များမကြာမီ
‘’ များမကြာမီ ‘’ ဆိုတဲ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ စကားရပ်နှင့် အမွေစားအမွေခံ သားသမီးမရှိဘဲ လင်မယား၂ဦး ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ခဲ့ခြင်း ကြောင့် ကျန်ရစ်သည့်မြေကွက်၏ အရောင်းအဝယ်ကိစ္စ ။
မြေကွက်ရဲ့ပိုင်ဆိုင်မှုဖြစ်စဉ်က
မြေဂရန်အမည်ပေါက်က အမျိုးသားပါ။ သူ့အမျိုးသမီး ဇနီးသည်က ကျန်းမာရေးမကောင်းသူပါ။ သို့သော်လည်း အမျိုးသားက မမျှော်လင့်သောအခြေအနေတစ်ရပ်မှာ ဦးစွာကွယ်လွန်ခဲ့ပါပြီ။ သူကွယ်လွန်ပြီး ၃လ လောက်မှာ အမျိုးသမီးလည်းကွယ်လွန်ခဲ့ပါတယ်။ သားသမီးအရင်းလည်းမရှိ၊ မွေးစားသားသမီးလည်းမကျန်ရစ်ခဲ့ပါ။
ဒီအခြေအနေမျိုးအရောင်းအဝယ်မှာ ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့် ခိုင်မာဖို့ ရှေ့နေတစ်ဦးအနေနဲ့ မိမိဝယ်သူတို့အတွက် -
မြေကွက်အရောင်းအဝယ်မှာ ရောင်းသူက ဘယ်သူဖြစ်မလဲ။ ?
ထိုသူက တရားဝင် ရောင်းခွင့်ရှိသူလား?
ဥပဒေအရ ရောင်းခွင့်ရှိသူတွေ စုံရဲ့လား။ ?
ရောင်းတုန်းဝယ်တုန်း ကန့်ကွက်ခံရရင် ဘာတွေဖြစ်နိုင်လဲ ?
ဥပဒေအရဝယ်သူအမည်ပေါက်ဖို့ ဘယ်လိုအဆင့်ဆင့်တွေ လုပ်ပေးကြမလဲ ?
အမှုအခင်းကြားထဲမရောက်ဘဲ အရောင်းအဝယ်ပြီးမြောက်ဖို့နဲ့ ဝယ်သူမနစ်နာစေဘို့ ဘာတွေပြင်ဆင်ထားရမလဲ ?
မဂွမ်းပုံနှင့် မောင်ဖိုးကြွယ် (၂ ယူဘီအာ(၁၈၉၇-၀၁)၆၆ အမှုမှာ
လင်မယားနှစ်ဦး တပြိုင်တည်းသေဆုံးခဲ့လျှင်သော် လည်းကောင်း၊ တစ်ယောက်သေဆုံးပြီးနောက် ‘’များမကြာမီ’’ တယောက်သေဆုံးလျှင်သော်လည်းကောင်း ကျန်ရစ်သည့်ပစ္စည်းသည် လင်မယားနှစ်ဦးပိုင်သည့် ပစ္စည်းအဖြစ်ပင်ကျန်ရစ်ခဲ့သည်။ သို့သော် တစ်ယောက်သေဆုံးပြီး ကြာရှည်မှ ကျန်တစ်ယောက်သေဆုံးလျှင် ကျန်ရှိသည့်ပစ္စည်းသည် နောက်မှသေသူ၏တစ်ဦးတည်းသောပစ္စည်း ဖြစ်သွားပေမည်။ ရှေးဦးစွာ သေသူနှင့်မသက်ဆိုင်တော့။
ဟုလမ်းညွန်စီရင်ထုံးကို သိထားမယ်ဆိုရင် ကိုယ့်ကိုရောင်းသူဟာ ဥပဒေအရ ရောင်းခွင့်ရှိသူလား။
ဒါမှမဟုတ် ကွယ်လွန်သူတို့ရဲ့ နှစ်ဘက်ဆွေမျိုးများအနက်မှ အိမ်နဲ့ဂရန်ကို လက်ဝယ်ရှိသည့်တိုင် ထိုသူသည် ဥပဒေအရ ရောင်းခွင့်ရှိသူ ဟုတ်မဟုတ်ဆိုတဲ့ အဖြေကိုဝေဖန် ပိုင်းခြားနိုင်မှာပါ။
