စာအုပ်ကြည့်၍ထွက်ဆိုခြင်း

1 - စာအုပ်ကြည့်ပြီး သက်သေထွက်ချက်ပေးလို့ 

ရပါသလား ???


2 - ဘယ်သူတွေက စာအုပ်ဖတ်ပြီး သက်သေထွက်ချက်ပေးခွင့်ရှိပါသလဲ ???


3 - ဘယ်အချိန်မှာ စာအုပ်ကြည့်ပြီး သက်သေထွက်ချက်ပေးခွင့် ရပါသလဲ ???


Refresh the Memory

(ပြန်လည် အမှတ်ရစေခြင်း)


ပြစ်မှုဆိုင်ရာကျင့်​ထုံးဥပဒေ ပုဒ်မ (၁၇၂)။  

(၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းခြင်း ပြုလုပ်သည့် 

ရဲအရာရှိတိုင်းသည် စုံစမ်းထောက်လှမ်းရာ၌ မိမိ၏ 

ဆောင် ရွက်ချက်များကို နေ့စဉ်မှတ်တမ်း၌ ထည့်သွင်းရေး

မှတ်ရမည်။ မိမိထံ သတင်းရောက်သည့်အချိန်၊

မိမိစုံစမ်းထောက်ခြင်းကို စတင်ပြုလုပ်သည့် အချိန်နှင့် 

ပိတ်သိမ်းသည့်အချိန်၊ မိမိသွားရောက်သည့်နေရာ၊ 

သို့မဟုတ် နေရာများနှင့် မိမိစုံစမ်းထောက်လှမ်းခြင်းမှ 

သိရှိရသောကြောင်းခြင်းရာများကို နေ့စဉ်မှတ်တမ်း၌ 

ဖော်ပြရမည်။


(၂) မည်သည့်ရာဇဝတ်တရားရုံးမဆို မိမိရုံး၌ စုံစမ်းစစ်ဆေးနေသော၊ သို့မဟုတ် စစ်ဆေးစီရင်နေသော အမှုနှင့်သက်ဆိုင်သည့် ရဲအမှုနေ့စဉ်မှတ်တမ်းများကို တောင်းခေါ်နိုင်သည်။ ယင်းရဲနေ့စဉ်မှတ်တမ်းများကို အမှုတွင် သက်သေခံချက် 

အဖြစ်မဟုတ်ဘဲ၊ အဆိုပါ စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေးစီရင်မှု၌ အထောက်အကူအဖြစ် အသုံးပြုနိုင်သည်။ တရားခံကဖြစ်စေ၊ ၄င်း၏ ကိုယ်စားလှယ်များကဖြစ်စေ 

အဆိုပါနေ့စဉ်မှတ်တမ်းများကို တောင်းခေါ်ပိုင်ခွင့် မရှိစေရ။ အဆိုပါ နေ့စဉ်မှတ်တမ်းများကို တရားရုံးက ရည်ညွှန်းကြည့်ရှုရုံမျြှဖင့် တရားခံ၊ သို့မဟုတ် ၄င်း၏ ကိုယ်စားလှယ်များတွင် ကြည့်ပိုင်ခွင့်မရှိစေရ။ သို့သော် ရေးမှတ်ခဲ့သည့် ရဲအရာရှိက မိမိပြန်လည်သတိရအောင် ယင်းနေ့စဉ်မှတ်တမ်းများကို 

အသုံးပြုလျှင်ဖြစ်စေ၊ အဆိုပါရဲအရာရှိအား ဆန့်ကျင်

မေးမြန်း ရန်အတွက် တရားရုံးက ထိုနေ့စဉ်မှတ်တမ်းများကို အသုံးပြုလျှင်ဖြစ်စေ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၆၁၊ သို့မဟုတ် ပုဒ်မ ၁၄၅ ပါ သက်ဆိုင်ရာရာ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်။


သက်သေခံဥပဒေ ပုဒ်မ ၁၅၉။  ။သက်သေတစ်ဦးသည် 

အစစ်အဆေးခံနေစဉ်အတွင်း မိမိအားမေးမြန်းသော 

အမှုကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်သတိရရှိရန် အလိုဌာ အဆိုပါအမှုကိစ္စ ဖြစ်ပွားချိန်တွင် ဖြစ်စေ ၊ ထိုကိစ္စ ဖြစ်ပွားပြီးချိန်တွင်ဖြစ်စေ၊ ထိုကိစ္စဖြစ်ပွားပြီးနောက် များမကြာမှီ 

