သက်သေခံပစ္စည်းများကို စီမံခန့်ခွဲခြင်း
တရားရုံးတွင် ပြစ်မှုတစ်ခုခုအရ ဆက်နွယ်နေသည့် ပစ္စည်း တစ်ခုခုကို ရဲအရာရှိမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းသွားပြီး တရားရုံးတော်သို့ တင်ပြအပ်နှံထားပြီး မည်သည့်အချိန်ရောက်မှသာ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသော ပစ္စည်းကို တရားရုံးမှ ပြန်လည် ပေးအပ်သလဲ? မည်သူကိုသာ ပြန်လည် ထုတ်ယူခွင့်ပြုသလဲ? ဆိုတာ...
သက်သေခံပစ္စည်းများကို စီမံခန့်ခွဲခြင်း ။
ရာဇ၀တ်မှုစစ်ဆေးပြီးဆုံးသည့်အခါ ရုံးတွင်သက်သေခံအဖြစ်တင်ပြထားသော သက်သေခံ ပစ္စည်းများကို စီမံခန့်ခွဲသည့်အမိန့်တစ်ရပ်အား ကျင့် ၅၁၇ အရ ချမှတ်ရမည်ဖြစ်သည်၊ကျင့်ထုံးပုဒ်မ ၅၁၇ အရ တရားရုံးသည် သက်သေခံပစ္စည်းကို ဖျက်ဆီးစေရန် သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် ၊ သိုမဟုတ် လက်ရှိထားခွင့်ရှိသည်ဟု တောင်းဆိုသူအား ပေးအပ်စေရန် သို့မဟုတ် အခြားနည်းဖြင့် ဆောင်ရွက်စေ ရန်အတွက် သင့်သည်ထင်မြင်သည့်စီမံခန့်ခွဲမှုအမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်၊ သို့ဖြစ်၍သက်သေခံပစ္စည်းကို အခွင့်နှင့်တကွ လက်၀ယ်ရရှိထိုက်သူသည် ကျင့်ထုံးပုဒ်မ ၅၁၇ အရ ပစ္စည်းကိုမိမိအားပြန်လည်ပေးအပ်ပါရန် လျောက်ထားရမည်၊ အမှုတွင်သက်သေခံအဖြစ်တင်သွင်းထားသောပစ္စည်းများကိုသာ တရားရုံးက ကျင့်ထုံးပုဒ် မ ၅၁၇ အရ ပစ္စည်းကိုမိမိအားပြန်လည်ပေးအပ်ပါရန်လျောက်ထားရမည်၊အမှုတွင် သက်သေခံအဖြစ်တင်သွင်း ထားသောပစ္စည်းများကိုသာ တရားရုံးက ကျင့်ထုံးပုဒ်မ ၅၁၇ အရ အမိန့်ချမှတ်နိုင်သည်။ သက်သေခံအဖြစ် တင်သွင်းမထားသောပစ္စည်းများနှင့်စပ်လျဉ်း၍ ကျင့်ထုံးပုဒ်မ ၅၁၇ အရ အမိန့်ချမှတ်ပေးခြင်းမပြုနိုင်၊
စစ်ဆေးနေသောအမှုမပြီးဆုံးမီ အမှုအတောအတွင်းသက်သေခံပစ္စည်းကို ထိန်းသိမ်းစောင့် လျောက်ထားလိုပါက ကျင့်ထုံးပုဒ်မ ၅၁၆ က အရ လျောက်ထားရမည်၊
ကျင့်ထုံးပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ်စွဲဆိုသောအမှုတွင် အမှုပြီးဆုံးသည့်စီိရင်ချက်အ မိန့်ကို ချမှတ်နိုင်မည်မဟုတ်သည့်အတွက် ကျင့်ထုံးပုဒ်မ ၅၁၇ အရ သက်သေခံပစ္စည်းကို စီမံခန့်ခွဲသည့်အမိန့် ချမှတ်နိုင်မည်မဟုတ်ပေ၊ကျင့်ထုံးပုဒ်မ ၅၂၃ အရ စီမံခန့်ခွဲသည့်အမိန့်ကိုသာ ချမှတ်ပေးနိုင်မည်ဖြစ်သည်၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၀ တွင် အကျုံး၀င်သောခိုးရာပစ္စည်းကို လွှဲပြောင်းလက်ခံရယူသူ သည် မည်သည့်အခါမျှ ပစ္စည်းပိုင်ရှင်မဖြစ်နိုင်ပေ၊မရိုးမဖြောင့်ခိုးရာပစ္စည်းများသိလျက် လက်ခံခြင်းဖြစ်လျင် ပစ္စည်းမပိုင်သည့်အပြင် ခိုးရာပါပစ္စည်းလက်ခံမှုဖြင့်ပင် အရေးယူအပြစ်ပေးခြင်းခံရနိုင်သည်။သဘောရိုးဖြင့် တန် ရာတန်ဘိုးပေး၍၀ယ်ယူခြင်းဖြစ်လျင် ပစ္စည်းပိုင်ဆိုင်ခွင့်မရနိုင်သော်လည်း ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် အရေးယူ ခံရခြင်းမှကင်းလွတ်ခွင့်ရနိုင်သည်။ထိုသို့သဘောရိုးဖြင့်၀ယ်ယူသူသည် ခိုးရာပါပစ္စည်းကို ပိုင်ဆိုင်ခွင့်မရနိုင် သော်လည်း ပြစ်မှုကျှူးလွန်သူထံမှ ငွေကြေးတစ်စုံတစ်ရာသိမ်းဆည်းရမိခဲ့ခြင်းရှိခဲ့လျင် မိမိ၀ယ်ယူခဲ့သည့် ၀ယ် ငွေထက်မပိုသောငွေကို ပြန်လည်ရရှိရန်ကျင့်ထုံးပုဒ်မ ၅၁၉အရ လျောက်ထားနိုင်သည်။
