လင်မယားကွာရှင်းလိုခြင်း


         ကွာရှင်းတယ်ဆိုတာ မကောင်းပါဘူး မိသားစုတစ်စု ပျိုကွဲသွားတာပါပဲ၊ လင်နဲ့မယား ဆက်လက်ပေါင်းသင်းရန် မဖြစ်နိူင်တော့သည့် အချိန်နှင့် အခြေအနေမှသာ ကွာရှင်းကြရန် အမှာပါးလိုပါသည်။


        မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် လင်က မယားကို သော်၄င်း၊ မယားက လင်ကိုသော်၄င်း၊ တဦး တယောက်၏ ဆန္ဒဖြင့် အကြောင်းမဲ့ ကွာရှင်းခွင့်ကို တရားရုံးကခွင့်မပြုနိုင်၊ အိမ်ထောင်ရေးပြစ်မှုရှိကြောင်း ထင်ရှားအောင်ပြနိုင်မှသာကွာရှင်းခွင့် ရမည်ဖြစ်သည်၊ (ရန်ကုန်စီရင်ထုံးအတွဲ ၈ စာ ၄၁၁ ၊ မောင်ကြွယ်နှင့် မကျင်၊)


အောက်ပါအိမ်ထောင်ရေးပြစ်မှုများ ရှိလျင် လင်မယားခွင့်ရှိသည်၊


၁။ မယားငယ်ယူခြင်း

လင်ဖြစ်သူသည် မယားကြီးသဘောတူညီချက်မရဘဲ မယားငယ်ယူလျင် မယားကြီးဖြစ်သူ၌ ကွာရှင်း ခွင့်ရ နိုင်သည်။ (၁၉၆၃ မတစ ၂၉၅ မောင်ဆက်မောင် နှင့် မကြင်သွေး၊)


၂။ မယားဖြစ်သူတစ်ပါးသူနှင့်ကျူးလွန်ခြင်း၊

မယားဖြစ်သူသည် လင်ငယ်နေလျင် လင်ဖြစ်သူ၌ ကွာရှင်းခွင့်ရှိသည်၊ 


၃။ စွန့်ပစ်ခြင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် အိမ်ထောင်ရေးပြစ်မှုများကို သတ်မှတ်ထားရာ (ခင်ပွန်း/ဇနီး)က အိမ် က (ခင်ပွန်း/ဇနီး) ကိုစွန့်ပစ်ထားခွင့်မရှိပါ၊


          ခင်ပွန်းက ဇနိးကိုဖြစ်စေ၊ ဇနီးကခင်ပွန်းကိုဖြစ်စေ အချိန်ကာလအပိုင်းအခြား အလျောက် အဆက်အ သွယ်လုံး၀မပြုဘဲ စွန့်ပစ်ထားပြီး အထောက်အပံ့လုံး၀မရှိလျင် လင်ခန်းမယားခန်း ပြတ်စဲကြောင်းကို ကင်း၀န် မင်းကြီးဦးကောင်း၏ ၃၆စောင်တွဲ ဓမ္မသတ်ကျမ်းကြီး၊ အတွဲ ၂ (အိမ်ထောင်မှုခန်း) စာမျက်နှာ ၄၄၈ ၊မနုကျယ် ဓမ္မသတ်၌”အကြင်လင်မယား၊ အတူတကွနေရာ၊ မယားကို လင်ကမလို ဟုဆင်းသွား၍ သုံးနှစ်ပတ်လုံး ဟင်းရွက်တစ်ရွက်၊ ထင်းတချောင်းမျှ မပေးကြာလေ၏၊ သုံးနှစ်စေ့လျင် နှစ်ယောက်စလုံး ၊ မယား လင်သီးခြား နေထိုင်စေ၊ လင်ကို မယားက မနှစ်သက်၍ အတူနေရာ ကဆင်းသွား၍ တစ်နှစ်ပတ်လုံး ဟင်းရွက်တစ်ရွက် ၊ ထင်းတစ် ချောင်းမျှ မပေးနေ၍ နှစ်ဦးမယားလင်နေပိုင်ကြစေ၊ ငါ့လင်ငါ့မယားမဆိုသာ ၊ ကွာပိုင်နေပိုင်စေ” ဟု ပြဆိုထားပါသည်။


