ငွေဒါဏ်

ငွေဒဏ်တပ်ရိုက်တဲ့အမှုတွေမှာ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ်မလွဲမသွေချမှတ်ရမယ်လို့ ဥပဒေပြဌာန်းချက်မရှိပါဘူး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၃(၁) မှာ ငွေဒဏ်မဆောင် ပျက်ကွက်ရင် တရားဥပဒေက ခွင့်ပြုတဲ့ကာလအတိုင်း ထောင်ဒဏ်ချမှတ်နိုင်တယ်လို့သာ ပြဌာန်းထားတာပါ

      

             ရာဇသတ်ကြီးပုဒ်မ ၆၈ မှာ ငွေဒဏ်ဆောင်တဲ့အခါ ဒါမှမဟုတ် ဥပဒေနဲ့အညီဆောင်ရွက်လို့ ငွေရတဲ့အခါ ထောင်ဒဏ်ဟာ ရပ်စဲစေရမှာဖြစ်ကြောင်း ပြဌာန်းထားတဲ့အတွက် ဒဏ်ငွေတပ်ရိုက်တဲ့အမှုတွေမှာ ဒဏ်ငွေကိုသာရရှိစေလိုကြောင်းမြင်သာပါတယ်

              ဒဏ်ငွေကောက်ခံရမဲ့ နည်းလမ်းကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၈၆ မှာပြဌာန်းထားပြီး

တရားရုံးများလက်စွဲ စာပိုဒ် ၁၁၃၄ မှာ ထပ်မံညွှန်ပြထားပါတယ်

               ဒဏ်ငွေကောက်ခံဖို့ရာအတွက်  ရာဇဝတ်အထွေထွေမှု ခေါ်တဲ့ ရာဇဝတ်အသေးအဖွဲမှု သီးခြားဖွင့်လှစ်ရပါတယ် အဲဒီလိုဖွင့်လှစ်ကြောင်းကိုလည်း ရာဇဝတ်ကြီးမှုဖြစ်တဲ့ဒဏ်တပ်ရိုက်တဲ့အမှု နေ့စဥ်မှတ်တမ်းမှာ ဖွင့်လှစ်တဲ့ရာသေးမှု အမှုနံပါတ်ကိုပါ ဖော်ပြရမှာဖြစ်ပါတယ် အဲဒီလိုဖွင့်လှစ်ပြီးတော့ ဒဏ်ငွေတပ်ရိုက်ခံရတဲ့ တရားခံပိုင်ပစ္စည်းရှိမရှိ စုံစမ်းပြီးတော့ အဲဒီသူပိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို လေလံတင်ရောင်းချရပါတယ် ရောင်းရငွေထဲက ဒဏ်ငွေရယ် လေလံကုန်ကျစရိတ်ရယ်ကိုနှုတ်ပြီး ပိုငွေရှိရင် အဲဒီတရားခံကို ပေးရပါတယ်  

          ဒဏ်ငွေကောက်ခံမရမချင်း ဒါမှမဟုတ် အယူခံရုံး ပြင်ဆင်ရုံးက ဒဏ်ငွေတပ်ရိုက်တဲ့အမိန့်ကို ပယ်ဖျက်တာမဟုတ်ဘဲ ပြင်ဆင်ပြောင်းလဲတာမျိုးဆိုရင် အဲဒီပြောင်းလဲတဲ့ဒဏ်ငွေ မရမချင်း ဒဏ်ငွေကိုခရိုင်ရာဇဝတ်တရားသူကြီးရဲ့ အမိန့်အရ မပယ်ဖျက်မချင်း အမှုတွဲကို တရားရုံးမှာထားရှိရမှာဖြစ်ပါတယ်  

        ခရိုင်ရာဇဝတ်တရားသူကြီးရဲ့အမိန့်အရ ဒဏ်ငွေကိုပယ်ဖျက်တယ် ဆိုတာနဲ့ပတ်သက်လို့ ဒီနေရာမှာထပ်မံဖော်ပြလိုပါတယ် အဲဒီလိုရာဇဝတ်သေးမှုဖွင့်ပြီးစုံစမ်းလို့ ဒဏ်ငွေအရတောင်းခံဖို့ဆောင်ရွက်လို့ တရားခံပိုင်ရောင်းချစရာပစ္စည်းမရှိလို့ ဒဏ်ငွေကိုတောင်းခံမရနိုင်ဘူးဆိုရင် အဲဒီအကြောင်းအရာကို ခရိုင်ရာဇဝတ်တရားသူကြီး တင်ပြရပြီး ခရိုင်ရာဇဝတ်တရားသူကြီးက ဒဏ်ငွေကိုပယ်ဖျက်တာကို ဆိုလိုတာပါ အဲဒီလိုတင်ပြလာရင် ခရိုင်ရာဇဝတ်တရားသူကြီးက ဒဏ်ငွေကိုပယ်ဖျက်တာ ဒဏ်ငွေအရတောင်းခံဖို့ ဘယ်လိုဆောင်ရွက်ရမယ်လို့ ညွှန်ကြားနိုင်ကြောင်း တရားရုံးများလက်စွဲ စာပိုဒ် ၇၃၅(၂)မှာ ညွှန်ပြထားပါတယ်