*** သို့ဖြစ်၍ စစ်ဆေးနေသော အမှုမပြီးဆုံးမီ အမှုအတောအတွင်း သက်သေခံပစ္စည်းကို ထိန်းသိမ်းစောင့် လျောက်ထားလိုပါက သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းဆိုင်ရာ ပြဌာန်းချက်များကို စီရင်ထုံးများနှင့်တကွ လေ့လာရန်လိုအပ်သည်၊
ပုဒ်မ ၅၁၆ - က ။ ။ ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်မှုနှင့်စပ်လျဉ်းနေကြောင်းလက္ခဏာရှိသည့်မည်သည့် ပစ္စည်းကိုမဆို သို့မဟုတ် ပြစ်မှုတစ်ရပ်ကိုကျူးလွန်ရာတွင်အသုံးပြုခဲ့ကြောင်း လက္ခဏာရှိသည့်မည်သည့် ပစ္စည်းကိုမဆို စုံစမ်းစစ်ဆေးမှုပြုလုပ်စဉ် သို့မဟုတ် စစ်ဆေးစီရင်မှုပြုလုပ်စဉ် ပြစ်မှုဆိုင်ရာတရားရုံးရှေ့တင်ပြ လာသည့်အခါ တရားရုံးသည် စုံစမ်းစစ်ဆေးမှု၌ဖြစ်စေ၊စစ်ဆေးစီရင်မှုဖြစ်စေ၊မပြီးဆုံးမီကာလအတွင်း အဆိုပါ ပစ္စည်းကိုကောင်းမွန်စွာ ထိန်းသိမ်းထားရန်အတွက်သာမိမိသင့်လျော်သည်ထင်သောအမိန့်ချမှတ်နိုင်သည်။ ထို့ပြင်ဆိုခဲ့သည့်ပစ္စည်းမှာ သဘာ၀အလျောက်ပျက်စီးလွယ်သည့်ပစ္စည်းဖြစ်နေလျင် မိမ်ိလိုအပ်သည်ထင်မြင် သည့်သက်သေခံချက်များရေးမှတ်ပြီးနောက် ထိုပစ္စည်းကိုရောင်းချရန်သော်၄င်း၊အခြားနည်းဖြင့်စီမံခန့်ခွဲရန် သော်၄င်း၊ အမိန့်ချမှတ်နိုင်သည် ၊
ဦးဘထွန်း နှင့် ဒေါ်ခင်ငြိမ်း ၁၉၆၂ ၊ မတစ ၊ ၄၂၈
အမှုကိုတင်ပို့သောနေ့မှာပင် ရုံးသို့တင်ပို့သေးခြင်းမပြုသေးသောအချင်းမော်တော်ကားနှင့်စပ်လျဉ်း၍ ရာဇ၀တ်တရားသူကြီးက ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၅၁၆ က အရ လျောက်ထားခံရသူဒေါ်ခင်ငြိမ်းအား ထိုမော်တော်ကားကို အာမခံနှစ်ဦးဖြင့်ပြန်ပေးရန်ချမှတ်သောအမိန့်သည် အာဏာမရှိဘဲချမှတ်သောအမိန့်ဖြစ် သည်၊
ဒေါ်အေးမှင် နှင့် ဦးအောင်သိန်း ၁၉၆၃ ၊ မတစ ၊ ၇၉၂
ယခုအမှု၌လျောက်ထားသူမှာ အချင်းဖြစ်ဘတ်စ်ကားကိုငှားရမ်းပိုင်ဆိုင်သူသာဖြစ်ပြီး ရာဇ၀တ် မကင်းသည့်ပြုမူချက်တခုခုအရ လက်ရှိရယူထားသည်ဟု မည်သို့မျှမဆိုနိုင်၊ကျင့်ထုံးပုဒ်မ ၅၁၆ က အရ အာ ဏာမှာ ကျယ်၀န်းလှသော်လည်း ထိုအာဏာကိုတရားမျှတစွာအသုံးပြုရမည်။လူတစ်ဦးတစ်ယောက်တရား၀င် ပိုင်ဆိုင်နေသည့်ပစ္စည်းကို ၄င်းပစ္စည်းနှင့်ပတ်သက်၍လျောက်ထားသူမှာ ပြစ်မှုရှိမရှိ၊မစစ်ဆေးမဆုံးဖြတ်ရသေး မီ ပစ္စည်းလက်မဲ့ဖြစ်သူတစ်ဦးအား ပိုင်ရှင်ဖြစ်သည်ဆိုစေဦးပြန်လည်ပေးအပ်ခြင်းမှာ တရားမျှတသည်ဟု ယူဆ ၇န်ခဲယဉ်းပေသည်၊်အဘယ်ကြောင့်ဆိုသော် ပစ္စည်းပြန်လည်၍လက်ရှိရယူလိုက ပိုင်ရှင်ဖြစ်လင့်ကစားတရားမ လမ်းကြောင်းအရသာ တရားစွဲဆိုရယူရန် ဖြစ်သောကြောင့်ဖြစ်ပေသည်။
ဦးတင်မြင့် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၅ ၁၉၇၆ ၊မတစ ၊ ၄၂
သာမန်အားဖြင့် ပစ္စည်းလက်ရှိဖြစ်သူကို လုံလောက်သောခံ၀န်ဖြင့် ထိန်းသိမ်းစေပြီး အမှုပြီး ဆုံးသောအခါမှ လိုအပ်သောအမိန့်ကိုချမှတ်ရန်ဖြစ်သည်။
ဦးစောဖါးကဒီး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၈၃ မတစ ၄၃
သက်သေခံပစ္စည်းပေးအပ်သူကို အာမခံအဖြစ်ထိန်းသိမ်းထားစေခြင်းသည် သာမန်အားဖြင့် လုပ်သင့်လုပ်ထိုက်သောနည်းလမ်းဖြစ်သည်၊ အကြောင်းထူးရှိသည့်အခါများတွင်သာ အခြားနည်းဆောင်ရွက် သင့်ပေသည်၊
ဦးမြ (ခေါ်) လက်ရှမန်ဘဆာဝါတီးယား နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၇၈ ၊ မတစ ၊ ၈၅