ထိုကိစ္စကို ကောင်းစွာမှတ်မိနိူင်လောက်ဖွယ် ရှိသေးသည်ဟု တရားရုံးကထင်မြင် ယူဆသည့် အချိန်တွင်းတွင်ဖြစ်စေ၊ မိမိ ကိုယ်တိုင် ရေးသားခဲ့သော ရေးသားချက်ကို ကြည့်ရှုနိူင်သည်။ အခြားသူတစ်ဦးဦး၏ ရေးသားချက်တစ်ရပ်ရပ်ကို 

အထက်ဆိုခဲ့သည့် အချိန်အတွင်း သက်သေက ဖတ်ကြည့်ခဲ့ရပြီး ထိုသိုဖတ်ကြည့်ခဲ့သည့်အခါ ရေးသားချက်မှန်ကန်

ကြောင်း သိခဲ့ရလျှင် ထိုအခြားသူ၏ ရေးသားချက်ကို 

ရည်ညွှန်းနိူင်သည်။


သက်သေတစ်ဦးဦးသည် ပြန်လည်သတိရရှိရန် အလိုငှာ စာရွက်စာတမ်းတစ်ခုခုကို ကြည့်ရှုနိူင်ခွင့်ရှိသည့်အခါ 

ထိုစာရွက်စာတမ်းမိတ္တူကိုလည်း တရားရုံး၏ ခွင့်ပြုချက်ဖြင့် 

ကြည့်ရှုနိူင်သည်။ မှုရင်းစာရွက်စာတမ်းများကို မတင်ပြဘဲ

နေခြင်းမှာ လုံလောက်သော အကြောင်းတရားရှိသည်ဟု 

တရာရုံးက ကျေနပ်သည့်အခါ ထိုသို့ ခွင့်ပြုနိူင်သည်။


အထူးကျွမ်းကျင်သူ တစ်ဦးသည် ပြန်သတိရရန် အလို့ငှာ 

သက်ဆိုင်သည့် အတက်ပညာနှင့် စပ်လျဉ်းသည့် 

စာအုပ်စာတမ်းများကို ကြည့်ရှုနိူင်သည်။


ဦးသက်ဖေ၏ သက်သေခံဥပဒေ သိကောင်းစရာများ  စာအုပ်တွင် - 

သက်​သေခံဥပဒေပုဒ်မ ၁၅၉ ။ ။ သက်သေတဦးသည် 

စစ်ဆေးခံရစဉ်အတွင်း စစ်ဆေးခြင်းခံရသည့် ကိစ္စကို

ပြုစဉ်အခါတွင်ဖြစ်စေ ပြုပြီးနောက် များမကြာမီ ဖြစ်စေ 

ယင်းကိစ္စကို ကောင်းစွာ မှတ်မိရန် အကြောင်းရှိသည်ဟု 

တရားရုံးက ထင်မြင်သည့် အခါ တွင်ဖြစ်စေ၊ မိမိကိုယ်တိုင်

ရေးမှတ်ထားသည့်စာကို ပြန်လည် သတိရရန် ကြည့်ရှုခွင့်ရှိသည်။


အခြားလူတဦး ရေးသားသောစာကို အထက်ပါ အချိန် ကာလအတွင်း သက်သေက ဖတ်ရှုပြီး ဖတ်ရှုစဉ်က 

မှန်ကြောင်း သိခဲ့ရလျှင် ယင်းစာကိုလည်း သက်သေက 

ကြည့်ရှုခွင့်ရှိသည်။


သက်သေတဦးသည် စာတမ်းအမှတ်အသားတခုကို 

ပြန်လည်သတိရရန် ကြည့်ရှုခွင့်ရှိလျှင် တရားရုံး၏ 

ခွင့်ပြုချက်ဖြင့် ယင်းစာတမ်းအမှတ်အသား၏ မိတ္တူကို 

ကြည့်ရှုခွင့်ရှိသည် သို့ရာတွင် မူရင်းကို မတင်ပြခြင်း အတွက် တရားရုံးမှ ကျေနပ်လောက်အောင် လုံလောက်သော 

