စွဲချက်တင်သည့်အခါ
စွဲချက်ဆိုတာ ဘာလဲ
--------------------------
တရားခံအပေါ် မည်သည့်ပြစ်မှုနှင့် ငြိစွန်းကြောင်း အခိုင်အမာပြလိုက်ခြင်းဟု အလွယ်တကူပြောနိုင် ပါသည်။ တရားသူကြီးများ သတိထားရမည့် အလုပ်ဖြစ်ပါသည်။ ဘာကြောင့်လဲ။ အစွပ်စွဲခံရ သည့် တရားခံအတွက် အပြစ်ကျစေဖို့ ပထမခြေ လှမ်းဖြစ်နေသောကြောင့်ပါ။
ရည်ရွယ်ချက်
----------------
ဘာရည်ရွယ်ချက်နှင့် စွဲချက်တင်ပါသလဲ။ ခုခံ ချေပဖို့ အဓိကပါ။ ဘာအမှု၊ ဘာအပြစ်၊ ဘာပုဒ်မ ဟု တရားသူကြီးက ထုတ်ဖော်ကြေညာလိုက်ခြင်း လည်း ဖြစ်ပါသည်။ စွဲချက်အတင်ခံရသည့် တရား ခံအတွက် “ငါဘယ်လိုရှင်းရပါ့မလဲ” ဟု ချေပချက် ကို စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်ပေသည်။ အရေး ကြီး၏ ။ ပထမခြေလှမ်းပါ။ အမှုအတွက် ကြိုတင် ပြင်ဆင်ရတော့မည်။ စွဲချက်တင်သော ပုဒ်မ၏ ဆိုလိုရင်း၊ ငြိစွန်းချက်၊ ခုခံမှုစသည်များကို စဉ်းစား ရပါတော့မည်။ ခုခံရေးလမ်းကြောင်း ဘာလဲ။ လမ်းကြောင်းကောင်းမှ၊ ချေပမှုသေချာမှ ဖြစ်တော့ မည်။
အပြစ်ပေးခြင်းမဟုတ်
---------------------------
“စွဲချက်တင်ခြင်းသည် အပြစ်ပေးခြင်း မဟုတ်” ဟု တရားရေးလောကတွင် ပြောကြသည်။ ရှေ့နေတိုင်း၏ ပါးစပ်ဖျားတွင်လည်း တွင်တွင်ကြီး သုံးနေကျစကားပါပဲ။ သို့သော်ငြား စွဲချက် တိတိ ကျကျ သေသေချာချာ ချောချောမောမော ဖြစ်နေ လျှင် အပြစ်က ကင်းလွတ်ဖို့ အတော်ကြိုးပမ်းရ ပေမည်။ မနည်းရုန်းကန်ရသည်ဟု ပြောကြပါစို့။
တရားသူကြီးကဏ္ဍ
------------------------
စွဲချက်တင်သော တရားသူကြီးများ၏ တာဝန် ကြီးလေးသည်။ သတိရှိကြပါ။ အလွယ်မလုပ်ပါနှင့်။ တရားခွင်စာရေးကို ယုံပြီး လွှဲထားတတ်ကြသည်။ လက်မှတ်ထိုးရုံသာထိုးသော တရားသူကြီးများ (မကြာခဏ) တွေ့ရသည်။ ကိုယ့်တာဝန်ကိုယ်ယူ ကြပါ။ စွဲချက်တင်ခံရမည့် တရားခံများ၏ မျက်နှာ ကြည့်ပါ။ ဥပဒေနှင့်အညီ ဆောင်ရွက်ပါဟု အကြံပြုတာပါ။ ပေါ့ပေါ့ဆဆ မလုပ်မိဖို့ စေတနာ ပါ။
စွဲချက်ပုံစံ
------------
(၁) ဘာပုဒ်မလဲ။ ဘာပြစ်မှုလဲ။
(၂) ပြစ်မှု၊ အမှု၊ အမည်နာမ ဖော်ပြပါ။
(၃) တရားခံသိနားလည်သော၊ ရှင်းလင်းပြတ်သား သော အဓိပ္ပာယ်၊ စွဲချက်ဖြစ်ရမည်။
(၄) ဘာဥပဒေ၊ ဘာပုဒ်မ၊ တိကျပါစေ။
(၅) ဥပဒေနှင့်ညီသော၊ ပြည့်စုံသော စွဲချက်ဖြစ်ပါ စေ။
(ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၂၁ ကို ရည်ညွှန်း)
ပြည့်စုံမှု
----------
ဘယ်အချိန်၊ ဘယ်နေရာ ဘာပြစ်မှု၊ ဘာ ပစ္စည်း၊ ဘာလုပ်တာ၊ တိကျသေချာ ရှိစေရမည်။
နားလည်ရဲ့လား
--------------------
