ရဲထံမမှန်မကန်သတင်းပေး အရေးယူခွင့်ရှိမရှိ

 ရဲအမှုစစ်ထံတွင် အစစ်ခံချက်ပေးသော သက်သေတစ်ဦးကို မမှန်မကန်သတင်းပေးထွက်ဆိုသည်ဆိုကာ အရေးယူခွင့်ရှိ-မရှိ ။


" ၂၀၀၄ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံတရားစီရင်ထုံးစာ-၁၁ "


ဆုံးဖြတ်ချက် ။            ။   လျှောက်ထားသူများကို အရေးယူထားသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ ၏ ပြဌာန်းချက်မှာလည်း "ကျူးလွန်ပြီးဖြစ်သော ပြစ်မှုနှင့်စပ်လျဉ်း၍ မမှန်သတင်းပေးခြင်း" (giving false information respecting an offence committed ) အတွက် ပြဌာန်းထားသော ပုဒ်မဖြစ်ကာ ယခုကဲ့သို့ရဲအရာရှိထံ သက်သေအစစ်ခံချက်ပေးခြင်းနှင့် စပ်ဆိုင်ခြင်းမရှိပေ၊


လျှောက်ထားသူအတွက် - ဦးရဲနောင် (တရားရုံးချုပ်ရှေ့နေ) ၊


လျှောက်ထားခံရသူအတွက်  -  ၁ ။ လက်ထောက်ညွှန်ကြားရေးမှူး၊ရှေ့နေချုပ်ရုံး၊ 

                                           ၂ ။  ကိုယ်တိုင် (မလာ) ၊


        ပဲခူးမြို့နယ်တရားရုံးပြစ်မှုကြီးအမှတ် ၉၂၃/ ၂၀၀၄ တွင် တရားလိုဒုရဲအုပ်မိုးခိုင်က တရားခံဦးတင်ချစ်ပါ ၇ ဦးတို့အပေါ်  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ အရ အရေးယူပေးရန်ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တ၇ားရုံး က လျှောက်ထားသည့်အတိုင်း အရေးယူရန်ဆုံးဖြတ်ခဲ့သည်၊ အဆိုပါ မြို့နယ်တရားရုံးက အရေးယူသည့်အမိန့် ကို ဦးတင်ချစ်ပါ ၇  ဦးတို့က မကျေနပ်၍ တရားရုံးချုပ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁ - က အရ ချေဖျက်ပေးရန် ဤပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွှာကို လျှောက်ထားလာခြင်းဖြစ်သည်၊


         အမှုမှာ ၁၄-၉-၂၀၀၃ ရက်နေ့၁၃ နာရီအချိန်က ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ပဲခူးမြို့အ၀င် ကလိမြို့ ပတ်ကားဂိတ်၌ ဦးကံထူးမောင်စီးလာသော ဆိုင်ကယ်နှင့် ဦးကျော်အုံးမောင်းနှင်သော မြို့ပတ်ကား (စ/၉၂၂၅ )တို့တိုက်မိပြီး ဦးကံထူးမောင်သေဆုံးသွားရာ ဦးကျော်အုံးကို ပဲခူးမြို့နယ်တရားရုံး၊ ပြစ်မှုကြီးမှုအမှတ် ၁၀၀၆၆/၂၀၀၃ဖြင့် တရားစွဲဆိုထားစဉ် အဆိုပါယာဉ်တိုက်မှုတွင် အမှုစစ်ဒုရဲအုပ်မိုးခိုင်က သက်သေအဖြစ် ခေါ် ယူမေးမြန်းစစ်ဆေးခဲ့သော ဦးတင်ချစ်၊ ဦးလှမြင့်၊ ဦးငြိမ်းချမ်း၊ ဦးဇော်မင်းထွန်း၊ ဦးရဲထွဋ်၀င်း၊ ဦးသံချောင်းနှင့် ဦး၀င်းရှိန်တို့၇ ဦးသည် အမှုစစ်ဒုရဲအုပ်မိုးခိုင်၏ ရှေ့မှောက်တွင် မမှန်မကန်ထွက်ဆို အစစ်ခံခဲ့ကြသဖြင့် ဦးတင်ချစ်ပါ၇ဦးတို့အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ အရ အရေးယူပေးရန် ဦးတိုက်လျှောက်ထားရာမှ ပေါ်ပေါက်လာသော အမှုဖြစ်သည်၊