အကြောင်းရှိရမည်။ 


ပါရဂူတဦးသည် ပြန်လည် သတိ ရရန် သက်ဆိုင်သော 

အတတ်ပညာ နှင့်စပ်လျဉ်းသည့် ကျမ်းများကို ကြည့်ရှုခွင့်ရှိသည်။


အကြောင်းအရာ

(က) သတိရစေမည့်စာ 

(ခ)   ပြန်ကြည့်ခွင့်ရှိသည့်စာ

(ဂ)   ကိုယ်တိုင်ရေးသောစာ 

(ဃ) သူတပါးရေးသောစာ 

(င)   စာ၏မိတ္တူကို ပြန်ကြည့်ခွင့်

(စ)   ပါရဂူကကျမ်းကို ကြည့်ခွင့်


(က) သတိရစေမည့်စာ။ ။ သက်သေတဦးသည် 

မိမိသိရှိမှတ်မိသရွေ့ကို အစစ်ခံရန်ဖြစ်သော်လည်း 

အချက် အလက်များကို အသေးစိတ်ထွက်ဆိုသောအခါ 

ယင်းကိစ္စနှင့်ပတ်သက်၍ ရေးမှတ်ထားသည့်စာရှိလျှင်

ထိုစာကိုကြည့်ခွင့်ပြုထားသော ပုဒ်မဖြစ်သည်။ 

သက်သေအနေဖြင့် မှားယွင်းပြီး ရှေ့နောက်မညီညွတ် 

ထွက်ဆိုမိမည်ကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် 

ခွင့်ပြုခြင်းဖြစ်သည်။ မှတ်မိရန်ကြည့်ခွင့်ပြုသောစာမှာ 

သက်သေကိုယ်တိုင် ထွက်ဆိုသော ကိစ္စ ပြုလုပ်စဉ်အခါတွင် ဖြစ်စေ၊ ပြုလုပ်ပြီးနောက် မကြာမီအချိန်တွင်ဖြစ်စေ၊

ရေးသားထားသော စာဖြစ်ရန်လိုသည်။ သက်သေကိုယ်တိုင် ရေးသားထားခြင်း မဟုတ်ပဲ အခြားလူတဦးတယောက်က

ရေးသားထားသည့် စာဖြစ်ပါက သက်သေကိုယ်တိုင်ကိစ္စကို

ပြုလုပ်စဉ်အခါတွင်ဖြစ်စေ ပြုလုပ်ပြီးနောက် မကြာမီ 

အချိန်တွင်ဖြစ်စေ ယင်းစာအား သက်သေက ဖတ်ရှုခဲ့ရပြီး စာပါအချက်အလက်များသည် မှန်ကန်ကြောင်း သိရှိရန်လိုသည်။ ထိုအင်္ဂါရပ် နှစ်ခုအနက် တခုခုနှင့် ပြည့်စုံခြင်း 

မရှိသောစာမှာ ဤပုဒ်မနှင့် အကျုံးမဝင်သဖြင့် သက်သေ

သည်ပြန်သတိရရန် ကြည့်ရှုခွင့်မရှိ။


(ခ) ပြန်ကြည့်ခွင့်ရှိသည့်စာ ။ ။ဤပုဒ်မအရ သက်သေက

ကြည့်ရှုခွင့်ရှိသောစာမှာ သက်သေ၏ မှတ်ဉာဏ်ကို

ပြန်လည်နိုးဆွရန်သာဖြစ်ပြီး ထိုစာပါ အချက် အလက်များကို သက်သေခံခြင်း မဟုတ်၍ စာအနေဖြင့် သက်သေခံ

မဟုတ်ပေ သို့ဖြစ်ရာ ဆရာဝန်၏ဆေးမှတ်တမ်းသည် 

ဆရာဝန်ကိုယ်တိုင်သက်သေခံသည့်အခါ ဆေးစစ်ဆေးခြင်းကို ပြန်လည်သတိရရန် ကြည့်ရှုသည့် စာဖြစ်သောကြောင့်