အမှုနှင့်ပတ်သက်သော သက်သေခံပစ္စည်းများကို အမှုစစ်ဆေးသည့်ကာလအတွင်း မည် သို့စီမံခန့်ခွဲထားနိုင်သည်ကို ကျင့်ထုံးပုဒ်မ ၅၁၆ က တွင် ပြဌာန်းထားသည်၊ ကျင့်ထုံးပုဒ်မ ၅၁၆ က အရ တ ရားရုံးသည် သက်သေခံပစ္စည်းနှင့်စပ်လျဉ်း၍ မည်သို့စီမံဆောင်ရွက်ထိန်းသိမ်းထားစေရမည်ဟု သင့်တော် သောအမိန့်တစ်ရပ်ချမှတ်နိုင်သည်။ တရားရုံးသည် ယင်းလုပ်ပိုင်ခွင့်အရသင့်လျော်သော အမိန့်တစ်ရပ်ချမှတ် နိုင်သော်လည်း ယင်းလုပ်ပိုင်ခွင့်ကိုတရားမျှတစွာ အသုံးပြုရန်လိုသည်၊
ဒေါ်စန်းရင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၇၇ ၊ မတစ ၊ ၃
ပစ္စည်းပိုင်ရှင်မည်သူမည်ဝါဖြစ်ကြောင်း သေချာစွာဆုံးဖြတ်နိုင်သည့်အခြေအနေမဟုတ်သည့် အပြင် ပစ္စည်းကိုအလွဲသုံးစားပြုလုပ်ခြင်းရှိမရှိလည်း အဆုံးအဖြတ်မပေးနိုင်သေးသည့် အခြေအနေတွင် ပစ္စည်း သိမ်းခံရသူထံသို့ အာမခံဖြင့်ပြန်လည်ပေးအပ်ခြင်းမှာ လျော်ကန်သင့်မြတ်သော ဆောင်ရွက်ချက်တစ်ရပ်ဖြစ် သည်၊
မောင်ကျော်ဆွေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၈၆ ၊ မတစ ၊ ၆၇
ကျင့်ထုံးပုဒ်မ ၅၁၆ က အရ အမှုစစ်ဆေးဆဲကာလအတွင်း သက်သေခံပစ္စည်းပြန်ပေးခြင်းနှင့် စပ်လျဉ်း၍တရားရုံးအနေဖြင့် သင့်မြတ်သောအမိန့်ချမှတ်နိုင်သည်။ ကျင့်ထုံးပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် ဆက်လက်ဆောင်ရွက်ရန် ရှိသေးသဖြင့် အမှုမပြီးပြတ်သေးပေ၊ ဤအခြေနေမျိုးတွင် သက်သေတစ်ဦးထံမှ သိမ်းဆည်းထားသောငွေများကို တရားလိုသို့ ပြန်ပေးအပ်ထားခြင်းထက်အမှုမပြီးပြတ်မီ အတောအတွင်းတ ရားရုံး၏ ထိန်းသိမ်းမှုအောက်တွင် ထားရှိခြင်းက ပိုမိုမျှတမှန်ကန်မည်ဖြစ်သည်။
ဒေါ်ခင်မြ ၊ ဒေါ်ငြိမ်းငြိမ်းဦး ၊ ဒေါ်ဝိုင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၄
အမှုစစ်ဆေးဆဲကာလအတွင်း သက်သေခံပစ္စည်းထိန်းသိမ်းခွင့်နှင့်စပ်လျဉ်း၍ ပစ္စည်းပေး အပ်သူကို အာမခံဖြင့်ထိန်းသိမ်းခွင့်ပြုသည့်စီရင်ထုံးရှိသကဲ့သို့ တရားလိုသို့ပြန်ပေးသည့်စီရင်ထုံးလည်းရှိသည်၊ ထို့ပြင် တရားခံအား ထိန်းသိမ်းခွင့်ပြုခြင်းနှင့်စပ်လျဉ်းသောစီရင်ထုံးလည်းရှိသည်၊ ထိုသို့အမှုအတောအတွင်း သက်သေခံပစ္စည်းကို ထိန်းသိမ်းခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍စီရင်ထုံးတစ်ခုနှင့်တစ်ခုတူညီခြင်းမရှိသဖြင့် အမှုတစ်ခု စီ၏အမှုဖြစ်အကြောင်းခြင်းရာပေါ်တွင် မူတည်၍ တရားရုံးများက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၆ က ပါ ပြဌာန်းချက်အရ တရားမျှတမှုကို ရှေးရှုပြီး အဆုံးအဖြတ်ပြုကြရသည်။(ဒေါ်အေးမျှင် နှင့် ဦးအောင်သိန်း ၁၉၆၃ ၊ မတစ ၊ ၇၉၂ ၊ ဒေါ်အုန်းမြ နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၇ ၊ မတစ ၊ ၄၆၄ ။ ဦးတင်မြင့် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၇၆ ၊ မတစ ၊ ၄၂ )
ဒေါ်သန်းတင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၆ ၊ မတစ ၊ ၃၃၆
တရားခံမောင်းနှင်သည့်ကားသည် အမှုနှင့်ပတ်သက်၍ ရုံးရှေ့မှောက်သို့ရောက်လာသည့် ပစ္စည်းတခုဖြစ်သည်ကားမှန်၏၊ သို့ရာတွင် ရာဇ၀တ်မှုကျူးလွန်ရာ၌အသုံးပြုသည့်ပစ္စည်း သို့တည်းမဟုတ် ရာ ဇ၀တ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သည့်ပစ္စည်းမဟုတ် ၊ ထို့ကြောင့်ထိုပစ္စည်းနှင့်ပတ်သက်၍ မူလရုံးတရားသူ ကြီး၇ သည် ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၅၁၆ က အရ အမိန့်မချမှတ်နိုင်၊