               လျှောက်ထားသူ၏ ရှေ့နေက မူလရုံးတရားလို ဒုရဲအုပ်မိုးခိုင်အနေဖြင့် ၄င်းအမှုစစ်အဖြစ် ဆောင်ရွက်သော ယာဉ်တိုက်မှုတွင် သက်သေ စိုးရာဇာပါ ၅ ဦး၏ ထွက်ဆိုချက်နှင့် ဦးတင်ချစ်ပါ ၇ ဦးတို့၏ ထွက်ဆိုချက်မှာ တဘက်နှင့် တဘက်ဆန့်ကျင် ကွဲလွဲနေသည့်အတွက် မည်သည့်ဘက်က ထွက်ဆိုချက်မှန်သည်မှားသည်ကို အမှုစစ်တစ်ဦးအနေဖြင့် ဆုံးဖြတ်နိုင်ခွင့်ရှိသူ တစ်ဦးမဟုတ်၍ ဦးတင်ချစ်တို့အပေါ်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ ဖြင့် တရားစွဲဆိုခွင့်ရှိမည် မဟုတ်ပါကြောင်း၊ ဦးတင်ချစ်ပါ၇ဦးတို့သည် မူလရုံး၌ ယခုအမှုဖြင့် တရားစွဲဆိုခံရသည့် အချိန်အထိ မည်သည့် တရားရုံးတွင်မျှ အဆိုပါ ယာဉ်တိုက်မှုအတွက် သက်သေအဖြစ် အစစ်ခံထွက်ဆိုရခြင်းလည်း မရှိသေးပါကြောင်း၊ တရားရုံးရှေ့၌ ထွက်ဆိုခဲ့ပြီးဖြစ်လျှင်လည်း သက်သေတစ်ဦးအား တရားရုံး၌ အစစ်ခံ ထွက်ဆိုစဉ် ရဲထံအစစ်ခံချက်နှင့်ကွဲလွဲနေပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ ရဲထံအစစ်ခံချက်နှင့် တိုက်ဆိုင်မေးမြန်း၍ သက်သေက ရဲထံအစစ်ခံချက် မမှန်ကြောင်း၊ သို့မဟုတ် ရဲထံအစစ်ခံချက်အတိုင်း မထွက်ဆိုခဲ့ကြောင်း ထွက်ဆိုလျှင်ပင် အဆိုပါသက်သေကို ရဲထံမမှန်အစစ်ခံမှုဖြင့် အရေးယူ တရားစွဲဆိုပိုင်ခွင့်မရှိပါကြောင်း၊ ရဲအရာရှိထံ မမှန်မကန်ထွက်ဆို အစစ်ခံရုံမျှဖြင့် အစစ်ခံသူ သက်သေအား မည်သည့်ပြစ်မှုဆိုင်ရာဥပဒေကမျှ တရားစွဲဆိုခြင်း တရားစွဲဆိုခြင်း ခံထိုက်ရကြောင်း ပြဌာန်းချက် လုံး၀မရှိပါကြောင်း။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ အရ အရေးယူရန်မှာလည်း မမှန်သောသတင်းတစ်ခုခုကို မိမိအလိုအလျောက် သတင်းပေးခြင်းနှင့်သာ သက်ဆိုင်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ အရ သတင်းပေးခြင်းနှင့် သက်ဆိုင်ရန် လိုမည်ဖြစ်ပါကြောင်း၊ ယခုအမှုတွင် အပေါ်ယံကြည့်ရုံမျှဖြင့် မည်သည့်ပြစ်မှုမျှ မမြောက်ဟု ပေါ်ပေါက်နေခြင်း၊ ပြစ်မှုအင်္ဂါရပ်နှင့်မညီခြင်း၊ တရားခံများအပေါ် စိတ်အနှောက်အယှက်ပေးရာ ကျရောက်နေခြင်း၊ ရာဇ၀တ်တရားစီရင်ရေးယန္တရားကို အလွဲသုံးစားပြုထားခြင်း စသည်များ ပေါ်ပေါက်နေသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-က အရ ချေဖျက်ပေးသင့်ကြောင်း တင်ပြသည်၊