          တရားလွှတ်တော်စီရင်ထုံးများအရ လည်းခင်ပွန်းဖြစ်သူသည် မိမိ၏ ဇနီးအပေါ်၌ မချစ်မနှစ်သက်၍ အထောက်အပံ့မပေးဘဲ သုံးနှစ်တိုင်စွန့်ပစ်ထား လျင်သော်၄င်း၊ ဇနီးဖြစ်သူက ခင်ပွန်းသည်အား ထိုနည်းတူ တစ်နှစ်စွန့်ပစ်ထား လျင်သော်၄င်း၊ လင်ခန်းမယားခန်း ပြတ်စဲသည်ဟု ထုံးဖွဲ့ထားကြပါသည်။

စွန့်ပစ်သည်ဆိုရာ၌ လင်ခန်းမယားခန်း ပြတ်စဲရန် ရည်ရွယ်၍ စွန့်ပစ်ထားခြင်းဖြစ်ရန် လိုပါသည်၊ ခင်ပွန်း ဖြစ်သူ ထောင်ကျနေ၍ ဇနီးနှင့် ခွဲခွာနေခြင်းသည် ဇနီးအားစွန့်ပစ်ထားခြင်း မဟုတ်ပေ၊ ထို့အတူ ခင်ပွန်းဖြစ်သူက နှိပ်စက်ညှင်းပမ်းသဖြင့် ဇနီးကခင်ပွန်း နှင့်ခွဲခွာနေထိုင်ခြင်းသည်လည်း ခင်ပွန်းကိုစွန့် ပစ်ထားခြင်း မမည်ပါ၊ ဆိုခဲ့သည့် အတိုင်းခင်ပွန်းကဇနီးကို ၃ နှစ် ၊ ဇနီးကခင်ပွန်းကို ၁ နှစ် ပြတ်စဲရန် ရည်ရွယ်ချက်ဖြင့် စွန့်ပစ်သည့် အချိန်ကာလ ကုန်ဆုံးသော အခါ၌ စွန့်ပစ်ခြင်းခံရ သူက လင်ခန်းမယားခန်း ပြတ်စဲလိုသောဆန္ဒရှိက ကွာရှင်းပြတ်စဲခွင့်ရှိသည်၊ စွန့်ပစ်ခံရသူက ကွာရှင်းပြတ်ဆဲလိုခြင်း ဆန္ဒမရှိလျင် လင်ခန်းမယားခန်း မပြတ်စဲပါ၊ ကွာရှင်းပြတ်စဲမည်/ မကွာရှင်းမပြတ်စဲ ဆိုသည်မှာ စွန့်ပစ်ထားခြင်းခံရသူ၏ အခွင့်အရေး (သို့မဟုတ်) ေ၇ွးချယ်ပိုင်ခွင့် သာဖြစ်ပါသည်၊ 


           ထို့ကြောင့် ၁၉၄၉ ခုနှစ်တွင် ဆုံးဖြတ်သည့် ဒေါ်ခင်ပုနှင့် ဒေါက်တာသာမြ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ (လွတ်တော်) စာမျက်နှာ ၂၈၃၌ ”သတ်မှတ်ထားသော အချိန်ကာလ အတွင်းစွန့်ပစ်ခြင်း။ ထောက်ပံ့ခြင်းမရှိလျင် (သို့မဟုတ်) တစ်စုံတစ်ရာ အဆက်အသွယ်မပြုလျင် ထိမ်းမြားခြင်း မပျက်ပြယ်ပေ၊ စွန့်ပစ်ခံရသူက ထိမ်းမြားမှုကို ပျက်ပြယ်လိုပါက ပျက်ပြယ်နိုင်ခွင့် ပေးထားခြင်း မျှသာဖြစ်သည်၊ စွန့်ပစ်ခြင်းခံရသူက လင်ခန်းမယား ခန်းပြတ်စဲလိုသော ရည်ရွယ်ချက်မရှိလျင် (သို့မဟုတ်) ကွာရှင်း ပြတ်စဲလိုသော အပြုအမူကိုဖေါ်ပြခြင်း မပြုလျင် လင်ခန်းမယားခန်းမပြတ်စဲပေ ဟုထုံးဖွဲ့ထားပါသည်။