          တရားခံကိုဒဏ်ငွေမဆောင်လို့ ထောင်ချလိုက်ပေမဲ့ အဲဒီတရားခံဟာ ဒဏ်ငွေပေးဆောင်ရမဲ့တာဝန်က ကင်းလွတ်မသွားပါဘူး

          ဒဏ်ငွေမဆောင်လို့ အကျဥ်းထောင်ပို့လိုက်တာနဲ့တပြိုင်နက် ဒဏ်ငွေအရတောင်းခံဖို့ ရာဇဝတ်ကျင့်ထံးဥပဒေပုဒ်မ ၃၈၆ အရ ရာဇဝတ်သေးမှုကို ချက်ချင်းဖွင့်လှစ်ရမှာဖြစ်ကြောင်း တရားရုံးများလက်စွဲ စာပိုဒ်  ၇၃၅(၁) မှာညွှန်ပြထားပါတယ်

            ဒဏ်ငွေတပ်ရိုက်လို့ ဒဏ်ငွေမဆောင်ရင် အဲဒီလို ရာဇဝတ်သေးမှုဖွင့်ပြီးဆောင်ရွက်ရတာမျိုးကို

အပိုအလုပ်အဖြစ်မြင်လာပြီး မဆောင်ရွက်လို ၊ အရစ်ကျဒဏ်ငွေကို မကြီးကြပ်လိုတာတွေကြောင့် ဒဏ်ငွေတပ်ရိုက်ရင်ချက်ချင်းဆောင်နိုင်မဆောင်နိုင် တရားခံကို တဘက်လှည့်နဲ့မေး ဒဏ်ငွေဆောင်နိုင်ရင်တော့ ဒဏ်ငွေတပ်ရိုက်  ဒဏ်ငွေမဆောင်နိုင်ဘူးလို့သိရရင်တော့ ထောင်ဒဏ်သက်သက်ကိုသာချမှတ်တဲ့ အလေ့အထဖြစ်လာတော့ တရားခံအတွက်လည်း ငွေဒဏ်ထက်ကြီးလေးတဲ့ ထောင်ဒဏ်ကျခံရတာ ၊ အစိုးရအတွက်လည်း ရရှိမဲ့ဒဏ်ငွေကို မရရှိနိုင်တာကြောင့်-

         ဥပဒေပြဌာန်းချက်နဲ့ တရားရုံးများလက်စွဲမှာလည်းရှိပြီး  အရင်ကလည်းတရားရုံးကျင့်စဥ်မှာ ဆောင်ရွက်ခဲ့တဲ့ ဒဏ်ငွေတပ်ရိုက်သင့်တဲ့ပြစ်မှုကို ဒဏ်ငွေတပ်ရိုက်ခြင်း  ဒဏ်ငွေကိုအရစ်ကျပေးဆောင်စေခြင်း ကိစ္စရပ်ကို အလေးထားဖော်ဆောင်ဖို့ သင့်မသင့် စဥ်းစားစရာပါ

         ဆက်လက်ဖော်ပြပါ့မယ်


ငွေဒဏ်တပ်ရိုက်ခြင်းနဲ့ ပတ်သက်လို့ ရာဇသတ်ကြီးပုဒ်မ ၆၃ ပြဌာန်းချက်အရဆိုရင် ငွေဒဏ်ကို ဘယ်ပမာဏထက်မပိုရလို့ ပြဌာန်းထားခြင်းမရှိရင် အကန့်အသတ်မရှိတဲ့ ငွေဒဏ်ချမှတ်နိုင်ပေမဲ့ မများလွန်းစေရကြောင်းပါ ပြဌာန်းထားပါတယ်  

          တရားရုံးများလက်စွဲ စာပိုဒ် ၆၈၂ မှာတော့ ငွေဒဏ်ချမှတ်ခြင်းခံရမဲ့သူရဲ့ ငွေဒဏ်ထမ်းဆောင်နိုင်မဲ့ အခြေအနေကို ထောက်ထားပြီးမှ ငွေဒဏ်ချမှတ်ရမှာဖြစ်တယ် များလွန်းတဲ့ငွေဒဏ် မချမှတ်ရဘူးလို့ တရားဥပဒေက တားမြစ်ထားတဲ့အတွက် များလွန်းတဲ့ငွေဒဏ်ချမှတ်တာကို သတိထားပြီး ရှောင်ကြဥ်ရမှာဖြစ်တယ်လို့ ညွှန်ပြထားပါတယ်