          လျှောက်ထားခံရသူအတွက် ရှေ့နေချုပ်လက်ထောက်ညွှန်ကြားရေးမှူးက ယခုအမှုမှာ ပဲခူးတိုင်း (တယက)၏ ညွန်ကြားချက်၊ ပဲခူးတိုင်း ဥပဒေရုံးပါ၀င်သော စုံစမ်းရေးအဖွဲ့၏ အစည်းအဝေးညှိနှိုင်းချက်၊ ဆုံးဖြတ်ချက်များအရ အရေးယူခဲ့သောအမှုဖြစ်ကာ လျှောက်ထားသူများအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ အရ အရေးယူရန် ဆုံးဖြတ်ခဲ့သော တရားသူကြီးသည် တရားလို၏ တိုင်လျှောက်ချက်အပေါ် မူတည်၍ လုံလောက်သော အကြောင်းရှိ၍သာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၄အရ လျှောက်ထားသူများကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပါကြောင်း လျှောက်ထားသူများ တင်ပြသကဲ့သို့အမှုတွဲချေဖျက်ပေးရန် ကိစ္စတွင် တရားလိုဘက်မှ စွပ်စွဲချက်များကို မှန်ကန်သည်ဟု လက်ခံသည့်တိုင်အောင် တရားခံအနေဖြင့် ပြစ်မှုတစ်ရပ်ကျူးလွန်ကြောင်း ပေါ်ပေါက်ခြင်း ရှိ-မရှိ ပြစ်မှုမြောက်သည့် စွပ်စွဲချက်များကို ထောက်ခံသည့် သက်သေခံချက်ရှိ-မရှိဆိုသော အချက်များကို အလေးနက်ထား၍ စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယခုအမှု၌ လျှောက်ထားသူများအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ သို့မဟုတ် ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်ခြင်းမရှိကြောင်း ထောက်ခံသည့် သက်သေခံချက်မရှိဟု စဉ်းစားသုံး သပ်နိုင်ခြင်းမရှိသေး၍ အမှုတွဲချေဖျက်ပေးရန် မသင့်သေးပါကြောင်း၊ယခုအမှုတွင် သက်သေများ ကြားနာစစ်ဆေးခြင်း မပြုရသေးပါကြောင်း။ တရားလိုပြသက်သေများကို စစ်ဆေး၍ လျှောက်ထားသူများအပေါ် ပြစ်မှုမမြောက်ကြောင်း ပေါ်ပေါက်သည့်အချိန်တွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၁) အရ စွဲချက်မတင်မီ ပြန်လွှတ်ရန် လျှောက်ထားနိုင်ခြင်း၊ အမှုတွဲချေဖျက်ပေးရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-က အရ လျှောက်ထားခြင်းများ ပြုလုပ်နိုင်ပါသဖြင့် ယခုအဆင့်၌ အမှုတွဲချေဖျက်ပေးရန် မသင့်ကြောင်းတင်ပြသည်၊