ဦးပိုက် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၆ ။ မတစ ၊ ၁၅၈
အထူးရာဇ၀တ်ရုံးဥပဒေနှင့်နည်းဥပဒေများတွင် သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ပြဌာန်းမထားသည့်အတွက် ရာဇ၀တ်ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များအတိုင်းလိုက်နာဆောင်ရွက်ရမည်ဖြစ် သည်၊
---------------------------------------------------------------
*** အမှုပြီးဆုံးသည့်အခါ သက်သေခံပစ္စည်းများကို စီမံခန့်ခွဲခြင်း ။
ပုဒ်မ ၅၁၇ ။ (၁) ။ မည်သည့်ပြစ်မှုဆိုင်ရာတရားရုံးတွင်မဆို စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေးစီရင်မှု တစ်မှုဆုံးခန်းသို့ရောက်ရှိသည့်အခါ တရားရုံးသို့တင်ပြထားသောသို့မဟုတ် တရားရုံးက ထိန်းသိမ်းထား သောပစ္စည်းသို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကိုဖြစ်စေ။ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းနှင့်စပ်လျဉ်းသည် ဟု ယူဆရန်အကြောင်းရှိသောပစ္စည်း သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကိုဖြစ်စေ၊ပြစ်မှုကျူးလွန်ရာ တွင်အသုံးပြုသောပစ္စည်း သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကိုဖြစ်စေ တရားရုံးသည် ဖျက်ဆီးစေရန် ၊ ပြည်သူဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် သို့မဟုတ် လက်ရှိထားခွင့်ရှိသည်ဟု တောင်းဆိုသူအားပေးအပ်စေရန် သို့မဟုတ် အခြားနည်းဖြင့်ဆောင်ရွက်စေရန်အတွက် သင့်သည်ထင်မြင်သည့်စီမံခန့်ခွဲမှု အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်၊
(၂) တရားလွှတ်တော်သို့မဟုတ် စက်ရှင်တရားရုံးက အဆိုပါအမိန့်မျိုးချမှတ်၍ ပစ္စည်းပိုင်ဆိုင် ထိုက်သူထံ ၄င်းတရားရုံးအရာရှိများက ပေးအပ်ရန်အကြောင်းအခွင့် မသင့်ဖြစ်နေလျင် ၄င်းအမိန့်ကို ခရိုင်ရာ ဇ၀တ်တရားသူကြီးက ဆောင်ရွက်စေရန်တရားရုံးက ညွှန်ကြားနိုင်သည်၊
(၃) ဤ ပုဒ်မအရ အမိန့်တစ်ရပ်ချမှတ်သည့်အခါ ၄င်းပစ္စည်းမှာသက်ရှိပစ္စည်း သို့မဟုတ် သဘာ၀ အလျောက်လျင်မြန်စွာပျက်စီးလွယ်သည့် ပစ္စည်းဖြစ်ခြင်းနှင့်ထို့ပြင် ပုဒ်မခွဲ၄ တွင် ပြဌာန်းထားသည်မှတပါး အ ဆိုပါအမိန့်ကိုတစ်လအတွင်း အတည်ပြုမဆောင်ရွက်စေရ၊ သို့မဟုတ် အယူခံ၀င်ခဲ့လျင် အဆိုပါအယူခံမှုစီရင် ဆုံးဖြတ်မပြီးမီအတွင်းဆိုခဲ့သည့်အတိုင်း အတည်ပြုမဆောင်ရွက်စေရ၊
(၄) ဤပုဒ်မအရ ချမှတ်သည့်အမိန့်ကို အယူခံရာ၌ပြောင်းလဲပြင်ဆင်လျင် သို့မဟုတ် ပယ်ဖျက် လျင် ပစ္စည်းကိုလက်ရှိထားခွင့်ရှိသည်ဟု တောင်းဆိုသူက ၄င်းပစ္စည်းကိုတရားရုံးသို့ပြန်လည်ပေးအပ်ရန် အာ မခံသူနှင့်ဖြစ်စေ၊အာမခံသူမပါဘဲဖြစ်စေ၊တရားရုံးကကျေနပ်လက်ခံနိုင်လောက်အောင် ခံ၀န်ချုပ်ဆိုလျင် ထိုသူ အားအဆိုပါပစ္စည်းကို ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်များအရ တရားရုံးမှပေးအပ်ခြင်းကို ဤပုဒ်မပါ မည်သည့်အ ချက်ကမျှ ပိတ်ပင်တားမြစ်သည်ဟု မှတ်ယူရ၊
အဓိပ္ပါယ်ရှင်းလင်းချက် ။ ။ ဤပုဒ်မပါ ”ပစ္စည်း” ဆိုသည့်စကားရပ်၌ ပြစ်မှုတစ်ရပ်ကိုကျူးလွန် ခြင်းဖြင့် စပ်လျဉ်းသည့်လက္ခဏာရှိသောပစ္စည်းပစ္စည်းဖြစ်သည့်အချက်တွင် အမှုသည်တစ်ဦးဦး၏လက်ရှိပစ္စည်း သို့မဟုတ် ၄င်း၏ထိန်းချုပ်မှုအောက်ရှိ မူလပစ္စည်းသာမက ၄င်းပစ္စည်းနှင့်လုပ်ကိုင်ထားသော သို့မဟုတ် ပြောင်းလဲထားသော သို့မဟုတ် လဲလှယ်ထားသော မည်သည့်ပစ္စည်းမဆို တိုက်ရိုက်ဖြစ်စေ၊အခြားနည်းဖြင့်ဖြစ် စေ။ ယင်းကဲ့သို့ပြောင်းလဲ၍ရသော သို့မဟုတ် လဲလှယ်၍ရရှိသောပစ္စည်းများလည်းပါ၀င်သည်။
