မြေပုံအရောင်များ
မြေစာရင်းမြေပုံများ၌ အပိုင်ဂရန်မြေ၊ နှစ်အကန့်အသတ်ဖြင့် ရရှိထားသောမြေအစရှိသည်တို့ကို ဆေးရောင်ခြယ်သတ်မှတ်ခြ့င်း
နိဒါန်း
မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေ တွင် ဖော်ပြထားသော မြို့မြေ အမျိုးအစားအလိုက် ဆေးရောင်ခြယ်သတ်မှတ်ပုံကို ဖော်ပြပေးလိုက်ပါသည်။
မြေစာရင်းလက်စွဲဥပဒေအပိုဒ် ၈၁၂ ။ ။ မြို့မြေပုံများပေါ်တွင် ပိုင်ဆိုင်ခွင့်နှင့်လက်ရှိ နေထိုင်ခြင်း အမျိုးအစားအမျိုးမျိုးတို့ကို အောက်တွင် ဖော်ပြထားသော ဆေးရောင်များ ဖြင့် အနားသတ်ရေးဆွဲရမည် -
(၁) အပိုင်ဂရန်မြေ၊ နှစ်ကာလအကန့်အသတ်ဖြင့် ရရှိထားသောမြေ၊ သို့မဟုတ် မြေပိုင်ဆိုင်ခွင့်ရရှိထားသောမြေ ( အောက်မြန်မာပြည်) အရာတော် မဟုတ်သည့်မြေ၊ (အထက်မြန်မာပြည်) အပြာရင့်ရောင်။
(၂) အပိုင်ဂရန်မရှိဘဲ သာသနာရေးအတွက် အသုံးပြုလျှက်ရှိသောမြေ၊ မြစိမ်း ရောင်။
(၃) အငှားဂရန်မြေများ၊ ကြက်သွေးရောင်) ။
(၄) လိုင်စင်မြေများ ခရမ်းရောင်နု။
(၅) သာသနာအတွက် သို့မဟုတ် ပြည်သူလူထုအတွက် အသုံးပြုရန် အခွန်လွှတ်မြေ၊ ရေညှိရောင်။
(၆) ပိုင်ဆိုင်ခွင့်မရှိဘဲ လက်ရှိထားသောမြေ၊ပြာလဲ့ရောင်။
(၇) အစိုးရအသုံးပြုရန်အတွက်သော်လည်းကောင်း၊ မီးရထားဌာန သို့မဟုတ် မြူနီစီပါယ်အဖွဲ့ သို့မဟုတ် မြို့မြေကော်မတီတို့ကိုသော်၎င်း ပေးထား သောမြေ၊ အမွဲရောင်။
(၈) မြို့မြေအမိန့်ဆင့်ဆိုချက် ၅၅ အရ အစိုးရအတွက် သီးသန့်ထားသော မြေလွတ် ဇော်ဂျီရောင်။
(၉) ပိုင်ဆိုင်ခွင့် မဆုံးဖြတ်ရသေးသောမြေများ၊ ပြာလဲ့ရောင် မျဉ်းပြတ် သို့မဟုတ် တုံးများ။
(၁၀) အထက်မြန်မာပြည်ရှိ အစိုးရစိုက်ပျိုးမြေ၊ ဟင်္သာပြဒါးရောင်။
မြေစာရင်းလက်စွဲဥပဒေအပိုဒ် ၄၁၄ ။ ။ မြေတိုင်းစာရေး၏မြေပုံများတွင် အောက်ပါအတိုင်းဆေးရောင်ခြယ်ခြင်းပြုရမည်။
(၁) အောက်မြန်မာနိုင်ငံရှိ အပိုင်ဂရန် သို့မဟုတ် မြေပိုင်ရှင်အခြေအနေရရှိပြီးမြေ၊ အထက်မြန်မာနိုင်ငံရှိ အရာတော်မြေ မဟုတ်သည့်မြေများ၊ ၎င်းပြင်တပ်မြေအတွင်းဖြစ်လျှင်၊ လူနေထိုင်ရန် အတွက် သို့မဟုတ် စက်မှုလက်မှုအတွက် အခွန်လွတ်ပေးထားသောမြေများကို အပြာရင့်ရောင်ဖြင့် အနားသတ်ရေးဆွဲရမည်။
(၂) အငှားဂရန်မြေများကို ကြက်သွေးရောင်ဖြင့် အနားသတ်ရေးဆွဲရမည်။
(၃) လိုင်စင်မြေများကို ကြက်သွေးရောင်မျဉ်းပြတ်ဖြင့် အနားသတ်ဆေး ရေးဆွဲရမည်။
(၄) အစိုးရအသုံးပြုနေသောမြေ၊ သို့မဟုတ် (မီးရထားဌာနအပါအဝင်) အစိုးရဌာနတစ်ခုခုက အသုံးပြုနေသောမြေကို စကားဝါရောင်ဖြင့် အနားသတ်ရေးဆွဲရမည်။ လမ်းလုပ်ငန်းဌာန၏ လမ်းများကိုလည်း ထိုနည်းတူဆေးရောင်ခြယ်ပြရမည်။