ဆေးမှတ်တမ်းကို အခြေခံသက်သေခံချက်အဖြစ် 

လက်ခံခြင်းဖြစ်သည်။


အလားတူပင် ခိုးရာပါပစ္စည်းများကို သိမ်းဆီးစဉ်ပြုလုပ်သော သက်သေခံပစ္စည်းစာရင်းမှာလည်း သိမ်းဆီးသည့် 

အရာရှိသက်သေခံသောအခါ သတိရရန် ကြည့်ရှုရသည့် 

စာဖြစ်၍ ထို အရာရှိသက်သေမခံလျှင် သက်သေခံမဝင်။ 

သက်သေကပြန်ကြည့်ခွင့်ရှိသည့် စာမှာ မည်သည့်ပုံစံမျိုး

ဖြစ်ရမည်ဟု ပြဌာန်းထားခြင်းမရှိ၊ ထို့ကြောင့် မှတ်ပုံတင်

စာအုပ်တွင် မှတ်သားထားချက်၊ ဆရာဝန်၏ဆေးစာ၊

မွေးလက်မှတ်၊ ဇာတာစာရင်းရေးသားချက်၊ သက်သေခံ

ပစ္စည်းစာရင်းစသည့် မည်သည့်ရေးသားချက်မဆို 

အကျုံးဝင်ပြန်ကြည့်ခွင့်ရှိသည့် စာအနေဖြင့် သက်သေခံချက် မဟုတ်သောကြောင့် တဘက်အမှုသည်က တောင်းဆိုခြင်း

မပြုလျှင်တင်ပြရန်မလိုပေ။ ထိုစာသည်သက်သေခံမဟုတ်ပဲ ပြန်လည်သတိရရန် ကြည့်ရှုခြင်းသာဖြစ်၍ သက်သေခံဝင်

သည် မဝင်သည်ဆိုသော ပြဿနာမပေါ်နိုင်ပေ။ ထို့ကြောင့် သက်သေခံမဝင်သော စာတမ်းအမှတ်အသား များဖြစ်သည့် တံဆိပ်ခေါင်းမကပ်ထားသော စာချုပ်စာတမ်း၊ တံဆိပ်ခေါင်းလုံလောက်အောင် ကပ်ထားခြင်းမရှိသည့် စာချုပ်စာတမ်းများကို သက်သေက ပြန်လည်သတိရရန် ကြည့်ရှုခွင့်ရှိသည်။


(ဂ) ကိုယ်တိုင်ရေးသောစာ ။ ။အထက်တွင် ဖေါ်ပြခဲ့သည့် 

အတိုင်း ဤပုဒ်မနှင့် အကျိုးဝင်ရန်အလို့ငှါ ပြန်ကြည့်ခွင့်ရှိသည့်စာသည် သက်သေကိုယ်တိုင် ရေးသားထားသော

စာဖြစ်ရန် လိုပြီး၊ ကိုယ်တိုင်ရေးသားခြင်းမဟုတ်က 

သက်သေသည် ယင်းစာကိုဖတ်ရှုပြီး မှန်ကန်ကြောင်း 

သိထားရန်လိုသည်။ ပြန်ကြည့်ခွင့်ရှိသောစာကို သက်သေကိုယ်တိုင် စာပါကိစ္စပြုလုပ်စဉ် အချိန်ကဖြစ်စေ၊ ပြုလုပ်ပြီး

နောက် မကြာမီအချိန်အတွင်း ဖြစ်စေ ရေးသားထားရန် 

လိုပေသည်။ မကြာမီအချိန်အတွင်းဆိုသော ကာလကို 

သတ်မှတ် ထားခြင်းမရှိ။ သို့ရာတွင် ရေးမှတ်ထားသည့်ကိစ္စကို ပြုလုပ်ပြီးနောက်ရေးမှတ်သူက ယင်းကိစ္စကို ကောင်းစွာ မှတ်မိနိုင်ရန် အကြောင်းရှိ သည်ဟု တရားရုံးမှ