           ဒါတွေကိုကြည့်မယ်ဆိုရင် ဒဏ်ငွေတပ်ရိုက်ရာမှာတောင် တရားခံကိုလွန်လွန်ကဲကဲ ဝန်မပိစေအောင် တရားသူကြီးက စဥ်းစားသုံးသပ်ရမှာ ဖြစ်ပါတယ်

           တရားသူကြီးတွေရဲ့ အများဆုံးချမှတ်နိုင်တဲ့ ဒဏ်ငွေပမာဏကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၂(၁)မှာပြဌာန်းထားပြီး အဲဒီပြဌာန်းချက်အရ တတိယတန်းအာဏာရ ရာဇဝတ် တရားသူကြီးက ကျပ်(၃)သောင်း ၊ ဒုတိယတန်းအာဏာရ ရာဇဝတ်တရားသူကြီးက ကျပ်(၅)သောင်း ၊ ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက ကျပ်(၁)သိန်းထက် မပိုတဲ့ဒဏ်ငွေချမှတ်နိုင်ပါတယ်

           ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတရားလွှတ်တော် နဲ့ ခရိုင်တရားရုံးတရားသူကြီးတွေကတော့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၁(၁)(၂)(၃)ပါ ပြဌာန်းချက်အရ ငွေဒဏ်နဲ့ပတ်သက်ရင် ကန့်သတ်ထားခြင်းမရှိပါဘူး

             ဒဏ်ငွေမဆောင်လို့ ထောင်ဒဏ်ချမှတ်တာနဲ့ ပတ်သက်လို့ ဆက်လက်ပြောလိုပါတယ်

              ရာဇသတ်ကြီးပုဒ်မ ၆၀ ပြဌာန်းချက်အရ ထောင်ဒဏ်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ရယ် အလုပ်မဲ့ထောင်ဒဏ်ရယ်လို့ နှစ်မျိုးရှိပါတယ်

            အပြစ်ပေးရတဲ့ ဥပဒေပါပြစ်မှုမှာ ငွေဒဏ်သက်သက်သာ တပ်ရိုက်နိုင်ကြောင်း ပြဌာန်းထားရင်

ဒဏ်ငွေမဆောင်တဲ့အတွက် ချမှတ်နိုင်တဲ့ထောင်ဒဏ်

အမျိုးအစားဟာ အလုပ်မဲ့ထောင်ဒဏ်သာ ဖြစ်တယ်လို့ ရာဇသတ်ကြီးပုဒ်မ ၆၇ မှာ ပြဌာန်းထားပါတယ်

              အပြစ်ပေးရတဲ့ ဥပဒေပါပြစ်မှုမှာ ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်နိုင်တယ်လို့ ပြဌာန်းထားရင်တော့ ဒဏ်ငွေမဆောင်တဲ့အတွက် ချမှတ်နိုင်တဲ့ ထောင်ဒဏ်ဟာ ဘယ်လိုထောင်ဒဏ်အမျိုးအစားဘဲဖြစ်ဖြစ် ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၆၆ မှာပြဌာန်းထားပါတယ်

                 တပ်ရိုက်တဲ့ဒဏ်ငွေပေးဆောင်ရင် ငွေဒဏ်မဆောင်လို့ ချမှတ်တဲ့ထောင်ဒဏ်ကာလ ရပ်စဲရမှာဖြစ်ပြီး(ရာဇသတ်ကြီးပုဒ်မ ၆၈) တပ်ရိုက်တဲ့

ဒဏ်ငွေ အပြည့်မဟုတ်ဘဲ တချို့တဝက်ပေးဆောင်ရင် အဲဒီငွေနဲ့အချိုးညီတဲ့ ထောင်ဒဏ်ကာလ ရပ်စဲပါတယ်(ရာဇသတ်ကြီးပုဒ်မ ၆၉)

                 ဒဏ်ငွေ တစ်သောင်းမဆောင်လို့ ထောင်ဒဏ် ၄ လ ချမှတ်ခံရတဲ့ တရားခံဟာ ထောင်တစ်လမပြည့်မီ ငွေ ၇ ထောင့် ၅ရာ ပေးဆောင်ရင် ပထမတစ်လပြည့်တဲ့အချိန်မှာ ထောင်ကလွတ်မှာ

ဖြစ်ပါတယ်(ရာဇသတ်ကြီး ပုဒ်မ ၆၉ ၏ ဥပမာ)

                 ဒဏ်ငွေမဆောင်လို့ အများဆုံးချမှတ်နိုင်တဲ့ ထောင်ဒဏ်ကာလဟာ (၆) လ ဖြစ်ပါတယ်(ရာဇသတ်ကြီးပုဒ်မ ၆၇ နှင့် တရားရုံးများလက်စွဲ စာပိုဒ် ၆၈၃(၅)(ခ))

            ဆက်လက်ဖော်ပြပါ့မယ်

Comments