ပုဒ်မ ၅၁၈ ။ ပုဒ်မ ၅၁၇ အရ အမိန့်တစ်ရပ်ကို ကိုယ်တိုင်ချမှတ်မည့်အစား ၄င်းပစ္စည်းကို ခရိုင်ရာဇ ၀တ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇ၀တ်တရားသူကြီးသို့ပေးအပ်ရန်တရားရုံးကညွှန်ကြားနိုင်သည်၊ ထိုကဲ့သို့အမှုများတွင် ပစ္စည်းကိုရဲကဖမ်းဆီး၍ ဖမ်းဆီးသည့်အကြောင်းအရာကိုအောက်တွင်ဖေါ်ပြထားသည့် နည်းလမ်းအတိုင်း၄င်းထံ အစီရင်ခံသကဲ့သို့၄င်းရာဇ၀တ်တရားသူကြီးကပြုလုပ်ရမည်။
ပုဒ်မ ၅၁၉ ။ ခိုးမှု သို့မဟုတ် ခိုးးရာပါပစ္စည်းလက်ခံမှု အပါအ၀င်၄င်းပြစ်မှုမျိုးတစ်ရပ်ရပ်မြောက်သော ပြစ်မှုအတွက်တစ်ဦးတစ်ယောက်သောသူကို ပြစ်မှုထင်ရှားစီရင်သောအခါ ထို့ပြင် ခိုးရာပါပစ္စည်းကို ခိုးကြောင်း မသိဘဲ သို့မဟုတ် ခိုးကြောင်းယုံကြည်ရန်အကြောင်းမရှိဘဲ ၄င်းသူထံမှ အခြားသူတစ်ဦးတစ်ယောက်က ၀ယ် ယူကြောင်းထင်ရှားသည့်အခါ ထို့ပြင်ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူကို ဖမ်းဆီးရာတွင်၄င်း၏လက်ရှိမှ ငွေကြေး တစ်စုံတစ်ရာသိမ်းယူရရှိခဲ့ကြောင်း ထင်ရှားသည့်အခါ အဆိုပါ၀ယ်ယူသူက လျောက်ထားလာလျင် ထို့ပြင် ခိုး ရာပါပစ္စည်းကို လက်ရှိထားခွင့်ရှိသူသို့ ပြန်အပ်ရာတွင် ၄င်းတွေ့ရှိရယူသည့် အဆိုပါငွေကြေးအနက်အဆိုပါ ၀ယ်ယူသည်၀ယ်ခဲ့သည့်အဖိုးထက်မပိုသည့်ငွေကို ၄င်းသူသို့ပေးအပ်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်၊
ပုဒ်မ ၅၂၀ ။ မည်သည့်အယူခံရုံး၊အတည်ပြုရုံး၊စောဒကရုံး သို့မဟုတ် ပြင်ဆင်မှုရုံးကမဆို လက် အောက်တရားရုံးတစ်ရုံးက ပုဒ်မ ၅၁၇ ၊ ပုဒ်မ ၅၁၈ သို့မဟုတ် ပုဒ်မ ၅၁၉ တို့အရ ချမှတ်သည့်အမိန့်တစ်ရပ် ရပ်ကို ၄င်းတရားရုံးကစဉ်းစားဆင်ခြင်နေစဉ်အတွင်း ဆိုင်းငံ့ထားစေရန်ညွှန်ကြားနိုင်သည့်အပြင် ၄င်းအမိန့်ကို ပြောင်းလဲပြင်ဆင် သို့ မဟုတ် ပယ်ဖျက်နိုင်သည်။ ထို့ပြင် တရားမျှတသည့်အမိန့်တစ်ရပ်ရပ်ကိုလည်း နောက် ထပ်ချမှတ်နိုင်ခွင့်ရှိသည်။
ပုဒ်မ ၅၂၁ ။ (၁) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ ၊ ပုဒ်မ ၂၉၃ ၊ ပုဒ်မ ၅၀၁ သို့မဟုတ် ၅၁၂ အရ ပြစ်မှုထင်ရှား စီရင်သည့်အခါ ပြစ်မှုထင်ရှားစီရင်ခြင်းနှင့်သက်ဆိုင်ပြီး တရားရုံးတွင်ဖြစ်စေ၊ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ၏ လက်တွင် သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင်ဖြစ်စေ ရှိနေသည့်စာရွက်စာတမ်းမိတ္တူများကို ဖျက်ဆီးစေရန် တရားရုံးကအမိန့်ချမှတ်နိုင်သည်၊
(၂) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၂ ၊ ၂၇၃ ၊ ၂၇၄၊သို့မဟုတ် ၂၇၅ အရ ပြစ်မှုထင်ရှားစီရင် သည့်အခါ ယင်းသို့ပြစ်မှုထင်ရှားစီရင်ခြင်းနှင့်သက်ဆိုင်သည့် အစားအသောက်၊ဆေးဘက်၀င်၀တ္ထု၊ သို့မဟုတ် ဖေါ်စပ်ပြီးဆေးကို ဖျက်ဆီးစေရန် တရားရုံးကဆိုခဲ့သည့်နည်းအတိုင်း အမိန့်ချမှတ်နိုင်သည်၊
ဒေါ်ခင်စု ပါ ၂ နှင့် ဦးအုန်းမောင် ပါ ၅ ၁၉၆၅ ၊ မတစ ၊ ၆၂၀