         အမှုတစ်ခုတွင် ခင်ပွန်း၏ စွန့်ပစ်ခြင်းခံရသဖြင့် ကိုယ်စိတ်နှစ်ပါးဆင်းရဲသောကြောင့် လင်မယား ကွာရှင်းပေးစေလိုကြောင်း စွဲဆိုရာမူလရုံးက အနိုင်ဒီကရီချမှတ်ပေးခဲ့သဖြင့် စွန့်ပစ်ခံရ၍ ဖြစ်ပေါ်ေ သာစိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရမှုကို အကြောင်းပြု၍ စွန့်ပစ်ခြင်းခံရသူက လင်မယားကွာရှင်းခွင့် ရထိုက် မရထိုက် ဥပဒေပြဿနာပေါ်ပေါက်ခဲ့ပါသည်။


          ယင်းဥပဒေပြဿနာကို နိုင်ငံတော်ဗဟိုတရားရုံးက ၁၉၈၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ (တရားမမှုများ) စာမျက်နှာ ၁၆၊ ၁၉၇၉ ခုနှစ် တရားမ ဒုတိယအယူခံမှုအမှတ် ၇၅ မခင်သိန်း နှင့် မောင်ညံပိုအမှုတွင် အောက်ပါအတိုင်း အဆုံးအဖြတ်ပေးအမိန့်ချမှတ်ခဲ့ပြီးဖြစ်ပါသည်။


        စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တရားရုံး၊ တရားမကြီးမှုအမှတ် ၂၄/၇၇ တွင် မခင်သိန်းကမောင်ညံပိုအပေါ် လင်မယားကွာရှင်းပေးစေလိုမှုစွဲဆိုရာအနိုင်ရရှိခဲ့သည်၊ မောင်ညံပိုကမကျေနပ်သဖြင့် စစ်ကိုင်းတိုင်းတရားရုံးသို အယူခံ၀င်ရာ တိုင်းတရားရုံးကမခင်သိန်း၏ အမှုကိုပလပ်လိုက်သောကြောင့် မခင်သိန်းကဗဟိုတရားရုံးတွင် ဤတရားမဒုတိယအယူခံတင်သွင်းလာခြင်းဖြစ်သည်၊


     မောင်ညံပိုနှင့့် မခင်သိန်းတို့သည် မြန်မာဗုဒဘာသာများဖြစ်ကြ၍ ၁၃၃၆ခုနှစ် တန်ဆောင်မုန်းလမှစ၍ အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာ ၁၃၃၇ ခုနှစ် သီတင်းကျွတ်လတွင် သမီးဦးရရှိသည်။ သမီးမွေးဖွားပြီး ၃ရက်မြောက်နေ့မှစ၍မောင်ညံပိုသည် မိမိအားစွန့်ပစ်သွားပြီး ကျွေးမွေးထောက်ပံ့ခြင်း မပြုတော့ကြောင်း၊ ထိုသို့ စွန့်ပစ်ခြင်းခံရ၍မိမိမှကိုယ်စိတ်နှစ်ပါးစိတ်ဆင်းရဲရကြောင်း အဆိုပြုကာလင်မယားကွာရှင်းပေးစေလိုကြောင်းဖြင့် တရားစွဲဆိုခြင်းဖြစ်သည်၊