ထင်မြင်ယူဆသည့် အချိန်ကာလ အတွင်း ဖြစ်ရန်လိုပေ

သည်။ သို့ရာတွင် ရက်အနည်းငယ်အတွင်း ရေးမှတ်ထားပါက ကောင်းစွာ မှတ်မိနိုင်သည့် မကြာမှီကာလအတွင်း 

ဖြစ်သည်ဟု ယူဆနိုင်မည် ဖြစ်သော်လည်း လနှင့်ချီ၍ 

ကြာညောင်းပြီးမှ ရေးမှတ်ထားလျှင် မကြာမီကာလအတွင်း

ဖြစ်သည်ဟု ကောက်ယူနိုင်မည် မဟုတ်ပေ။ အမှုကိုလိုက်၍ ပေါ်ပေါက်နေသော အကြောင်းခြင်းရာအပေါ် မကြာမီကာလအတွင်း ရေးမှတ်ထားခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ရသည်။


(ဃ) သူတပါးရေးသောစာ ။ ။သက်သေကိုယ်တိုင်ရေးသားထားသော စာမဟုတ်ပဲ သူတပါး ရေးသားသော စာဖြစ်လျှင် သက်သေသည် စာပါကိစ္စအား ပြုလုပ်ပြီး မကြာမီအချိန်အတွင်း၊ စာကို ဖတ်ရှုရပြီး စာပါအချက်အလက်များသည် 

မှန်ကန်စွာ ရေးသားထားကြောင်း သိရှိရန်လိုပေသည်။ 

ထိုအင်္ဂါရပ်များနှင့် ပြည့်စုံသည့်စာကိုသာ သက်သေသည် ဤပုဒ်မအရ ကြည့်ရှုခွင့်ရှိသည်။ ဥပမာ ယခင်သက်သေ

ထွက်ချက်ကို သက်သေကိုယ်တိုင် ရေးသားခြင်းမဟုတ်ပဲ 

ရုံးစာရေးကရေးသားပြီး ထိုထွက်ချက်ကို သက်သေက 

ဖတ်ရသည့်အမြင် မှန်ကန်ကြောင်းလည်း လက်မှတ်ထိုးထားပါက ယင်းထွက်ချက်ကို သက်သေအနေဖြင့် ပြန်လည် သတိရရန် ကြည့်ရှုခွင့်ရှိပေသည်။


သို့ရာတွင် သက်သေသည် စာမတတ်သူဖြစ်ပါက စာကို 

ကိုယ်တိုင်လည်းမရေးနိုင်၊ ဖတ်လည်း ၊ မဖတ်နိုင်သည့် 

အလျောက် ဤပုဒ်မအရ ပြန်လည်ကြည့်ရှုခွင့်ရှိမည် 

မဟုတ်ဟု ယူဆရသည်။


(င) စာ၏မိတ္တူကို ပြန်ကြည့်ခွင့် ။ ။ ဤပုဒ်မအရ ရည်ရွယ်

ချက်မှာ သက်သေ၏အသိဉာဏ်ကို ပြန်လည်နှိုးဆွရန် 

အတွက်ဖြစ်ရာ စာ၏မူရင်းကို ကြည့်ရှုခွင့်ရှိလျှင် ယင်းစာ၏

မိတ္တူကိုလည်း ကြည့်ရှု ခွင့်ရှိမည်ဖစ်သည်။ သို့ရာတွင် 

မူရင်းကိုမတင်ပြနိုင်သည့် လုံလောက်သောအကြောင်းရင်း

အပြင် တရားရုံး၏ခွင့်ပြုချက်ရမှသာ စာ၏မိတ္တူကို 

သက်သေသည် ဤပုဒ်မအရ ကြည့်ရှုခွင့် ရှိသည်။ 

မည်သည့် မိတ္တူမျိုးကို အသုံးပြုနိုင်သည်။ မိတ္တူကို 

မည်ကဲ့သို့ ထင်ရှားအောင် ပြသရမည်ဟု အတည့်အလင်း

ဖေါ်ပြထားခြင်းမရှိသော်လည်း ဤဥပဒေအရ တဆင့်သက်

သေခံချက်ကို မည်သည့်အခါတွင် မည်သို့မည်ပုံ သက်သေခံဝင်သည်ဆို သော ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ပြီးမှသာ မိတ္တူကို သက်သေသည် ပြန်လည်သတိရရန်

