အမျိုးသမီးများအား ခိုးယူ၊ သွေးဆောင်ခြင်း

အမျိုးသမီးများအား ခိုးယူခြင်း၊ သွေးဆောင်ဆွဲခေါ်ခြင်း

ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ လူခိုးမှု


ပုဒ္မ ၃၆၁

 မည်သူမဆို ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ အသက်ဆယ့်လေးနှစ် အောက် ယောကျာ်းလေးကိုဖြစ်စေ၊ အသက်တစ်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွတ် သူကိုဖြစ်စေ ထိုအုပ်ထိန်းသူက သဘောမတူဘဲ ဆောင်ယူလျှင် သို့မဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ထိုအရွယ်မရောက်သေးသူကို သို့မဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်း သူထံမှ ခိုးယူ သည်မည်၏။


ရှင်းလင်းချက်

ဤပုဒ်မ၌ “ ဥပဒေနှင့်အညီ အုပ်ထိန်းသူ” ဆိုသောစကားများတွင် ဆိုခဲ့သော အရွယ်မရောက် သေးသူကို သို့မဟုတ် အခြားသူကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်စေ၊ အုပ်ထိန်းရန်ဖြစ်စေ ဥပဒေနှင့်အညီ အပ်နှံခံရသူလည်း ပါဝင်သည်။


ကင်းလွတ်ချက်

 မိမိသည် တရားမဝင်သော ကလေး၏ အဘဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သော သူ၏ ပြုလုပ်မှုသည် သို့မဟုတ် ထိုကလေးကို ဥပဒေနှင့်အညီ မိမိ အုပ်ထိန်းပိုင်ခွင့် ရှိသည်ဟု သဘောရိုး ဖြင့်  ယုံကြည်သောသူ၏ ပြုလုပ်မှုသည် အကျင့်ဖောက်ပြားသော ကိစ္စအလို့ငှာ ဖြစ်စေ၊ ဥပဒေနှင့် ဆန့်ကျင် သော ကိစ္စအလို့ငှာ ဖြစ်စေ ပြုသော ပြုလုပ်မှု မဟုတ်လျှင် ဤပုဒ်မနှင့် မသက်ဆိုင်စေရ။


မှတ်စု

===


   ဤပုဒ်မမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၉ တွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ အပသို့ လူခိုးယူမှုနှင့်  ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ လူကိုခိုးယူမှုဟူ၍ နှစ်မျိုးရှိသည့် အနက်မှ ဒုတိယ တစ်မျိုးဖြစ်သည့် ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ လူကိုခိုးယူမှုဖြစ်သည်။ ဤပုဒ်မပါ မိန်းကလေး၏ အသက်မှာ ယခင်က “ အသက်တစ်ဆယ့်ခြောက်နှစ်အောက်မိန်းကလေး” ဟု ပြဋ္ဌာန်းခဲ့သော်လည်း ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအမှတ်-၆ / ၂၀၁၆ ဖြင့် ( ၇.၁.၂၀၁၆ ) ရက်နေ့မှစ၍ မိန်းကလေး၏ အသက်ကို “ အသက် တစ်ဆယ့်ရှစ်နှစ်အောက်မိန်းကလေး”  ဟု အစားထိုးပြဋ္ဌာန်းခဲ့ပါသည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် အသက် ( ၁၈ ) နှစ်အောက်မိန်းကလေးကို မိဘအုပ်ထိန်းသူသဘောမတူဘဲ ခိုးယူလျှင် ဤပုဒ်မအရ အရေးယူခံရမည် ဖြစ်သည်။


 အုပ်ထိန်းသူ သဘောမတူခြင်း 

တရားခံက အသက် ၁၃နှစ်ကျော် ၁၄ နှစ်ရှိ မိန်းကလေးအား ခိုးယူပေါင်း သင်းမှုဖြင့် အရေးယူ အပြစ်ပေးသည့် အမှုဖြစ်သည်။ ဤအမှုတွင် ထူဆန်းသည်မှာ မိန်းကလေးနှင့် တရားခံတို့ ချစ်ကြိုက်ပြီး ကာမဆက်ဆံမှုများ မကြာခဏရှိခဲ့ရာမှ မိန်းကလေးကစ၍ ၎င်းအိမ်မှဆင်းပြီး တရားခံနှင့် အခြားရွာသို့ ထွက်သွားရန်ရအောင်ပြောသဖြင့် အတူထွက်သွားကာ ပေါင်းသင်းနေထိုင်မှု ဖြစ်သည်။


ဤအမှု စီရင်ချက်တွင် အိန္ဒိယနိုင်ငံ၏ စီရင်ထုံးများကိုးကား၍ မယားဖြစ်သူက လင်နှင့် မပေါင်းသင်းလို သဖြင့် လင်၏အိမ်မှ ဆင်းကာ အခြားတစ်ဦးထံ သွားရောက်ပေါင်းသင်းနေမှုမှာ ၃၆၁ နှင့်အကျုံး မဝင်ကြောင်း တင်ပြ မှုများရှိသည်။ ဤစီရင်ထုံးများမှာ ယခုအဖြစ် အပျက်နှင့်မတူ။ ပုဒ်မ ၃၆၁ တွင် အုပ်ထိန်းသူ၏ သဘောတူ ညီ ချက် ရှိ မရှိမှာ အဓိကဖြစ်သည်။ သို့ဖြစ်၍ မိန်းကလေးငယ်က သဘောတူသည့်တိုင် အုပ်ထိန်းသူက သဘော မတူလျှင် ပုဒ်မ ၃၆၁ နှင့်အကျုံးဝင်သည်။ 