အချင်းဖြစ်သက်သေခံပစ္စည်းနှင့်ပတ်သက်၍ ပြစ်မှုမမြောက်လျင် ထိုသက်သေခံတင်ပြသောပစ္စည်း ကို ပစ္စည်းတင်ပြသူထံသို့ပြန်လည်ပေးအပ်ရန်ဖြစ်သည်၊ သို့ရာတွင် အထူးအကြောင်းခြင်းရာရှိက ပြန်လည် ပေးအပ်ရန်မဟုတ်၊ ယခုအမှုတွင် ဒေါ်ယဉ်ယဉ်၏ အစုရှယ်ယာလက်မှတ်မှလွဲ၍ ကျန်သောအစုရှယ်ယာအချင်း ဖြစ်လက်မှတ်များကို ဒေါ်ခင်စုက လက်မှတ်ပိုင်ရှင်များထံမှ မလိမ့်တစ်ပတ် တောင်းယူပြီး ဦးသန့်ထံတွင် ငွေ ပေးချေရာ၌ အာမခံအဖြစ်ပေးသွင်းခြင်းသည် ဤအမှုတွင်အထူးအကြောင်းခြင်းရာဖြစ်သည်ဟု ယူဆရမည်၊
ဒေါ်စောရီ နှင့် ကိုကျင်အိပ် ၁၉၆၅ ၊ မတစ ၊ ၆၂၅
သက်သေခံပစ္စည်းဖြစ်သောအပ်ချုပ်စက်သည် လျောက်ခံရသူ၏ တရား၀င်စက်ဖြစ်သည်။လျောက် သူသည် ထိုစက်ကိုခိုးမှုကျူးလွန်သော ညတွင်ပင်ခိုးရာပါပစ္စည်းဟု မသိသဖြင့် ကာလတန်ဘိုးပေး၍ ဘောက် ချာရယူပြီးအမှန်၀ယ်ယူသည်ဟု ဆိုငြားသော်လည်း ခိုးသူထံမှ၀ယ်ယူသဖြင့် တရားဥပဒေအရပိုင်ဆိုင်မှုမရနိုင်၊ ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၅၁၇(၁) ဥပဒေစကားရပ်အရ တရား၀င်ပိုင်ဆိုင်သူမှာ လျောက်ခံရသူသာဖြစ်သည်၊
စောရွှေညွှန့် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၇ ၊ မတစ ၊ ၃၂၅
ရာဇ၀တ်မှုတစ်ခုတွင် သက်သေခံပစ္စည်းနှင့်ပတ်သက်၍ မည်သူ့ကိုပြန်ပေးရမည်ဆိုသောအ ချက်မှာ ရာဇ၀တ်ဥပဒေရှုဒေါင့်မှကြည့်လျင် အကျဉ်းနည်းအားဖြင့်သာသုံးသပ်ရန်ဖြစ်သည်။ ရာဇ၀တ်ကျင့်ထုံး ပုဒ်မ ၅၁၇ တွင် ဥပဒေအရလက်၀ယ်ရရှိထိုက်သူအား ပြန်လည်ပေးရမည်ဟုဖေါ်ပြထားခြင်းနှင့်အညီ သက်သေ ခံဆင်ကို မူလက ရဲများသည်လျောက်သူထံမှ သိမ်းဆည်းပြီး အမှုတွင်လျောက်သူသည် တရားသေလွှတ်ခြင်းခံ ရသဖြင့် ၄င်းသည်သက်သေခံဆင်ကို လက်၀ယ်ရရှိထိုက်သူဖြစ်သည့်အားလျော်စွာ ၄င်းလက်၀ယ်သို့ပြန်လည် ပေးအပ်ရမည်ဖြစ်သည်၊ ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တရားမရုံးကသာလျင် အဆုံးအဖြတ်ပေးရမည်ဖြစ်သည်၊
ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးမောင်မောင် ၁၉၆၇ ၊ မတစ ၊ ၄၈၀ ၊
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၆ - က အရ သက်သေခံပစ္စည်းများကို ရုံးသို့တင်ပို့ရမည်။ ရုံးက သာပစ္စည်းများကို မည်သူ့ထံတွင် သိမ်းထားရမည်ဟု အမ်ိန့်ချမှတ်နိုင်သည်။ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇(၁)(၄) အရ သက်သေခံပစ္စည်းများကို မှုပြစ်မထင်ရှားလျင် သိမ်းဆည်းထားခံရသူများအား ပြန်ပေးရန် တိ တိကျကျ အမိန့်ချမှတ်နိုင်သည်။
ဒေါ်စိန်အေးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၇၅ ၊ မတစ ၊ ၃၄
သက်သေခံပစ္စည်းနှင့်ပတ်သက်၍အမှုပြီးဆုံးသောအခါ တရားရုံးက သက်သေခံပစ္စည်းကိုမည်သူ့ လက်၀ယ်ထားရှိထိုက်သည်ဟူသော အချက်ကိုအလေးထား၍ဆုံးဖြတ်ခြင်းသာဖြစ်သည်။ ပိုင်ဆိုင်ခွင့်ကိုဆုံး ဖြတ်ခြင်းမဟုတ်။ပိုင်ဆိုင်ခွင့်မှာ တရားမမှုနယ်ပယ်အတွင်း ကျရောက်သည်ဖြစ်၍ တရားမကြောင်းအရသာ အရေးယူပိုင်ခွင့်ရှိသည်၊
ကိုတင်ရွှေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၈၁ ၊ မတစ ၊ ၄၉
ပြစ်မှုဆိုင်ရာတရားရုံး၌ ပြစ်မှုနှင့်ပတ်သက်၍ သက်သေခံအဖြစ်တင်ပြထားသောပစ္စည်းများကို ပြစ် မှုဆိုင်ရာဥပဒေကျင့်ထုံးဥပဒေနှင့်အညီ တရားရုံးမှ စီမံဆောင်ရွက်ရပေမည်၊ အချင်းဖြစ်ပစ္စည်းများကိုပိုင်ရေးးပိုင် ခွင့်နှင့်ပတ်သက်၍ တရားမကြောင်းအရ တရားမရုံးက အဆုံးအဖြတ်ပေးရမည်ဖြစ်သည်။
ဒေါ်ရှုဝါ ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၈၄ ၊ မတစ ၊ ၉၀