ကြည့်ရှုခွင့်ရှိပေသည်။


(စ) ပါရဂူကကျမ်းကိုကြည့်ခွင့် ။ ။ ပါရဂူ၏ထွက်ချက်သည် 

အဓိကအားဖြင့် သက်ဆိုင်ရာ အတတ်ပညာနှင့်ပက်သက်

သော ကျမ်းပါအချက်အလက်များအပေါ်တွင် အခြေခံနေ

သောကြောင့် ပါရဂူအနေဖြင့် ထင်မြင်ချက်ပေးရာတွင် 

ယင်းကျမ်းကို ကြည့်ရှုခွင့်ရခြင်း ဖြစ်သည်။


#မှတ်ချက်။ ရေးသားထားချက်ဆိုသော်လည်း ပုံနှိပ်ထား

သော စာလည်း ပါဝင်သည်။ သတိရစေရန် ပြန်ကြည့်သော စာတမ်းအမှတ်အသားသည် သက်သေခံဝင်သော စာတမ်းအမှတ်အသား ဖြစ်ရန်မလို၊ တံဆိပ်ခေါင်း လုံးဝကပ်မထား

သော သို့မဟုတ် တစ်စိတ်တစ်ပိုင်းသာ ကပ်ထားသော စာတမ်းအမှတ်အသားများလည်း အကျုံးဝင်သည်။ သို့သော် 

သတိရစေရန် ပြန်ကြည့်ရုံမျုဖြင့်ထိုစာသည် 

အလိုအလျောက် သက်သေခံဝင်မလာပေ။ 

ဆန့်ကျင်ဘက် အမှုသည်ကလည်း ထိုစာကို ကြည့်ရှုခွင့်၊

ပြန်လှန်စစ်မေးခွင့်ရှိသည်။ (ပုဒ်မ ၁၆၂) ထို့ပြင် ဤပုဒ်မ၏

နောက်ဆုံးအပိုဒ်အရ ပါရဂူအနေဖြင့်လည်း မိမိသက်သေခံသည့် အကြောင်းအရာကို သတိရစေရန် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာ ကျမ်းစာအုပ်များကို ကြည့်ရှုနိုင်သည်။


စီရင်ထုံး-

မဒွန်းနှင့်လူဦး၊ အတွဲ ၅၊ အောက်မြန်မာပြည် စီရင်ထုံး ၄၀။


သက်သေခံဥပဒေပုဒ်မ ၁၆၀။ သက်သေတစ်ဦးသည် 

ပုဒ်မ ၁၅၉ တွင် ဖော်ပြထားသော စာတမ်းအမှတ်အသားပါ အချက်အလက်များကို တိကျသေချာစွာ မှတ်မိခြင်းမရှိ

သော်လည်း ယင်းစာတမ်းအမှတ်အသားတွင် မှန်ကန်စွာ

ရေးမှတ်ထားကြောင်း သေချာစွာ သိလျှင် အဆိုပါ 

အချက်အလက်များနှင့် စပ်လျဉ်း၍ သက်သေခံခွင့်ရှိသည်။

ဥပမာ -

စာရင်းကိုင်တစ်ဦးသည် မိမိလုပ်ဆောင်မြဲ အလုပ်တွင် 

စနစ်တကျရေးမှတ်ထားသော စာအုပ်ပါ အချက်အလက်များကို တိကျသေချာစွာ မမှတ်မိသော်လည်း အဆိုပါ စာအုပ်ကို နည်းလမ်းတကျသိမ်းဆည်းထားရှိကြောင်း သိလျှင် 