        ဤအမှုမှာ မောင်ညံပိုက မခင်သိန်းအားစွန့်ပစ်သည်ကို အကြောင်းပြု၍ မခင်သိန်းက လင်မယား ကွာရှင်းပေးစေလိုမှုစွဲဆိုခြင်းဖြစ်သည်၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရဆိုလျင် လင်ဖြစ်သူသည် မယားအား စွန့်ပစ်သွားရာတွင် ၃ နှစ်တိုင်တိုင် မယားဖြစ်သူအား ထောက်ပ့ံ့ခြင်းမပြုပါက စွန့်ပစ်ခြင်းခံရသည့် မယားသည် ကွာရှင်းခွင့် တောင်းဆိုနိုင်သည်၊ မခင်သိန်း၏ အဆိုလွှာပါ အဆိုပြုချက်များအရ မောင်ညံပိုကမခင်သိန်းအား စွန့်ပစ်ပြီးနောက် သုံးနှစ်မပြည့်မီ မခင်သိန်းသည် ဤအမှုကိုစွဲဆိုကြောင်းတွေ့ရသည်။ 


        မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် သတ်မှတ်ထားသော ၃ နှစ်ကာလမပြည့်ဘဲမခင်သိန်းအနေဖြင့် ခင်ပွန်း ဖြစ်သူက ၄င်းအားစွန့်ပစ်ခြင်းအပေါ်အခြေခံ၍ ကွာရှင်းလိုကြောင်းစွဲဆိုခြင်းမပြုနိုင်ပေ၊ မခင်သိန်း၏အကျိုးဆောင်ကမောင်ညံပိုသည် ဇနီးနှင့်သမီးဖြစ်သူအား ၂ နှစ်ကျော်ကျော်တမင်သက် သက်ကိုယ်စိတ်ဆင်းရဲအောင် စွန့်ပစ်ထားကြောင်းပေါ်လွင်သဖြင့် လင်မယားကွာရှင်းပေးသင့်ကြောင်း၊ တင်ပြသည်။ တရားလိုမခင်သိန်း ၏အဆိုလွှာအပိုဒ် ၇ တွင် ”တရားပြိုင်သည် တရားလိုအားပေးကမ်းထောက်ပံ့ခြင်း လုံး၀မရှိဘဲ စွန့်ပစ်ထားသဖြင့် တရားလိုမှာကိုယ်စိတ်နှစ်ပါးဆင်းရဲခံနေရသောကြောင့် တ၇ားလိုသည် တရား ပြီုင်နှင့် လင်မယားပြတ်စဲလိုပါသည်၊” ဟုဖေါ်ပြထားသည်၊


       အထက်ပါ အဆိုပြုချက်အရမခင်သိန်းအနေဖြင့် ကိုယ်စိတ်နှစ်ပါးဆင်းရဲရသည်ဆိုသောအချက်ကိုစွန့် ပစ်မှုအပေါ် အခြေခံထားကြောင်းပေါ်ပေါက်သည်၊ လင်ဖြစ်သူကမယားအားစွန့်ပစ်ခြင်းသည် မယားအား စိတ်ဆင်းရဲမှုဖြစ်စေနိုင်သော်လည်း ယင်းစိတ်ဆင်းရဲရမှုမှာ လင်မယားကွာရှင်းမှုရရှိစေသော အိမ်ထောင်ေ၇း ပြစ်မှုတစ်ရပ်ဖြစ်သည့် ၇က်စက်မှုတွင် အကျုံး၀င်ကြောင်းမတွေ့ရပေ၊ သို့ဖြစ်ရာ မောင်ညံပိုက မခင်သိန်းအားစွန့်ပစ်ထား၍ မခင်သိန်းတွင် စိတ်ဆင်းရဲမှု ခံစားစေရစေကာမူ ယင်းစိတ်ဆင်းရဲမှုကို အကြောင်းပြု၍ လင်မယားကွာရှင်းခွင့် မရထိုက်ပေ၊ ထို့ကြောင့်မခင်သိန်း၏ အယူခံလွှာကို ပယ်လိုက်ကြောင်းအမိန့်ချမှတ်ခဲ့ပါသည်၊


၄။ လီဆယ်ခြင်း

သားကြီး၊မယားကြီးရှိလျက်နှင့်လူပျိုပါ၊ကွာရှင်းပြီးပါပြီဟူ၍ဖုံးကွယ်လိမ်လည် ပြောဆို ပြီးနောက်မယားယူလျင် ယင်းမယားဖြစ်သူက ကွာရှင်းနိုင်သည်။