အစိုးရ နှင့် စံလှိုင် ၊ အတွဲ-၁ ၁၉၀၀-၁၉၀၂ အောက်မြန်မာပြည်စီရင်ထုံး ၂၀၅ 


 ထို့အတူ အရွယ်မရောက် သေးသည့် မိန်းကလေးသည် လမ်း၌တရားခံနှင့်တွေ့၍  မိမိအလိုအလျောက် တရားခံနောက် သို့ လိုက်သွားခြင်းသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်မှ ဆောင်ယူသွားခြင်းဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။  


 ရွှေသွေး နှင့် အစိုးရ၊ အတွဲ ၁ ( ၁၉၀၇-၀၉ ) အထက်မြန်မာပြည်စီရင်ထုံး ၁ ( ရာဇဝတ်ဆိုင်ရာ ) 


 ကြားမှအောင်သွယ်သူ အမျိုးသမီး အောင်သွယ်က ၁၅ နှစ် ၃ လသာရှိ မတင်ရွှေအား ၎င်း၏ဖခင် အိမ်မှသွားခေါ်ပြီး တရားခံမောင်ကျော် နှင့် ခိုးပြေးခိုင်းပြီး ( ၁၁ ) ရက်ကြာပေါင်းသင်း နေထိုင်သည့် ကိစ္စတွင် မိန်းကလေးက အလိုတူသော်လည်း ပုဒ်မ ၃၆၁ အရ မိဘအုပ်ထိန်းသူ သဘောမတူသဖြင့် ခိုးမှု မြောက်သည်။ ဤသို့ ခိုးယူပေါင်းသင်းနေသည့် နေ့ရက် များမှာ ဆက်ကာ ဆက်ကာ ကျူးလွန်သည့် နေ့ရက် အသီးသီးအတွက် ထပ်မံကျုးလွန်သည့် ပြစ်မှုမျိုးမဟုတ်။ 


 မောင်ကျော် နှင့် အစိုးရ၊ ၁၉၄၇ ရန်ကုန်စီရင်ထုံး ၅၇ 


     တရားခံက အသက်မပြည့်သူ မိန်းကလေး၏ အိမ်တွင် ရင်းနှီးခင်မင်သော ထိုမိန်းကလေးအုပ်ထိန်းသူ မိခင်၏ သဘောတူညီချက်ဖြင့် ကာမစပ်ယှက်မှု ပြုကြပြီးနောက် ခိုးယူပေါင်းသင်းမှုကို မောင်တော်သူက တရား စွဲဆိုမှုဖြစ်သည်။ ဤအမှုတွင် အုပ်ထိန်းသူမိခင်က သဘောတူသည့်အတွက် ပုဒ်မ ၃၆၃ အရ ပြစ်မှု မမြောက်။


အဗ္ဗဒူရာမန် နှင့် အစိုးရ၊ အတွဲ-၁ ( ၁၉၁၀-၁၉၁၃ ) အထက်မြန်မာပြည်စီရင်ထုံး ၁၃၆ 


      ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ ပြစ်ဒဏ်ထိုက်သော လူခိုးမှုတွင် အဓိကအရေးကြီးသည့် အချက်မှာ အုပ် ထိန်းသူထံမှ ခိုးယူသည့် မိန်းကလေးသည် အသက် ၁၆ နှစ်အောက်ဖြစ်ရန်လိုပေသည်။ အသက် ၁၆နှစ် အောက်မိန်းကလေးတဦးကို ၎င်း၏သဘောတူညီချက်အရပင် ခိုးယူခဲ့စေကာမူ၊ အုပ်ထိန်းသူက သဘောမ တူလျှင် ထိုသို့ ခိုးယူသောသူသည် ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်ဖြစ်သည်။ ၎င်းပြင် ခိုးယူသူက မိန်းကလေးသည် အသက် ၁၆ နှစ်ကျော်ပြီးဟု သဘောရိုးနှင့် ယုံကြည်ခဲ့စေကာမူ မိန်းက လေး၏ အသက်မှာ အမှန်တကယ် ၁၆ နှစ်အောက် ဖြစ်နေပါက ထိုသို့ ခိုးယူ သူသည် မိမိ ယုံကြည်ချက်ကို အကာအကွယ်မယူနိုင်ချေ။ ထိုပုဒ်မအရ အဓိကစဉ်းစားရမည့် ပြဿနာမှာ မိန်းကလေး၏ အသက်ဖြစ် သည့်အလျောက် ခိုးယူသည်ဆိုသော မိန်းကလေး၏ အသက်သည် ၁၆ နှစ်အောက်ဖြစ်သည်ဟု ထင်ရှားအောင် ပြသရန်တာဝန်မှာ တရားလိုအပေါ်တွင် ကျရောက် နေပေသည်။ 


 ပြည်ထာင်စုနှင့် မောင်မိုး(ခ ) မောင်သိန်း

 ၁၉၆၆၊ မ.တ.စ ၁၂၁၄ K

Comments