သက်သေကို ပြန်လှန်စစ်မေးခြင်း


ဗဟိုတရားရုံးရှေ့နေတစ်ဦးကိစ္စ ၁၉၈၅ မ တ စ ၊ ၈၁ ၊


                      သက်သေတစ်ဦးအား ပြန်လှန်မေးမြန်းရာတွင် သက်သေခံဥပဒေက အခွင့်အရေးများကျယ်ပြန့်စွာ ပေးထားကြောင်း ဦးတင်ရီက လျှောက်ထားတင်ပြခြင်းနှင့်စပ်လျှဉ်း၍ သတိချပ်ရန်မှာ သက်သေအား အထိန်းအချုပ်မရှိ၊ အကန့်အသတ်မရှိ မေးလိုရာမေးမြန်းခြင်း မပြုနိုင်ချေ၊ မေးချင်တိုင်းမေးခွင့်ပြုခဲ့လျင် အမှုနှင့် မသက်ဆိုင်သည့် အချက်များကို ထည့်သွင်းလာရန်အကြောင်းရှိသည်ဖြစ်၍ တရားရုံးက အမှန်တရားကို ရှာဖွေသုံးသပ်ရာ၌ အနည်းနှင့်အများ အခက်အခဲတွေ့ရမည်မှာ ယုံမှားဘွယ်မရှိပေ၊ သက်သေခံဥပဒေကို ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်တစ်ရပ်မှာ အမှန်တရားကို ရှာဖွေရာ၌ လွယ်ကူစေရန်ဖြစ်ပေသည်၊

                     ရှေ့နေတစ်ဦးသည် သက်သေခံဥပဒေနှင့် ကင်းကွာ၍ မရချေ၊ ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ ဦးတင်ရီအနေဖြင့် အချင်းဖြစ်မေးခွန်းများမှာ အမှုနှင့်သက်ဆိုင်ခြင်းမရှိသည့်အပြင် သက်သေခံဥပဒေပုဒ်မ ၁၅၁ နှင့် ၁၅၂ တို့တွင် ပိတ်ပင်ထားသော မေးခွန်းမျိုးဖြစ်ကြောင်းကို၄င်း၊ ယင်းမေးခွန်းများ အမေးခံရသော မိန်းမသားတစ်ဦးအား လူဘုံအလယ်တွင် အရှက်တကွဲ အကျိုးနည်းဖြစ်စေသည်ကို၄င်း၊ သိကောင်းသည်၊ မမေးသင့်မမေးထိုက်သော သက်သေခံဥပဒေက ပိတ်ပင်ထားသော ထို့ပြင်တပါးသူအား အရှက်ရစေသောမေးခွန်းများကို မေးမြန်း ခြင်းဖြင့် ဦးတင်ရီသည် မကောင်းကျင့်မကောင်းကြံဖြင့် ပြုမူဆောင်ရွက်ရာရောက်သောကြောင့် ဗဟိုတရားရုံးရှေ့နေများကောင်စီဥပဒေပုဒ်မ ၁၀(၁) တွင် ပြဌာန်းထားသည့် (misconduct) ကို ကျူးလွန်ရာရောက်သည်ဟု ယူဆရပေသည်၊


ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် ဦးမောင်မောင်ယု  ၁၉၉၂ ၊ မ တ စ ၊ ၈၂ 


                      ရှေ့နေရှေ့ရပ်များသည် သက်သေခံဥပဒေပုဒ်မ ၁၄၆ အရ သက်သေအား ပြန်လှန်မေးခွန်းအပြည့်အ၀ ပေးထားသော်လည်း သင့်လျော်သောအကြောင်း ယုတ္တိမရှိဘဲ သက်သေ၏ အကျင့်စာရိတ္တကို ထိပါးစေသည့် စွပ်စွဲချက်ပါသော မေးခွန်းမျိုးနှင့် သက်သေအား ထိခိုက်နစ်နာစေမည့် မေးခွန်းမျိုးကို မေးမြန်းခြင်းမပြုရကြောင်း ပုဒ်မ ၁၄၈(၃) တွင်နှင့် ပုဒ်မ ၁၄၉ တို့က ပိတ်ပင်ပြဌာန်းထားသည်ကို သတိချပ်ရန်လိုသည်၊

                      သက်သေဒေါ်တူး၏ အကြောင်းကို အခြေအမြစ်မသိ၊ အကြောင်းယုတ္တိလည်းမရှိဘဲ တရားရုံးရှိ အများရှေ့တရားခွင်တွင် ယခုကဲ့သို့မေးမြန်းခဲ့ခြင်းမှာ သက်သေခံအက်ဥပဒေပုဒ်မ ၁၄၈(၃) နှင့် ၁၄၉ တို့အရ ပိတ်ပင်ရာတွင် အကျုံး၀င်သည့်မဖွယ်မရာ မသင့်လျော်သော မေးခွန်းကို မေးမြန်းရာရောက်သည်၊ယင်းကဲ့သို့ သောမေးခွန်းမျိုးမေးမြန်းသူ ရှေ့နေတစ်ဦးအပေါ် သက်ဆိုင်ရာတရားရုံးကပင်လျင် ရှေ့နေအလုပ်၀တ္တရားများနှင့် စပ်လျဉ်း၍ အရေးယူပေးရန် တရားရုံးချုပ်သို့တိုင်တန်းနိုင်ကြောင်း သက်သေခံအက်ဥပဒေပုဒ်မ ၁၅၀ တွင် ပြဌာန်းထားသည်၊ သက်သေအား မဖွယ်မရာ အသရေထိခိုက်နစ်နာစေသော မေးခွန်းမျိုး မေးမြန်းခြင်းမပြုရ၊ ယင်းသို့မေးမြန်းခြင်းကို တရားရုံးက တားမြစ်နိုင်ကြောင်းလည်း ပုဒ်မ ၁၅၁ နှင့် ၁၅၂ တို့တွင်ပြဌာန်းထားသည်၊

Comments