ခုလို လင်မယား နှစ်ဦးလုံး အမွေခံသားသမီးမရှိဘဲကွယ်လွန်သည့်အခါ ကျန်ရှိပစ္စည်းရောင်းသူက ဥပဒေအရ အမွေဆက်ခံခွင့်ရှိသူဖြစ်ဖို့အရေးကြီးပါတယ်။ တဦးတည်းဖြစ်နိုင်သလို၊ အများလည်းဖြစ်နိုင်တော့ စာချုပ်ပေးမည့်ရှေ့နေက ဒီအချက်ကို ကောင်းစွာ သိထားဖို့လိုပါတယ်။
(အမွေခံမှားလို့ ဂရန်အမည်ပေါက်ပြီးမှ တဘက်က အဆင့်မြင်ရုံးထိတက်လို့ မြို့တော်စည်ပင်မှာ အမည်ပေါက်ဂရန်လေး ရင်နာနာနဲ့သွားအပ်ရပြီး အခွန်ဆောင်ထားတဲ့ မှတ်ပုံတင်စာချုပ်ကြီးတွေကအမှတ်တရဖြစ်သွားတာ ကြုံဖူးသူတိုင်း သိကြပါတယ်။ )
ဒါဆို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ‘’များမကြာမီ’’ နဲ့ ကြာရှည်မှ သည် အမွေဆိုင်ပစ္စည်း ရောင်းသူအတွက်အရေးကြီးသလို ဝယ်သူအတွက်လည်း အမွေဆက်ခံသူအမှန်ထံက ဝယ်ယူဖို့က အရေးကြီးလာပါတယ်။
အချိန်ကာလ ဘယ်လောက်ဟာ ‘’များမကြာမီ ‘’ ဖြစ်ပြီး ဘယ်လောက်ဟာ ‘’ကြာရှည်ပြီ ‘’ လို့သတ်မှတ်ကြပါသလဲ?
မမြင့်နှင် မတုပ် ( ၁၀ အယ်ဘီအာ ၂၈၈ ) မှာ အကြောင်းထူးမရှိဘဲ တစ်လမှ ကျော်လွန်သည့်အချိန်ကို ‘’များမကြာမီ’’ ဟုမယူဆနိုင်ကြောင်း။
မဖွားအိုနှင့် မလေး(၁၁ အယ်ဘီအာ ၁၇၆) မှာ
လင်သည် မယားကွယ်လွန်ပြီးနောက် နှစ်လနှင့်တစ်ဆယ့်လေးရက်အတွင်း သေဆုံးရာ ထိုအချိန်ကာလသည် နှစ်ဖက်ဆွေမျိုးများ ပြိုင်တူအမွေဆက်ခံနိုင်ရန်အတွက် ‘’ များမကြာမီ’’ ဟု မဆိုနိုင် ကြောင်း ကို စီရင်ထုံးဖွဲ့ထားကြောင်း ကို လေ့လာနိုင်ပါတယ်။
ဒါကြောင့် အမွေစားအမွေခံ သားသမီးမရှိတဲ့ လင်မယားနှစ်ဦးမှာ တဦးကွယ်လွန်ပြီး အချိန်တစ်လပြည့်ပြီးချိန်နောက်ပိုင်း ကျန်တစ်ဦးကွယ်လွန်ရင် နောက်မှ ကွယ်လွန်သူရဲ့ သွေးနီးဆွေမျိုးများက သာ အမွေဆက်ခံခွင့်ရမယ့်အခြေအနေပါ။ ဒါဆို အဖြေရှင်းသွားပါပြီ။