မိမိ၏ရေးမှတ်ထားချက်များနှင့်စပ်လျဉ်း၍ 

သက်သေခံနိုင်သည်။


#မှတ်ချက်။ ပုဒ်မ ၁၆ဝ သည် ပုဒ်မ ၁၅၉ ကို ချဲ့ထွင်ထား

သောပုဒ်မဖြစ်သည်။ ပုဒ်မ ၁၅၉ အရ သက်သေသည် 

စစ်ဆေးခံနေရစဉ်အတွင်း စစ်ဆေးခံနေသောကိစ္စနှင့် 

စပ်လျဉ်း၍ သတိစေရန် မိမိ၏ရေးသားချက် သို့မဟုတ် 

အခြားသူက ရေးသားထားပြီး  မှန်ကန်ကြောင်း 

မိမိသိသည့် ရေးသားချက်အား ပြန်လည်ကြည့်ရှုနိုင်သည်။ 

ပုဒ်မ ၁၆ဝ မှာမူ သက်သေသည် အဆိုပါကိစ္စနှင့် 

စပ်လျဉ်း၍မိမိ၏ မှတ်ဉာဏ်အတွင်း၌ လုံးဝမေ့လျော့

ပျောက်ကွယ်နေသည့် ကိစ္စမျိုးလည်း ဖြစ်နိုင်သည်။ 

ပုံစံအားဖြင့် စာချုပ်တစ်ခုကို သက်သေအဖြစ်လက်မှတ်ရေးထိုးခဲ့သူသည် အဆိုပါကိစ္စကို လုံးဝ မမှတ်မိသော်လည်း

စာချုပ်၏သက်သေနေရာတွင် ရေးထိုးထားသော 

မိမိလက်မှတ်အမှန်ကိုပြန်တွေ့လျှင် ထိုစာချုပ်ကို မည်သူတို့က ချုပ်ဆိုကြပြီး ချုပ်ဆိုသူတို့က မိမိ၏ရှေ့မှောက်တွင် 

လက်မှတ်ထိုးခဲ့ကြကြောင်း သေချာသွားသဖြင့်အဆိုပါကိစ္စတွင် သက်သေခံခွင့်ရြှိခင်းဖြစ်သည်။တစ်နည်းဆိုရသော် 

ပုဒ်မ ၁၅၉ သည် ပစ္စပ္ပန်ကိစ္စရပ်များကိုသတိရစေရန် 

ရည်ရွယ်ခြင်းဖြစ်ပြီး ပုဒ်မ ၁၆ဝ မှာ အတိတ်ကကိစ္စရပ်များ

ကို သတိရစေရန် ရည်ရွယ်သည်။


သက်သေခံဥပဒေပုဒ်မ ၁၆၁။  ပုဒ်မ ၁၅၉ နှင့် ပုဒ်မ ၁၆၀တို့တွင် ဖော်ပြထားသည့်ရေးမှတ်ချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဘက်အမှုသည်က ကြည့်ရှုလိုကြောင်း တောင်းဆိုလျှင် ပြသရမည်။ ထိုရေးသားချက်နှင့်စပ်လျဉ်း၍ 

ဆန့်ကျင်ဘက်အမှုသည်က သက်သေကို ပြန်လှန်စစ်မေး

လိုပါက စစ်မေးခွင့်ရှိသည်။


#မှတ်ချက်။ သက်သေက သတိရစေရန် ကြည့်ရှုသော 

ရေးသားချက်ကို ဆန့်ကျင်ဘက်အမှုသည်အား

ကြည့်ရှုခွင့်ပေးခြင်းမှာ

(၁)အကြောင်းခြင်းရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ 

ထိုသက်သေ၏မှတ်မိသမျှအပေါ်မှ မိမိအမှုအတွက် 

အားသာချက်ရယူရန်


(၂)မသင့်မြတ် မလျော်ကန်သော စာတမ်းအမှတ်အသားများကို အသုံးချနေခြင်း ရှိ မရှိ စစ်ဆေးနိုင်ရန်


(၃) သက်သေ၏ နှုတ်ထွက်ဆိုချက်ကို ၄င်း၏ ရေးသားချက်

နှင့် နှိုင်းယှဉ်တိုက်ဆိုင်ကြည့်ရန် ဖြစ်သည်။


ထို့ပြင် သက်သေက ၄င်း၏ရေးသားချက်ကို ပြန်ကြည့်၍

စစ်ပေးခံနေသောအချိန်တွင် စစ်ပေးသူအနေဖြင့်လည်း 

အဆိုပါရေးသားချက်ကိုကြည့်၍ ပြန်လှန်စစ်မေးခွင့်ရှိရေး

သည် ကျိုးကြောင်းဆီလျော်သည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၇၂ (၂)တွင်လည်း 