        မူလရုံးအမှုတွဲကို လေ့လာကြည့်ရာ ၁၃-၁-၂၀၀၄ ရက်နေ့တွင် တရားလိုဒုရဲအုပ်မိုးခိုင်၏ ဦးတိုက် လျှောက်ထားတရားစွဲဆိုလွှာအပေါ်တွင် မူတည်ပြီးမူလရုံးက တရားခံ(ယခုလျှောက်ထားသူ) ရ ဦးကို ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၀၃ အရ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်၊


        ဒုရဲအုပ်မိုးခိုင်၏ ဦးတိုက်လျှောက်လွှာပါ ဖေါ်ပြချက်များအရ ၁၄-၉-၂၀၀၄ ရက်နေ့က ဖြစ်ပွားသော မော်တော်ဆိုင်ကယ်နှင့် မြို့တော်ယာဉ်အမှတ် (စ/ ၉၂၂၅) တို့ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် သက်သေစိုးရာဇာပါ ၅ တို့၏ထွက်ဆိုချက်များအရ မြို့ပတ်ကား ယာဉ်မောင်းဦးကျော်အုန်း၏ ပေါ့ဆစွာ ပြုလုပ်မှု၊ မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပေါ်ပေါက်ပြီး လျှောက်ထားသူဦးတင်ချစ် ပါ ၇ ဦးတို့၏ ထွက်ဆိုချက်များအရ ဆိုပါက ဦးကျော်အုန်းမောင်းနှင်းသော ယာဉ်အမှတ်(စ/၉၂၂၅ ) မှာ ဘုရားကြီးဘက်သို့ခေါင်းလှည့်ကာရပ်ထားခြင်းသာဖြစ်ကြောင်း ထွက်ဆိုသဖြင့် ဦးကျော်အုန်း၏ ပေါ့ဆစွာ အရမ်းမောင်းနှင်မှုကြောင့် ယာဉ် တိုက်မှုဖြစ်ပွားခဲ့သည်ကို မျက်မြင်သိရှိပါလျက် ဖုန်းကွယ်၍ မမှန်မကန်ထွက်ဆို အစစ်ခံခဲ့ကြသည်ဟု စွပ်စွဲပြီး ဦးတင်ချစ်ပါ ၇ ဦးကို တရားစွဲဆိုခြင်း ဖြစ်ကြောင်း တွေ့ရသည်၊


         ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁) တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်-

     ” ၁၆၂ ။ (၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းနေစဉ်တွင် ရဲအရာရှိတစ်ဦးထံပေးသော မည်သူတစ်ဦးတစ်ယောက်၏ အစစ်ခံချက်ကိုမျှ စာဖြင့်ရေးယူလျှင် အစစ်ခံသူကလက်မှတ်ရေးထိုးခြင်းမပြုရ၊ အဆိုပါ အစစ်ခံချက်ကိုဖြစ်စေ၊ ရဲနေ့စဉ်မှတ်တမ်း၌ ရေးမှတ်ထားချက်၊ သို့မဟုတ် အခြားနည်းရေးမှတ်ထားချက်ကိုဖြစ်စေ၊ အဆိုပါ အစစ်ခံချက် သို့မဟုတ် ရေးမှတ်ထားချက်၏ အစိတ်အပိုင်းကိုဖြစ်စေ၊ အောက်တွင်ပြဌာန်းထားသည်မှလွဲ၍ ယင်းအစစ်ခံချက်ပေးသည့်အချိန်က မေးမြန်းစုံထောက်နေသော ပြစ်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု၌ သက်သေခံချက်အဖြစ် အသုံးမပြု စေရ၊ သို့ရာတွင် အထက်တွင်ဖေါ်ပြပါရှိသည့် အတိုင်း အစစ်ခံချက်ကို စာဖြင့်ရေးမှတ်ထားသော မည်သည့်သက်သေခံကိုမဆို အဆိုပါ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုတွင် တရားလိုဘက်မှဖြစ်စေ၊ တရားခံဘက်မှ ဖြစ်စေ ခေါ်ယူသောအခါ ထိုသက်သေ၏ အစစ်ခံချက်ဖြစ်ကြောင်း နည်းလမ်းတကျ ထင်ရှားဖြစ်ခဲ့လျှင် တရားခံဘက်ကဖြစ်စေ၊ တရားလိုဘက်ကဖြစ်စေ၊ သက်သေခံအက်ဥပဒေပုဒ်မ ၁၄၅ အရ ပြဌာန်းထားသောနည်းလမ်းအတိုင်း အဆိုပါသက်သေကို ဆန့်ကျင်ရန်အတွက် သို့မဟုတ် သက်သေခံအက်ဥပဒေပုဒ်မ ၁၅၅ အရ ပြဌာန်းထားသော နည်းလမ်းအတိုင်း အဆိုပါ  သက်သေကို မယုံကြည်ထိုက်ကြောင်း ပြဆိုရန်အတွက် အသုံးပြုနိုင်သည်၊ ၄င်းပြင် အဆိုပါအစစ်ခံချက်၏ အစိတ်အပိုင်းကို ထိုကဲ့သို့အသုံးပြုသောအခါ ထိုအစိတ်အပိုင်းကို ပြန်လှန်စစ်မေးရာ၌ ဖြစ်ပေါ်ခဲ့သောအကြောင်းအရ တစ်စုံတစ်ရာကို ရှင်းလင်းရန်အတွက် ထိုသက်သေအား ပြန်လှန်စစ်မေးရာ၌ အသုံးပြုနိုင်သည်၊”


