သားသမီးများရပိုင်ခွင့်
သားသမီးများ၏ရပိုင်ခွင့်
၆၀။ ဒေါ်မြကြည် (ခ) ဒေါ်မြမြကြည် နှင့် ဒေါ်နုနုဝင်း
၁၉၉၅ ခုနှစ် မပယူအမှတ် ၂၈၈ (၁-၁-၉၆)
ယောဂီဝတ်ဖြင့် နေထိုင်သည်ဆိုခြင်းမှာ သာသနာဘောင်သို့ ကူးပြောင်းခြင်းမဟုတ်ပေ။ ယောဂီဝတ်ဖြင့် နေထိုင်ခြင်းကြောင့် ၄င်း၏ပစ္စည်းခန်း အခွင့်အရေး ဆုံးရှုံးသွားကြောင်း ထုံးဖွဲ့သည့် စီရင်ထုံးများ မရှိပေ။ ယောဂီဝတ်သူလည်း သာမန်မိန်းမသားတစ်ဦးပင်ဖြစ်ရာ ယောဂီဝတ်တစ်ဦးက သားသမီးမွေးစားခြင်းသည် မွေးစားခြင်းမမြောက်ဟု မဆိုနိုင်ချေ။ ယောဂီဝတ်ကွယ်လွန်သည့်အခါ ၄င်း၏ ကိတ္တိမမွေးစားသမီးသည် ၄င်း၏အမွေကို ဆက်ခံပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ထားပါသည်။
X
X
X
၆၁။ မမြကြင် နှင့် မအေးတင် ပါ (၂)
၁၉၆၃ မတစ ၉၈၃ (ရုံးချုပ်) ၊
အမွေဆိုင်များဖြစ်ကြသူ ညီအစ်မ (၄) ဦးတို့သည် အိမ်ခွဲ၍ နေကြသူများဖြစ်ရာ ၄င်းတို့အနက် တစ်ဦးသေဆုံးလျှင် သူ၏အောက် ညီမတစ်ဦးတည်းသာ ၄င်း၏ အမွေကို ရထိုက်သည်။ ကျန်ညီမ (၃) ဦးလုံးက ညီတူညီမျှ ခွဲဝေယူရန်မဟုတ်ဟု ထုံးဖွဲ့ထားပါသည်။
x
x
x
၆၂။ မောင်ချိတ်နှင့် မောင်တလုပ်
၂ ယူဘီအာရ် (၁၈၉၇-၀၁) စာ ၅၁၁
အမွေဆိုင်တစ်ယောက်သည် မိမိ၏ဝေစုကို အခြားအမွေဆိုင်တစ်ဦးသို့ ရောင်းချလျှင်မူ ကျန်အမွေဆိုင်များ၌ ဦးစွာဝယ်ယူပိုင်ခွင့်မရှိတော့ဟု ထုံးဖွဲ့ထားပါသည်။
x
x
x
၆၃။ ဒေါ်လှကြည် နှင့် ဒေါ်လှသန်း ပါ (၅)
၂၀၀၅ ခုနှစ် တရားမအထူးအယူခံ ၅၈ (၃-ပါးစုံညီ) ရန်ကုန် (၃-၄-၂၀၀၆)
မူလကဖခင်အမည်ဖြင့် နေထိုင်ခွင့်ပါမစ်ရရှိ၍ လက်ရှိထားခဲ့သော ပါမစ်မြေတွင် နေထိုင်ပိုင်ခွင့်ကို ဖခင်ကွယ်လွန်သောအခါ သားသမီးအားလုံးက အမွေဆက်ခံပိုင်ခွင့်ရှိသည်။ ထိုဖခင်အမည်ဖြင့် ရရှိသည့် ပါမစ်မြေကို သမီးတစ်ဦးက ၄င်းတစ်ဦးတည်းအမည်ဖြင့် ဂရန်ရရှိရန် ဖခင်နှင့် အရောင်းအဝယ်စာချုပ်ကို မမှန်မကန်ချုပ်ဆို၍ လျှောက်ထားကာ ဂရန်ရရှိခဲ့ခြင်းသည် မူလဖခင် အမည်ရရှိထားသော ပါမစ်မြေတွင် နေထိုင်ခွင့် အသုံးပြုခွင့် (ယင်းအခွင့်အရေးမှ ပေါ်ပေါက်ရရှိမည့် အကျိုးခံစားခွင့်) ကို ဆုံးရှုံးစေရာရောက်သဖြင့် တရားမဝင်၍ ယင်းမြေကွက်သည် ထိုသမီးတစ်ဦးတည်းပိုင် ပစ္စည်းအဖြစ်သို့ ရောက်ရှိမသွားနိုင်ပေ။ ဤအခြေအနေတွင် တရားလိုအား ဆိုင်ရာအုပ်ချုပ်မှု အာဏာပိုင် အဆင့်ဆင့်ထံ အယူခံဝင်စေပြီး ထုတ်ပေးထားသည့် ဂရန်ကို ဆိုင်ရာအုပ်ချုပ်မှု အာဏာပိုင်က ပြင်ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်းပြုပြီးသောအခါ ယင်းမြေကွက်ကို အမွေပုံပစ္စည်းအဖြစ် ခွဲဝေပေးရန်ဖြစ်သည်ဟု ဆုံးဖြတ်ထားပါသည်။
Comments
Post a Comment