“ရဲအမှုနေ့စဉ်မှတ်တမ်းကို တရားရုံးက ရည်ညွှန်းကြည့်ရှုရုံ

မျှဖြင့် တရားခံသို့မဟုတ် ၄င်း၏ ကိုယ်စားလှယ်များသည် 

ကြည့်ရှုခွင့်မရစေရသို့သော် ရေးမှတ်ခဲ့သည့် ရဲအရာရှိက 

မိမိပြန်လည် သတိရနိုင်ရန် ယင်းနေ့စဉ်မှတ်တမ်းကို 

အသုံးပြုလျှင် ဖြစ်စေ၊ အဆိုပါ ရဲအရာရှိကို ဆန့်ကျင်မေးမြန်းရန်အတွက် တရားရုံးက ထိုနေ့စဉ်မှတ်တမ်းကို အသုံးပြုလျှင် ဖြစ်စေ၊ သက်သေခံအက်ဥပဒေပုဒ်မ ၁၆၁ သို့မဟုတ် 

ပုဒ်မ၁၄၅ ပါ သက်ဆိုင်ရာပြဌာန်းချက်များသည် 

သက်ဆိုင်စေရမည်”ဟုပြဌာန်းထားသည်။


ထို့ပြင်အထက်ပုဒ်မ ၁၅၉ နှင့် ၁၆ဝ တို့၏ ခြားနားချက်

တစ်ရပ်မှာ ပုဒ်မ ၁၅၉ သည် သက်သေက ရေးသားချက်ကို မိမိစစ်ဆေးခံနေရသော ကိစ္စကို သတိရစေရန် 

ပြန်လည်ကြည့်ရှုခြင်းသက်သက်မျှသာဖြစ်ပြီး 

ထိုရေးသားချက်ကို သက်သေခံချက်အဖြစ် 

တင်သွင်းခြင်းမဟုတ်ပေ။ ပုဒ်မ ၁၆ဝ မှာမူ သက်သေက

ရေးသားချက်ကို ပြန်ကြည့်ပြီး မှန်ကန်ကြောင်း 

တာဝန်ယူထွက်ဆိုခြင်းဖြစ်၍ သက်သေခံချက်အဖြစ် 

သက်သေခံဝင်သည်။


တရားရုံးလက်စွဲ အပိုဒ် ၁၁၂၅ ။ ။သက်သေအားသတိရစေ

ရန် စာမှတ်စာတမ်းတခုကိုကြည့်ခွင့်ပြုသည့်အခါ ထိုစာ 

မှတ်တမ်းမှာ အမှုတွဲ၌ သက်သေခံ အရာ  အဖြစ်နှင့် 

အခြားနည်း ပါရှိပြီး မဟုတ်ခဲ့လျှင်၊ ၄င်းတို့ကို 

သက်သေခံချက် နောက်၌ ပူးတွဲ ထားနိုင်လျှင် 

ပူးတွဲထားရမည်။


သက်သေ အစစ်ခံချက် တခုကို သက်သေခံ အဖြစ် 

လက်ခံလိုက်ကြောင်း ပြရန်လိုသည်။ ကော်မရှင် 

အမိန့်များ ထုတ်ပေးခြင်းနှင့် စပ်လျဉ်းသည့်၊ 

သို့တည်းမဟုတ် သက်သေခံအက် ဥပဒေ ပုဒ်မ ၃၃ အရ 

သက်သေ တဦး တယောက် သေဆုံးကြောင်း၊ 

ထင်ရှားသည့်စက္ကူရပ်များကဲ့သို့သော စက္ကူရပ်များကို၊ 

၄င်းတို့နှင့် သက်ဆိုင်သည့် သက်သေခံ အစစ်ခံချက်နှင့် အတူ ပူးတွဲရမည်။


လေ့လာတွေ့ရှိမှုများကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။


ကျမ်းကိုးစာရင်း


ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ

၁၉၈၉ သက်သေခံဥပဒေ

၂၀၁၅ သက်သေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေ

သက်သေခံဥပဒေ ဦးသက်ဖေ

သက်သေခံဥပဒေ ဦးအယ်လင်းစိန်မောင်

တရားရုံများလက်စွဲ

Comments