တရားရုံးက သက်သေခံပစ္စည်းနှင့်ပတ်သက်၍ စီမံခန့်ခွဲသည့်အမိန့်သည် ပစ္စည်းကိုလက်ရှိထား ခွင့်ရှိသူဟုတ်မဟုတ်စဉ်းစား၍ ဆုံးဖြတ်သောအမိန့်သာဖြစ်သည်။ ပစ္စည်းပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍ တရားမ ကြောင်းအရ အဆုံးအဖြတ်ရယူရမည့်ကိစ္စဖြစ်သည်၊
ဒေါ်တင်ရွှေ နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၁ ၊ မတစ ၊ ၂၃
ပြစ်မှုဆိုင်ရာအမှုများတွင် သက်သေခံပစ္စည်းများကို မည်သူပိုင်ဆိုင်သင့်သည်ဟု ဆုံးဖြတ်ရန်မ ဟုတ်ဘဲ မည်သူ့လက်၀ယ်ထားခွင့်ရှိသည်ကိုသာ ဆုံးဖြတ်ရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရန်ဖြစ်ပါလျက် သက် သေခံပစ္စည်းများအား မည်သိူပိုင်ရေးပိုင်ခွင့်ရှိ၍ မည်သူအားအပြီးအပိုင်ထုတ်ပေးရန် သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းမှာ ပိုင်ရေးးပိုင်ခွင့်နှင့်ပတ်သက်ပြီး အဆုံးအဖြတ်ပြုမည့်တရားမတရားစီရင်ရေးအာဏာကို ၀င်ရောက်စွက်ဖက်ကာ ကြိုတင်ဆုံးဖြတ်ရာလည်းရောက်သည်၊
အထက်ပါလမ်းညွှန်စီရင်ထုံးများမှာ ကျင့်ထုံးပုဒ်မ ၅၁၇ အရ သက်သေခံပစ္စည်းကိုမည်သူ့ လက်၀ယ်ရရှိထိုက်ကြောင်း အဓိကထား၍ စီမံခန့်ခွဲဆုံးဖြတ်ရန်ဖြစ်ကြောင်း ပစ္စည်းပိုင်ဆိုင်မှုပြဿနာမှာ တရား မကြောင်းဆိုင်ရာကိစ္စဖြစ်၍ တရားမရုံးများကသာဆုံးဖြတ်ရမည်ဖြစ်ကြောင်း လမ်းညွှန်ဆုံးဖြတ်ထားခြင်းဖြစ် သည်။
သက်သေခံပစ္စည်းသည် ခိုးရာပါပစ္စည်းဟုတ်မဟုတ်အငြင်းပွားသည့်အခါ ဥပမာခိုးရာပါပစ္စည်း ကိုအသွင်ပြောင်းထားခြင်း။ အသွင်းပြောင်းထားသောပစ္စည်းကိုရောင်းချရငွေဖြစ်ခြင်း၊ခိုးရာပါပစ္စည်းအစားအခြား ပစ္စည်းကို အစားထိုးပေးအပ်ခြင်းပြဿနာများတွင် ခိုးရာပါပစ္စည်းဟုတ်မဟုတ် ရုံးကဆုံးဖြတ်ရန် ဖြစ်သည်။ ခိုးမှု ၊ ခြောက်လှန့်တောင်းယူမှု။လုယက်မှု၊အလွဲသုံးစားမှု၊ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှု တို့ကျူးလွန်ပြီးနောက် လက်ပြောင်းသွားသော ပစ္စည်းသည် ခိုးရာပါပစ္စည်းတွင်ပါ၀င်သည်၊ လိမ်လည်မှုနှင့်သက်ဆိုင်သောပစ္စည်းသည် ခိုးရာပါပစ္စည်းတွင် ပါ၀င်သည်ဟုပြဌာန်းထားခြင်းမရှိပေ၊ သို့ဖြစ်၍ ယင်းကိစ္စရပ်များနှင့်သက်ဆိုင်သောလမ်း ညွှန်စီရင်ထုံးများကို ဆက်စပ်လေ့လာရန်လိုသည်။
ဦးမောင်ကို နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဒေါ်တင်အေး) ၁၉၇၅ ၊ မတစ ၊ ၇၇
သက်သေခံပစ္စည်းသည် ခိုးရာပါပစ္စည်း သို့မဟုတ် အလွဲသုံးစားပစ္စည်းဖြစ်နေလျင် ယင်းပစ္စည်း ကို ၀ယ်ယူသူက ပိုင်ဆိုင်ခွင့်မရနိုင်ချေ၊ သဘောရိုးနှင့်၀ယ်ယူကြောင်းထင်ရှားလျင် ခိုးရာပါပစ္စည်းလက်ခံမှုနှင့် အရေးယူခံရခြင်းမှကင်းလွတ်မည်ဖြစ်သော်လည်း ပစ္စည်းပြန်ရနိုင်ရန်အတွက်အရေးမဆိုနိုင်၊
ဦးကျော်ခင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ( ဦးတက်ထွန်း) ၁၉၇၆ ၊ မတစ ၊ ၃
ရေစုပ်စက်မူလပိုင်ရှင်ဦးတက်ထွန်းသည် ဒေါ်ခင်မြင့်ဝေအား ရေစုပ်စက်ကိုရောင်းချပေးရန် အပ်နှံ ထားပြီးနောက် ဦးကျော်ခင်က သဘောရိုးဖြင့် တန်ရာတန်ဘိုးပေး၍ ၀ယ်ယူခြင်းဖြစ်သည်။ ရောင်းရငွေကို ဒေါ် ခင်မြင့်ဝေက ဦးတက်ထွန်းအား ပြန်ပေးရန်ပျက်ကွက်ခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခြင်းမြောက်သည်ဟူ၍ တိုင်း တရားရုံးက မယူဆစေကာမူဦးတက်ထွန်းသည် ဒေါ်ခင်မြင့်ဝေထံမှ ရေစုပ်စက်ရောင်းချရရှိသော ငွေကိုသာပြန် လည်ရပိုင်ခွင့်ရှိပေလိမ့်မည်။ မိမိသဘောတူရောင်းချရန်ပေးအပ်ထားပြီးသော ရေစုပ်စက်ကိုပြန်လည်ရရှိရန်အ ကြောင်းမရှိပေ၊