စွဲချက်ဖတ်ပြသည့်အခါ တရားခံနားလည်ရ မည်။ ဘာကိုဆိုလိုတာလဲ။ ဘာကိစ္စလဲ။ ဘာပြစ်မှု လဲ။ မြန်မာလို ပြောတာ မြန်မာနားမလည်ဘူးလား။ တရားသူကြီးပြောတာ တရားခံက နားလည်ရဲ့ လား။ ရှင်းပြပါ။ ပြောပြပါ။
(ရာဇဝတ်ကျင့်ထုံး- ၂၂၃)
အထက်ရုံးက ပြင်ပေးရ
------------------------------
အောက်ရုံးများက စွဲချက်တင်ခြင်း မှားယွင်းနေ တာတွေ များစွာတွေ့ရသည်။ ပြင်ဆင်မှု တင်ကြ စမြဲ။ အထက်ရုံးက ပြင်ပေးနေရဆဲ။ မှားလိုက်၊ ပြင်လိုက်။ မပြည့်စုံလိုက်၊ ပြည့်စုံအောင် ပြင်ပေး လိုက်။ ဂျာအေးသူ့အမေရိုက် ဇာတ်လမ်းတွေ များ လှပေသည်။ ဘာအကျိုးထူးမည်လဲ။ အချိန်တွေ ကုန်၊ ငွေတွေကုန်၊ လူတွေပင်ပန်း၊ အမှုတွေက များသထက်များ၊ ကြန့်ကြာသထက် ကြန့်ကြာ၊ တရားစီရင်ရေးကို အထင်အမြင်လွဲကြ။ သို့ဖြစ်၍ မြန်လည်းမြန်၊ မှန်လည်းမှန်အောင်၊ စွဲချက်အဆင့် မှာပင် ပီပီပြင်ပြင်၊ ရှင်းရှင်းလင်းလင်းဖြစ်အောင် ကြိုးပမ်းကြစေချင်သည်။ အထူးသဖြင့် တရားသူ ကြီးများက ဝါယမစိုက်ထုတ်ဖို့၊ မှန်ဖို့၊ မြန်ဖို့ ကူညီ စီရင်ပေးကြလျှင် ပြင်ဆင်မှုတွေ နည်းမည်။ စွဲချက် အတင်ခံရသော တရားခံတွေကလည်း မှန်မှန် ကန်ကန် ရှင်းရှင်းလင်းလင်း ထုချေရှင်းလင်း နိုင် ကြမည်။ တရားရုံးကို ပြည်သူပို၍၊ ပို၍ အားကိုး မည်၊ ယုံကြည်မည် အသေအချာ။
စီရင်ထုံး
-----------
(၁) “စွဲချက်ပါအကြောင်းအရာများသည် သေချာ ရမည်” ဟု
မောင်အေးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ
၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ- ၁၂၄၈
တွင် ဖော်ပြသည်။ မသေချာဘဲ စွဲချက်မတင်သင့်။
(၂) ရာဇဝတ်မှုများကို စစ်ဆေးစီရင်ရာ၌ တရားရုံး ၏ တာဝန်မှာ၊ ရုံးရှေ့ရှိ အချက်အလက်များအရ မည်သည့်ပြစ်မှု သို့မဟုတ်၊ ပြစ်မှုများကျူးလွန် ကြောင်း ပေါ်ပေါက်ကြောင်းကို စိစစ်ရန် ဖြစ် သည်။
ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဦးထွန်းရင်
၁၉၆၄၊ မြန်မာနိုင်ငံစီရင်ထုံး၊ ရုံးချုပ်၊ စာ-၃၃၇
တွင် ဖော်ပြသည်။
တရားရုံး၏တာဝန်ကို ဖော်ပြသည်
(၃) ထုချေဖြေရှင်းခြင်း မပြုစေဘဲ တရားရှင်လွှတ် လျှင် တစ်ဖက်က နစ်နာသူများအဖို့ တရားရုံး ၏ စီရင်ချက်သည် တရားမျှတမှု ကင်းမဲ့သည် ဟု ထင်မြင်ယူဆဖွယ်ရှိသည်။ တရားစီရင်ရာ တွင် အမှန်ကို ဆုံးဖြတ်ရုံသာမကဘဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေ ရာသည်။ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မောင်ရွှေ
၁၉၆၆၊ မြန်မာနိုင်ငံ စီရင်ထုံး၊ စာ-၆၁၆
(၄) တရားခံတစ်ဦးအပေါ် စွဲချက်တင်ထိုက်၊ မတင် ထိုက်နှင့် ပတ်သက်၍ စဉ်းစားရန် အချက် အလက်မှာ တရားခံအား အပြစ်ပေးထိုက်၊ မပေးထိုက် စဉ်းစားရန်အချက်မျိုးနှင့် ဥပဒေ အရ မတူညီပါ။