အထက်ပါ ပြဌာန်းချက်အရဆိုပါက ရဲအရာရှိထံထွက်ဆိုခဲ့သော သက်သေတစ်ဦး၏ အစစ်ခံချက်ကို တရားရုံးရှေ့ ၌ ထိုသက်သေကို စစ်ဆေးသောအခါ တရားလိုဘက်ကဖြစ်စေ၊တရားခံဘက်ဖြစ်စေ၊ သက်သေခံဥပဒေ ၁၄၅ အရ ထိုသက်သေကို ”ဆန့်ကျင်ရန် ” အတွက် သို့မဟုတ် သက်သေခံဥပဒေ ၁၅၅ အရ ထိုသက်သေကို ” မယုံကြည်ထိုက်ကြောင်း ပြဆိုရန် ” အတွက်အသုံးပြုနိုင်ရန်ဖြစ်ကြောင်း တွေ့ရသည်၊


       အမှုစစ်ရဲအရာရှိတစ်ဦးအနေဖြင့် ၄င်းစုံစမ်းစစ်ဆေးထောက်လှမ်းနေသော အမှုတွင် တရားခံပြစ်မှုကျူးလွန်ကြောင်း ထောက်ခံသောအကောင်းဆုံး သက်သေခံချက်များကို စုဆောင်းပြီး အမှုက်ို တရားရုံးသို့တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် အမှုတွဲတည်ဆောက်ရန်ဖြစ်ပေသည်၊ အမှုစစ်ရဲအရာရှိက ခေါ်ယူစစ်ဆေးသောသက်သေများထဲမှ တရားလိုဘက်ကို ထောက်ခံခြင်းမပြုဘဲ အမှုကိုအားနည်းစေသော သက်သေခံချက်များ သို့မဟုတ် အမှုပျက်ပြယ်စေနိုင်သော သို့မဟုတ် တရားခံအပြစ်မှလွတ်စေနိုင်သော သက်သေခံချက်များထွက်ဆိုလာသော သက်သေများကို လက်ခံအသုံးပြုခြင်းမပြုဘဲ ဖယ်ထုတ်ထားရန်ဖြစ်ပေလိမ့်မည်၊ တနည်းဆိုသော် ထိုသို့သောသက်သေအမျိုးအစားများကို တရားလိုပြသက်သေစာရင်း၌ ထည့်သွင်းဖေါ်ပြခြင်း မပြုရန်ပင်ဖြစ်သည်၊


