံသူသို့ လက်ရောက်မပေးအပ်မီ အပေါင်နဲ့ချေးယူတဲ့ငွေကို ပေးဆပ်ဖို့ ပေါင်နှံသူက ကိုယ်တိုင်ဝန်ခံပြီး ဝန်ခံတဲ့အတိုင်း ပေးဖို့ပျက်ကွက်ခဲ့ရင် အပေါင်ခံသူက ပစ္စည်းကိုရောင်းချကာ ရောင်းရငွေအနက်က အပေါင်နဲ့ချေးယူငွေကိုသိမ်းယူခွင့်ရှိစေရမယ်လို့ ကတိ ထားတဲ့ပေါင်နှံခြင်းမျိုးကို အပေါင်ရိုးရိုးဟု ခေါ်ပါတယ်။


(၂) ရောင်းပေါင်

ပေါင်နှံသူက အပေါင်ပစ္စည်းကို ရောင်းချတဲ့နေရာမှာ (၁)အပေါင်နဲ့ချေးယူငွေကို ဘယ်နေ့ဘယ် ရက်မှာ မပေးမဆပ် ပျက်ကွက်ခဲ့ရင် ရောင်းချခြင်း အပြီးအပြတ်ဖြစ်စေရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ ဖြစ်ဖြစ်၊ (၂) ဆိုခဲ့တဲ့အပေါင်ငွေကို ချိန်းဆိုထားတဲ့ နေ့ရက်မှာ ပေးဆပ်ခဲ့လို့ရှိရင် ရောင်းချခြင်း ပျက်ပြယ်စေရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ဖြစ်ဖြစ်၊ (၃) ဆိုခဲ့တဲ့အပေါင်ငွေကိုပေးဆပ်တဲ့အခါ ပစ္စည်းကို ဝယ်သူက ရောင်းသူကို ပြန်လည်လွှဲပြောင်းပေးအပ်ဆိုရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ဖြစ်ဖြစ် ရောင်းချ တာကို ရောင်းပေါင်လို့ခေါ်ပါတယ်။


(၃) ပစ္စည်းလက်ရောက်ပေး၍ပေါင်နှံခြင်း

အပေါင်ပစ္စည်းကို လက်ရှိထားစေဖို့ အပေါင်ခံသူကို လွှဲအပ်ပေးတယ်။ ပစ္စည်းကထွက်တဲ့အမြတ်အစွန်း၊ ငှားရမ်းခတွေကို အပေါင်ခံသူက ခံယူစေဖို့ အပေါင်ငွေ ဒါမှမဟုတ် အတိုးငွေအတွက် ခုနှိမ်ရယူစေဖို့ ခွင့်ပြုချက်နဲ့။ ဒီလိုပေါင်နှံခြင်းကို ပစ္စည်းလက်ရောက်ပေး၍ပေါင်နှံခြင်းဟု ခေါ်ပါတယ်။ (စကားချပ်-အရပ်အခေါ် အပိတ်ပါ)


(၄) အင်္ဂလိပ်အပေါင် 

ပေါင်နှံသူက အပေါင်ခံသူကို အပေါင်ပစ္စည်း အပိုင်လွှဲပြောင်းပေးတယ်။ ဒါပေမယ့် အပေါင်နဲ့ ချေးငွေကို ဘယ်နေ့မှာ ပေးဆပ်ရမယ်လို့ ဝန်ခံထားတဲ့အတိုင်း ပေးဆပ်ခဲ့လို့ရှိရင် အဲ့ဒိပစ္စည်းကို ပေါင်နှံသူကို ပြန်ပြီးလွှဲပြောင်းပေးစေရမယ်ဆိုတဲ့ ကန့်သတ်ချက်ထားပြီး ပေါင်နှံခြင်းကို ခေါ်ပါတယ်။


(၅) စာချုပ်အပ်၍ပေါင်နှံခြင်း

 ပေါင်နှံသူက ပေါင်လိုတဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းရဲ့ ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းတွေကိုသာ အာမခံအဖြစ်ပေးအပ်ပြီး အပေါင်ငွေချေးယူခြင်းကို စာချုပ်အပ်၍ပေါင်နှံခြင်းလို့ ခေါ်ပါတယ်။


(၆) ထုံးနည်းမကျပေါင်နှံခြင်း

အထက်ဖော်ပြပါ ပေါင်နှံခြင်း(၅)မျိုးတွင် အကျုံးမဝင်သော ပေါင်နှံခြင်းကို ထုံးနည်းမကျပေါင်နှံခြင်းလို့ခေါ်ပါတယ်။

Comments