၅။ ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်ခြင်း

လင်နှင့် မယား လျှာနှင့် သွားဆိုသည့် စကားပုံအတိုင်း လင်မယား အချင်းချင်း တခါတရံ စိတ်အခတ် မသင့်သဖြင့် စကားများ ရန်ဖြစ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ အနည်းငယ်ရိုက်မိခြင်း စသည့်အသေးအဖွဲ့ကိစ္စမှ လင်ခန်းမယားခန်း ပြတ်စဲလောက်အောင် ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်းဖြစ်သည်ဟုမဆိုသာ၊ ထိုကဲ့သို့ အသေးအဖွဲ့ပြစ်မှု ကျူးလွန်မိကာရုံမျှဖြင့် တဘက်သားသည်ကွာရှင်းခွင့်ကိုတောင်းဆိုခြင်းမပြုနိုင်၊ (၁၉၆၇ ခုနှစ် တရားမပထမအယူခံမှုအမှတ် ၂ (မန္တလေး) မောင်အေးအမှု ၊)


ရက်စက်မှုဆိုသည်မှာ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြစ်နိုင်သည်၊ ကိုယ်၏ ဆင်းရဲခြင်း သာမက စိတ်၏ ဆင်းရဲ ခြင်းလည်း ရက်စက်ကြမ်းကြုတ်မှု၌ ပါ၀င်သည်။ စိတ်ဆင်းရဲခြင်း ဖြစ်အောင် ရက်စက်မှု  ပြုကျင့်လျင်လည်း ကွာရှင်းခွင့်ရနိုင်သည်၊ လက်ရောက်မှုသည် စွပ်စွဲသည့််အတိုင်း ထင်ရှားပါက ကျူးလွန်မှု အတိုင်းအတာ၊ ကျူးလွန်ရခြင်း၏ အကြောင်းခြင်းရာ၊ ကျူးလွန်ခြင်းခံရသူ၏ ခံစားမှု သဘောထား အစရှိသည့်အချက်များကို ထည့်သွင်းဆင်ခြင်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုသည် ရက်စက်မှုမြောက်-မမြောက် စဉ်းစားရသည်။ ရက်စက်ကြမ်းကြုတ်စွာပြုလုပ်လျင် တကြိမ်တခါပင် ဖြစ်စေကာမူ မယားဖြစ်သူသည် ကွာရှင်းခွင့်ရှိသည်၊ လင်ဖြစ်သူကမယားအား စွန့်ပစ်ခြင်းသည် မယားအား စိတ်ဆင်းရဲမှုဖြစ်စေနိုင်သည် မှန်သော်လည်းယင်းစိတ်ဆင်းရဲမှုမှာလင်မယားကွာရှင်းမှု ရရှိစေနိုင်သောအိမ်ထောင်ရေးပြစ်မှုတစ်ရ့ပ်ဖြစ်သည့် ရက်စက်မှုတွင် အကျုံး၀င်သည်ဟု မဆိုနိုင်ပေ၊ (၁၉၇၉ခုနှစ် တရားမဒုတိယအယူခံမှုအမှတ် ၇၅ (မန္တလေး) မခင်သိန်း နှင့် မောင်ညံ့ပို)


       ယောက်ျားပဲ ဖြစ်ဖြစ် မိန်မပဲ ဖြစ်ဖြစ် အိမ်ထောင်တစ်ခု တည်ထောင်ပြီးပြီ ဆိုလျင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစု တစ်ခုဖြစ်အောင် ကြိုးစားကြပါ။ ထိုသို့ကြိုးစားရမှာလဲ မာန၊ ဒေါသ၊ အပျော်အပါးတွေ လျော့ပြီး ယုံကြည်မှု၊ နားလည်မှု၊ ချစ်ခင်ယုယမှုတွေနှင့်အတူ တည်ဆောက်ပါ။ ဘဝအတွက် ဆက်လက်လက်တွဲရန် မဖြစ်နိူင်တော့သည့် အချိန်၊ အခြေအနေမှသာ ကွာရှင်းဖို့ စဉ်းစားပါ။

Comments