       ယခုအမှုမှ ဒုရဲအုပ်မိုးခိုင် စုံစမ်းစစ်ဆေးသော ပဲခူးအမှတ် ၁ ရဲစခန်း၏ ပ ၁၂၀၄/၂၀၀၃ (ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၃၀၄-က အမှု )တွင် တရားခံဦးကျော်အုန်းအပေါ် တရားစွဲဆိုနိုင်ရန်အတွက် တရားလိုဘက်ကို ထောက်ခံသော စိုးရာဇာပါ ၅ ဦးကဲ့သို့သော သက်သေများကို တရားလိုပြသက်သေများအဖြစ် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့စွဲချက်ပုံစံ (ပြစ်မှု- ရဲ ၁၂၅ ပုံစံ) သက်သေစာရင်း၌ ထည့်သွင်းရန်သာဖြစ်ပြီး တရားလိုဘက်ကို ထောက်ခံခြင်းမရှိသော ဦးတင်ချစ် ပါ ၇ ဦးကဲ့သို့သော သက်သေများကို တရားလိုပြသက်သေများအဖြစ် သက်သေစာရင်း၌ ထည့်သွင်းခြင်း မပြုရန်သာဖြစ်သည်၊ ယခုကဲ့သို့ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးသော သက်သေများကို ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုနိုင်ကြောင်း ဥပဒေပြဌာန်းချက်ရှိကြောင်း မတွေ့ရပေ၊ ရဲအမှုစစ်ထံတွင် အစစ်ခံချက်ပေးသော သက်သေတစ်ဦးကို မမှန်မကန်ထွက်ဆိုသည်ဟု အရေးယူခွင့်ပြုမည်ဆိုပါက မလိုလားအပ်သော သာဓကတစ်ရပ် ဖြစ်ပေါ်စေနိုင်သည့် အပြင် အမှုစစ်ရဲရှေ့၌ လွတ်လပ်စွာထွက်ဆိုသည့်သက်သေများ၏ ထွက်ဆိုမှုကို အဟန် အတားဖြစ်စေနိုင်သည်၊


                            မူလရုံးက လျှောက်ထားသူများကို အရေးယူထားသောပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ ၏ ပြဌာန်းချက်မှာလည်း ကျူးလွန်ပြီးဖြစ်သော ပြစ်မှုနှင့်စပ်လျဉ်း၍ မမှန်သတင်းပေးခြင်း ( giving false information respecting an offence committed ) အတွက် ပြဌာန်းထားသောပုဒ်မဖြစ်ကာ ယခုကဲ့သို့ရဲအရာရှိထံ သက်သေအစစ်ခံချက်ပေးခြင်းနှင့် စပ်ဆိုင်ခြင်းမရှိပေ၊


            သို့ဖြစ်၍ လျှောက်ထားသူ ဦးတင်ချစ် ပါ ၇ ဦးအပေါ် ပဲခူးမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၃ အရ အရေးယူထားခြင်းမှာ ဥပဒေအရမှန်ကန်သည်ဟု ဆိုနိုင်မည်မဟုတ်ပေ၊ ဦးတင်ချစ်ပါ ၇ ဦးအပေါ် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်ရန်အတွက် တစ်စုံတစ်ရာ ငြိစွန်းချက်ပေါ်ပေါက်ခြင်း မရှိသောကြောင့် အမှုအား ချေဖျက်သင့်ကြောင်းတွေ့ရှိရသည်၊


          ထို့ကြောင့် ဤပြစ်မှုဆိုင်ရာအထွေထွေလျှောက်လွှာကို ခွင့်ပြုပြီး ပဲခူးမြို့နယ်တရားရုံး၏ ၂၀၀၄ ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၉၂၃ ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁- က အရ ချေဖျက်ကြောင်း အမိန့် ချမှတ်လိုက်သည်။


Lawyer's Handbook

Comments