ထိမ်းမြားလက်ထပ်ခြင်းနှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ။

ထိမ်းမြားလက်ထပ်ခြင်းနှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ။

===========================


( က ) ထိမ်းမြားလက်ထပ်ခြင်းသည် လောကီရေးဖြစ်သည်။


ယဉ်ကျေးသောနိုင်ငံတိုင်း ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ထောင်တည်ထောင်ခြင်း စသည်တို့ကို ကုန်ရောင်း ကုန်ဝယ်အဖြစ် မသတ်မှတ်ဘဲ လူမှုရေးကိစ္စတစ်ရပ်ဟု လက်ခံကျင့်သုံးကြသည်။ ထိမ်းမြားလက်ထပ်ခြင်းမှာ ကာယကံရှင်နှစ်ဦးနှင့်သာ သက်ဆိုင်ခြင်းမှန်သော်လည်း လူ့အဆောက်အအုံနှင့်လည်း ပတ်သက်နေပေသည်။


ထို့ကြောင့် ထိမ်းမြားလက်ထပ်သောအခါ နှစ်ဦးနှစ်ဖက်တို့သည် မည်သည့် အရည်အချင်းများနှင့် ပြည့်စုံ ရမည်၊ မည်သို့နေထိုင် ပေါင်းသင်းကြမှ တရားဝင်လင်မယားမြောက်သည်။ အိမ်ထောင်ဖျက်သိမ်း၍ ကွာရှင်း လိုကြလျှင်လည်း မည်သို့သောအကြောင်းများ ခိုင်ခိုင်လုံလုံရှိရမည် စသည်တို့ကို လူ့အဖွဲ့အစည်းက စည်းကမ်း များသတ်မှတ်ပေးထားသည်။ ထိုစည်းကမ်းမှာ ကုန်ပစ္စည်း အရောင်းအဝယ်ပြုလုပ်ရာတွင် သတ်မှတ်ကျင့် သုံးကြသည့် စည်းကမ်းများနှင့် ထပ်တူ မဟုတ်ပေ။ သီးခြားထားသည့် လူမှုရေးစည်းကမ်း ဖြစ်သည်။


( ခ ) လင်မယားဖြစ်ရာ အကြောင်းသုံးပါး။


မနုကျယ်ဓမ္မသတ်ဒ္ဓါ ဒဿမတွဲ၊ အခန်း-၁ ၌ လင်မယားဖြစ်ရန် အကြောင်းသုံးပါးမှာ -


၁။ မိဘနှစ်ပါး ၊ ပေးထိမ်းမြား၍ နေစားကြသော လင်မယားတစ်ပါး


၂။ သူတစ်ပါးတို့ အောင်သွယ်၍နေစားခြင်းလည်း တစ်ပါး


၃။ နှစ်ဦးသဘောတူ နေစားခြင်းလည်း တစ်ပါး


( ဂ ) လက်ထပ်မည့် သတို့သား သတို့သမီးတို့ လိုအပ်သည့်အရည်အချင်းများ။


၁။ သတို့သား သတို့သမီး နှစ်ဦးလုံး ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ပဋိညာဉ်ဥပဒေ ပုဒ်မ-၁၁ အရ တရားဝင် အရွယ်ရောက်သည့် အသက် ( ၁၈ ) နှစ် ပြည့်သူများ ဖြစ်ရမည်။


၂။ တရားဝင်အကြင်လင်မယားဖြစ်ဖို့ ယောကျာ်းစစ်စစ်နှင့် မိန်းမစစ်စစ် ဖြစ်ရမည်။


၃။ ယောကျာ်းလေးသည် အိမ်ထောင်ပြုရန်အတွက် ကျန်းမာသန်စွမ်းရမည်။


၄။ မိန်းကလေးသည် မုဆိုးမ၊ တစ်ခုလပ်၊ တစ်လင်ကွာ မဟုတ်လျှင် အသက် ( ၂၀ ) ပြည့်ရမည်။ မပြည့်က မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် ရှိရမည်။


၅။ ခုပစ္စုပ္ပန်မှာ လင်မယားအဖြစ် အိမ်ထောင်ပြုဖို့ရည်ရွယ်ပြီး သဘောတူညီချက်ဆန္ဒကို လွတ်လပ်စွာ ပေးရမည်။


၆။ နှစ်ဦးစလုံး စိတ်ပေါ့သွပ်သူ မဖြစ်စေရ။


၇။ မိန်းမတွင် မပြတ်စဲသေးသည့် တရားဝင်လင်ယောကျာ်း မရှိစေရ။ ( ရှိလျှင် ထိုလင်က မယားခိုးမှု ပြစ်မှုပုဒ်-၄၉၇ နဲ့ အမှုဖွင့်လို့ရတယ်)


၈။ အထင်အရှား ထိမ်းမြားလက်ထပ်မှု တစ်စုံတစ်ရာမလုပ်ခဲ့လျှင် လင်မယားအဖြစ် လူသိရှင်ကြား ပေါင်းသင်း နေထိုင်ရပါမည်။


၉။ လက်ထပ်စာချုပ် ( သို့ ) ထိမ်းမြားမင်္ဂလာ ကတိသစ္စပြုလွှာကို တံဆိပ်ခေါင်းခွန် ၂၅ဝိ/ -ထမ်းဆောင် ရပါမည်။


၁၀။ လက်ထပ်ရာ၌ မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီ လက်ထပ်ခြင်း၊ သက်ဆိုင်ရာတရားရုံး ( သို့ ) အခွင့်ရ တရားရေး အရာရှိထံတွင် ထိမ်းမြားလက်ထပ်နိုင်ပါသည်။


( ဃ ) ခန်းဝင်ပစ္စည်းကိစ္စ


၁။ လက်ထပ်ရန် ရည်ရွယ်ပြီး ခန်းဝင်ပစ္စည်းကို သတို့သမီးအိမ် ကြိုပို့ထားပြီး အကြောင်းမညီညွတ်၍ လက်မ ထပ်ဖြစ်က ပြစ်မှုပုဒ်မ-၄၀၆ နဲ့ အမှုဖွင့်လို့မရပေမယ့် ပစ္စည်းပြန်တောင်းလို့ မပေးရင် တရားမကြောင်းနဲ့ ပစ္စည်း ပြန်ရလိုကြောင်း စွဲလို့ရပါတယ်။


၂။ စေ့စပ်ကြောင်းလမ်းချိန်မှာ သတို့သားက သတို့သမီးအတွက် တင်ထားသည့်ပစ္စည်းကို စေ့စပ်ကြောင်းလမ်းမှု ပျက်သွားက မိန်းကလေးမိဘများအနေနဲ့ ပစ္စည်းပြန်ပေးရပါမည်။

 ( မောင်လောဖြူနဲ့ မဘော၊ ၁၁ ၊ ရန်ကုန်၊ ၁၄၃ )


[ဦးမြင့်လွင်( တရားလွှတ်တော်ရှေ့နေ ) ၊ စာချုပ်စာတမ်းအမျိုးမျိုး ချုပ်ဆိုနည်းလမ်းညွှန်၊ ပဉ္ဓမအကြိမ်၊ ၂၀၁၄ ခုနှစ် ၊ နိုဝင်ဘာလ ၊ စာ ၁၈၄]။

Comments