လူအများဝိုင်းရိုက်၊ ထိုးခုတ်၍ သေဆုံးမှု စီရင်ထုံးများ

 လူအများဝိုင်း၍ရိုက်နှက်ရာတွင် ထိုးခုတ်ရာတွင် မည်သူမည်ဝါလက်ချက်ကြောင့် သေကြောင်းသက်သေအထောက်အထားမရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)၊၃၀၄(လူသေမှု)များဖြင့်အရေး မယူသင့်ဘဲပုဒ်မ ၃၂၅၊ ၃၂၆တို့အရသာ အပြင်းအထန်နာကျင်စေမှုဖြင့်အရေးယူအပြစ်ပေးသင့်ကြောင်း ဖော်ပြထားသည့်စီရင်ထုံးများ-

သေသူရရှိသည့် သေစေမည့်ဒါဏ်ရာများမှာ၊ မည်သူပြုလုပ်ရရှိသည့် ဒါဏ်ရာဖြစ်ကြောင်း တစ်ထစ်ချယူဆရန် ခဲယဉ်းသဖြင့် ထိုဒါဏ်ရာများကို အယူခံတရားလိုပြုလုပ်သည်ဟုယူဆရန်လုံလောက်သည့် သက်သေခံအထောက်အထားမရှိ။

အယူခံတရားလိုသည် ထိုသံသယ၏ အကျိုးကိုခံစားခွင့်ရှိသဖြင့် ပုဒ်မ ၃၂၅ အရသာပြစ်မှုကျူးလွန်သည်ဟုဆုံးဖြတ်ရမည်။ ပုဒ်မ ၃၀၄ အရ ပြစ်မှုတွေ့ရှိခဲ့ခြင်းကိုလက်မခံနိုင်။

(မနှင်း(အယူခံတရားလို) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (အယူခံတရားခံ) ၁၉၆၄၊ စာ - ၅၀၂)


ဝိုင်း၍ ရိုက်နှက်ခြင်း၊ ထိုးခုတ်ခြင်း၊ အန္တရာယ်ပြုခြင်းစသည်တို့ပြုလုပ်ကြရာတွင် မည်သူ့လက်ချက်ဖြင့်ထိုသူသေဆုံးရသည်ဟူ၍ သက်သေအထင်အရှားမတွေ့ရှိလျှင် ရာဇသတ်ပုဒ်မ ၃၀၂ မဟုတ်ဘဲ ၃၂၆ အရ ပြင်းထန်စွာ အနာတရဖြစ်စေမှဒကို ကျူးလွန်သည်ဟုတွေ့ရှိလျှင် ပိုမိုမျှတမှန်ကန်သည်။

(မောင်စံတင်ပါ ၂ (အယူခံတရားလိုများ) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (အယူခံတရားခံ) ၁၉၆၅ စာ- ၅၀၅)


မည်သူက ပြုလုပ်သော အပြင်းအထန်နာကျင်စေမှုကြောင့် သေဆုံးသွားရသည်ကို မပြောနိုင်သဖြင့် ထိုကဲ့သိုသေသွားလောက်အောင် အပြင်းအထန်နာကျင်စေမှုပြုလုပ်ခြင်းနှင့် ပါတ်သက်၍ ဒွိဟသံသယရှိသဖြင့် လူသတ်မှုနှင့် အရေးမယူဘဲ အပြင်းအထန်နာကျင်စေမှုနှင့်သာ အရေးယူ၍ အပြစ်ပေးလိုက်ခြင်းဖြစ်သည်။

(သောင်းခိုင်ပါ ၄ (အယူခံတရားလိုများ) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (အယူခံတရားခံများ) ၁၉၆၅ စာ-၉၆၄)




Comments