ပြည်ထောင်စု မြန်မာနိုင်ငံ နှင့် ဦးဘိုးရင်
၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ ရုံးချုပ်၊ စာ-၉၂၁
(၅) ကားတိုက်မှုတစ်မှုတွင် တရားခံနှစ်ဦးအား တစ်မှုတည်းပူးတွဲ၍ မစစ်ဆေးသင့်။ တစ်ဦး အပေါ်တစ်ဦး အပြစ်ပုံချတတ်သည်။ တစ်မှု စီ ခွဲခြားပြီး စွဲဆိုစစ်ဆေးရသည်။
အန်းဝါခန်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၅၂၊ မြန်မာနိုင်ငံစီရင်ထုံး၊ တရားလွှတ်တော် ချုပ်၊ စာ-၁၆၀
(၆) ပုဒ်မခွဲ(၃)ခုရှိသော ဥပဒေပုဒ်မနှင့် စပ်လျဉ်း၍၊ မည်သည့်ပုဒ်မခွဲဖြင့် စွဲချက်တင်သည်ကို စွဲချက်၌ တိကျစွာ ဖော်ပြရမည်။ တရားခံ သဘောပေါက်နားလည်ရမည်။
ကျော်လှအောင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၄၉၊မြန်မာနိုင်ငံစီရင်ထုံး၊ စာ-၅၈၂
မောင်ပျင်းရိ၏မေးခွန်း
--------------------------
အလုပ်သင်ရှေ့နေ မောင်ပျင်းရိက
“စွဲချက် အမိန့်တွေ တရားသူကြီးအမိန့်ချတိုင်း ကျွန်တော် သွားနားထောင်တယ်။ တရားခံက နားမလည်ဘူး။ တရားသူကြီးအသံကလည်း တိုးတိုးကလေး။ နားမလည်လို့ ပြန်မေးတော့ အဟောက်ခံရတယ်။ ပြီးမှ တရားခွင်စာရေးကို သွားပြီးမေးရတယ်။ ဘယ်လိုလုပ်ရမလဲ ဆရာကြီး”
ဟု ကျွန်တော့်အား မေးသည်။
“ကြုံတတ်၊ ဖြစ်တတ်တာမျိုးပါ။ ရှေ့နေပါရင် ကိစ္စမရှိဘူး။ ရှေ့နေမပါတဲ့ တရားခံတွေအတွက် တော့ တရားသူကြီးက စေတနာထားပြီး ရှင်းလင်း စွာ ပြောပြသင့်ပါတယ်။ တာဝန်ရှိသူတွေနဲ့ စည်းဝေးညှိနှိုင်းတဲ့အခါ တင်ပြပေးပါမယ် မောင်ပျင်းရိ”
ဟု ကျွန်တော်ဖြေလိုက်ပါသည်။
လူငယ်တရားသူကြီးများ
------------------------------
အတွေ့အကြုံနည်းသော လူငယ်တရားသူကြီး များအနေဖြင့် တစ်ခါတစ်ရံ စေတနာအမှားရှိ တတ်ပါသည်။ သည်းခံခွင့်လွှတ်ထိုက်သော်လည်း တရားရုံး အလုပ်ဖြစ်သောကြောင့် ပြန်ပြင်၍မရ သည့် အဖြစ်မျိုး ကြုံတတ်ပေသည်။ မိမိအမှား (အောက်ရုံး အမှား)ကို မိမိပြန်ပြင်၍ မရဘဲ အယူခံ၊ ပြင်ဆင်ရုံး (အပေါ်ရုံး)က ပြုပြင်ပေးမှရသည့် ကိစ္စ မျိုးကြုံတတ်ပေသည်။
ထို့ကြောင့် သတိကြီးစွာ ထားသင့်သည်။
“စွဲချက်တင်သောအခါ သေချာပါ” ဟု ကျွန်တော်ရေးခြင်း၊ မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။ ဆရာလုပ်သည့် သဘောမပြောပါ။ တရားရေးသင် တန်းတွေမှာလည်း အကြိမ်ကြိမ်ပြောပြီး၊ သင်တန်းပေးပြီးသားတွေပါ။ ဘာခက်တာမှတ်လို့။
စေတနာ
-----------
ကျွန်တော်၏ ဥပဒေလုပ်သက် အနှစ် (၄၀) ကျော် အတွေ့အကြုံများထဲမှ စွဲချက်တင်ခြင်း အကြောင်း တွေးမိသည့် ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ...။
Comments
Post a Comment