(၅) အောက်မြန်မာနိုင်ငံမြေနှင့်အခွန် အက်ဥပဒေပုဒ်မ ၄၊ အပိုဒ် (ဇ) အရမြေများ၊ သို့မဟုတ် အထက်မြန်မာနိုင်ငံမြေနှင့်အခွန်ရက်ဂူ လေးရှင်းဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ(၆)၊ အပိုဒ်(က) အရ မြေများ၊ သို့မဟုတ် အောက်မြန်မာနိုင်ငံမြို့ရွာရှိမြေယာအက်ဥပဒေပုဒ်မ ၃၊ ပုဒ်မ ခွဲ(၁)၊ အပိုဒ် (ဂ) အရ မြေများ၊ သို့မဟုတ် အထက်ဖော်ပြပါ ပဌမအက်ဥပဒေ နှစ်ခုအရ ပြဌာန်းသတ်မှတ်ထားသော သာသနာရေး ကိစ္စ၊ သို့မဟုတ် အများပြည်သူကိစ္စ၊ သို့မဟုတ် အခြားကိစ္စ များအတွက် အပိုင်ဂရန်ပေးထားသောမြေများဖြစ်၍ ဆိုင်ရာ မှတ်ပုံတင်စာအုပ်၌ ယင်းသို့သုံးစွဲရန် ရေးသွင်းထားသော မြေများ၊ သို့မဟုတ် အထက်ဖော်ပြပါ နောက်ဆုံးအက်ဥပဒေအရ သာသနာရေး ကိစ္စ၊ အများပြည်သူကိစ္စ၊ သို့မဟုတ် အခြားကိစ္စများအတွက် လွှဲပြောင်း ထားသောမြေများဖြစ်၍ ၊ ဆိုင်ရာမှတ်ပုံတင်စာအုပ်၌ ယင်းသို့ပြောင်းလွှဲ သုံးစွဲရန် ရေးသွင်းထားသောမြေများကို ရေညှိရောင် ဖြင့် အနားသတ်ရေးဆွဲရမည်။
(၆) မြေခွန်အမိန့်ဆင့်ဆိုချက် ၁၁၅ (က) အရ၊ သာသနာရေးအတွက် သို့မဟုတ် အများပြည်သူအတွက်မြေခွန်စည်းကြပ်ခြင်းမှ လွတ်ငြိမ်း ချမ်း သာခွင့်ပြုထားသော မြေများကို ရေညှိရောင် မျဉ်းပြတ်ဖြင့် အနားသတ် ရေးဆွဲရမည်။
(၇) မြူနီစီပါယ်အဖွဲ့၊ သို့မဟုတ် ဒေသန္တရ ရံပုံငွေသို့ လွှဲအပ်ထားသော မြေများကို အမွဲရောင်ဖြင့် အနားသတ်ရေးဆွဲရမည်။ မြူနီစီပါယ်အဖွဲ့ သို့မဟုတ် မြို့ရံပုံငွေမှ ပြုပြင်ထိန်းသိမ်းထားသော လမ်းများကို လည်း ယင်းဆေးရောင်ဖြင့်ပင်ရေးဆွဲရမည်။
(၈) အစိုးရသီးသန့်မြေလွတ်များ၊ သုဿန်များနှင့် စားကျက်မြေများကို ဇော်ဂျီရောင်ဖြင့် အနားသတ်ရေးဆွဲရမည်။
(၉) ပိုင်ဆိုင်ခွင့်မရှိဘဲ နေထိုင်သောမြေကို မမြဲဦးပိုင်အဖြစ် ခဲအစက် များဖြင့် ပြရမည်။
(၁၀) သီးသန့်ထားခြင်းမပြုသော အစိုးရအသုံးပြုနိုင်သော မြေလွတ်များကို ဆေးရောင်ခြယ်ခြင်း မပြုရ။
မြေပုံများပေါ်၌ ဆေးရောင်ရေးဆွဲသောအခါ သက်ဆိုင်ရာမြေကွက်၏ အတွင်းဘက်မှသာလျှင် အနားသတ်ရေးဆွဲရန် အထူးဂရုပြုရမည်။
# မြေယာတို့ကို စီမံခန့်ခွဲခြင်း
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ မြေများကို မြို့တော်စည်ပင်သာယာရေးကော်မတီများမှ စီမံခန့်ခွဲ ဆောင်ရွက်ပါသည်။
# ရန်ကုန်မြို့နှင့်သက်ဆိုင်ခြင်း
မြေစာရင်းလက်စွဲဥပဒေအပိုဒ် (၈၁၇) တွင်”ဤဥပဒေပါ စည်းမျဉ်းအပိုဒ်များသည်၊ ရန်ကုန်မြေလက်စွဲ ဥပဒေ နှင့် မဆန့်ကျင်သမျှ ရန်ကုန်မြို့နှင့် သက်ဆိုင်သည်” ဟု ပြဌာန်း ထားသည်။
#ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိမြေများကို မြို့တော်စည်ပင် သာယာ ရေးကော်မတီက စီမံခန့်ခွဲလျှက်ရှိိသောကြောင့် မြေစာရင်းလက်စွဲဥပဒေပါ အပိုဒ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေနှင့် မဆန့်ကျင်သ မျှ သက်ဆိုင်သည်ဟု မှတ်ယူရန်ဖြစ်ကြောင်း မျှဝေလိုက်ရပေသည်။
Comments
Post a Comment