သို့သော်လည်းလက်တွေ့မှာ အမွေခံသားသမီးကျန်ရစ်ခြင်း မရှိသော ဇနီးမောင်နှံတို့ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ခြင်း သည် လင်ဘက် က မိဘ၊ ညီ၊ ညီမ၊မယားဘက်က မိဘ၊ ညီ၊ညီမများ၊ အခြားသော သွေးနီးဆွေမျိုးများက နည်းမျိုးစုံဖြင့် သူ့ဘက်ငါ့ဘက် ၊ သူ့ကြောင့်ငါ့ကြောင့် မျိုးစုံစွာဖြင့်အမွေကို ဝင်စွက်ဖက်နှောက်ယှက်ကြလေသည်။ အမွေစီးဆင်းပုံကို တမင်သိလျက်နှင့် အကြောင်းအမျိုမျိုးကြောင့် လုပ်ကြတာလဲ ရှိတော့ အဝယ်စာချုပ်မည့် ရှေ့နေက အမွေဆိုင်မှန်ဖို့နဲ့ အမွေဆိုင်စုံဖို့ ဂရုပြုရပါမယ်။
တခါတလေမှာ တကယ့်အမွေဆက်ခံဖို့ ဥပဒေအရ အခွင့်အရေးရှိသူကိုပင် သူ့၏ရပိုင်ခွင့်ကိုပေးဖို့မတွေးတော့ဘဲ သဒ္ဒါကြေးလောက်နဲ့အမွေကိုစွန့်လွှတ်ခိုင်းဖို့ထိကြိုးစားအားစိုက်ကြတာတွေ့ရပြန်တယ်။ ထိုသူများက သက်ဆိုင်ရာရုံးဌာနတွေမှာပါ အမွေခံမမှန်ဘဲ အမွေဆက် ခံပိုင်ဆိုင် ကြောင်း ကျမ်းကျိန်တွေ၊ ပိုင် ဆိုင် ကြောင်း စာချုပ်တွေ ဘယ်လိုတွေလုပ်ကြ၊ မှတ်ပုံတွေ ဘယ်လိုတင်ကြ၊ အမည်ပြောင်းတွေ ကို ဘယ်လို လုပ်ဖို့ပြင်ကြလေသလဲ? တွေးမိပါတယ်။ စည်ပင်မှာလည်း ဥပဒေအကြံပေးရှိသလို အမွေရှင်အမှန်က ကန့်ကွက်ရင်လည်း လုပ်ငန်းရပ်ပြီး တရားရုံးအမိန့်တောင်းမှာပါ။
ခုလိုအခြေအနေမျိုးမှာ ရှေ့နေက
မှန်ရာကိုရှင်းပြ၊ မမှန်တာကိုထောက်ပြ၊ အတက်နိုင်ဆုံး ကွယ်လွန်သူကျန်ရစ်သောအမွေကို အမှုမဖြစ်ဘဲ ပြေလည်အောင် အမွေစီမံမှုစာချုပ်တွေလုပ်ပြီး အေးချမ်းစွာ ရောင်းချပြီး ခွဲဝေခဲ့ကြတာလည်းရှိပါတယ်။
ရောင်းသူဘက်က အမွေဆိုင်မမှန်လို့ အမှန် ရှင်းပြတာကို လက်မခံနိုင်ကြဘူးဆိုရင်တော့ ကိုယ့်ဝယ်သူ့ကိုလည်း မဝယ်ခိုင်းရုံသာရှိပြီး ရောင်းသူအမွေဆိုင်တွေကတော့ တရားရုံးတက်ကြရုံပေါ့၊
ဒါကြောင့် ဒီလိုမြေကွက်မျိုး အရောင်းအဝယ်ကြုံလာခဲ့ရင်
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့အညီ ဝယ်သူကို သေချာရှင်းပြပါ။
ရောင်းသူမမှန်ရင် မဝယ်သင့်ကြောင်းပြောပါ။
လင်ဘက်၊ မယားဘက် မပြီးပြတ်ရင် မဝယ်သင့်ပါ။
မှန်နေရင်တောင် ပိုင်ဆိုင်အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်နဲ့ မြေအ ရောင်းအဝယ် ထုံးစံများအတိုင်း ငွေပေးချေမှုကို အဆင့်ဆင့် တိကျစေ့စပ်စွာ စဉ်းစားပြီးမှ စာချုပ် ဖို့ လုပ်ပေးသင့်ကြောင်း အကြံပြုလိုပါတယ်။
Comments
Post a Comment