မောင်အောင်ညွန့် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ( မောင်ဘုန်းမော်) ၊ ၁၉၇၈ ၊ မတစ ။ ၁၃၄
မောင်ဘုန်းမော်သည် မိမိပိုင်ကက်ဆက်ကို အိုက်ပေါင်းသို ့ ပေးလိုက်စဉ်က ရောင်းရန်အတွက် ပေးလိုက်ခြင်းဖြစ်သည်ကို တွေ့ရသည်၊ ထို့ကြောင့်ဥပဒေသဘောအရ အိုက်ပေါင်းသည် ထိုကက်ဆက်ကို တ ရား၀င်ရောင်းချနိုင်ခွင့်ရှိသူဖြစ်ပေသည်။ တရား၀င်ရောင်းချနိုင်ခွင့်ရှိသူထံမှ မည်သူမဆို ၀ယ်ယူနိုင်သည့်အပြင် ၀ယ်ယူသူမှာလည်း တရား၀င်ပိုင်ဆိုင်ခွင့်ရှိပေသည်။ အိုက်ပေါင်းသည် ကက်ဆက်ရောင်းရငွေကို မောင်ဘုန်း မော်အားမပေးသဖြင့် လိမ်လည်မှုမြောက်နိုင်သည်မှန်သော်လည်း တရား၀င်အရောင်းအ၀ယ်ပြုလုပ်ထားသည့် ကိစ္စမှာမူ ပျက်ပြယ်သွားခြင်းမရှိနိုင်ပေ၊
ဦးသန်းထွန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၃ ၊ ၁၉၉၂ ၊ မတစ ၊ ၈၁
သိမ်းဆည်းသောအချိန်မှာ ပစ္စည်းများကို၀ယ်ယူပြီးနောက် ၃၊၄၊၅ လခန့်ကြာမှ လာရောက်သိမ်း ဆည်းခြင်းဖြစ်သည်။မောင်လှဖေထံမှ ၀ယ်ယူခဲ့သောစက်ဘီးများကို ပြန်လည်ရောင်းချ၍ ရရှိငွေအဖြစ် သိမ်း ဆည်းခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းငွေများသည် မူလပစ္စည်းကိုအသွင်ပြောင်းထားသော သို့မဟုတ် အစား ထိုးထားသောပစ္စည်းဖြစ်ငည်ဟု တင်ပြထားသောအယူခံတရားလို၏တင်ပြချက်ကို လက်ခံရန်အကြောင်းမရှိပေ၊ ထို့ပြင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ ၏ ရှင်းလင်းချက်ပါပစ္စည်းမျိုးဖြစ်သည်ဟုလည်း လက်ခံရန် အ ကြောင်းမရှိပေ၊
ဦးမောင်မောင်သိန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၊ ၁၉၉၂ ၊ မတစ ၊ ၆၃
သာမန်အားဖြင့် ပစ္စည်းတခုကိုရောင်းချရာ၌အပ်နှံရာတွင် အပ်နှံခံရသူအနေဖြင့် ရောင်းချပိုင်ခွင့် ရရှိသွားပြီး ဖြစ်သောကြောင့် ထိုသူထံမှ၀ယ်ယူသူလည်းတရား၀င်၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူနိ်ုင်မည်ဖြစ် သည်။ သို့ရာတွင် ပစ္စည်းလက်ခံရယူသူ၏ စိတ်နေသဘောထားပါ ရိုးသားဖြောင့်မတ်မှုရှိမရှိ၊၄င်း၏ဆောင်ရွက် မှုသည်အမှန်အတိုင်းဆောင်ရွက်မှုဟုတ်မဟုတ်ကို လေ့လာစိစစ်ရန်လိုအပ်သည်၊ ရောင်းခိုင်းသူသတ်မတ်သည့် စည်းကမ်းချက်ကို သိရှိပါလျက် ပေါက်စျေးထက်လျော့နည်းရောင်းချ၍ ရောင်းရငွေကို ပြန်မပေးဘဲတိမ်းရှောင် နေခဲ့ခြင်းမှာ မရိုးမသားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မူလကပင် မရိုးမဖြောင့်သောရည်ရွယ်ချက်ရှိခဲ့ကြောင်းပေါ် လွင်သည်၊ ၀ယ်သူသည်လည်း လိုအပ်သောသတိဝိရိယမရှိဘဲ စျေးနှုန်းလျော့ပြီး အလွယ်တကူ၀ယ်ယူခဲ့ခြင်း ဖြစ်ရာ ၄င်း၏စိတ်နေသဘောထားမှာလည်း သဘောရိုးရှိသည်ဟုဆိုလိုရန်ခဲယဉ်းသည်၊ ယင်းအမှုတွင် ပစ္စည်း ၀ယ်ယူသူ ဦးမောင်သိန်းအား ပြန်လည်ပေးအပ်ခြင်းမပြုဘဲ သက်သေခံပစ္စည်း သံ ၈၃ ပိဿာကို ပစ္စည်းရောင်း ခိုင်းသူ မရင်ရင်ကြည်သို့ပြန်လည်ပေးအပ်စေခဲ့သည်၊
ဒေါ်အေးအေးသန်း ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၉၁ ၊ မတစ ၊ ၁၄၉
ရောင်းချပေးရန်အပ်နှံခဲ့သောပစ္စည်းများကို သတ်မတ်ပေးသောတန်ဘိုး၏ထက်၀က်စျေးဖြင့် ရောင်းချသည့်အရောင်း၀ယ်ကိစ္စတွင် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့သည်ဟု မဆိုနိင်ပေ၊အချင်းဖြစ်ပစ္စည်းများမှာ မူလရုံးတရားခံက ပြစ်မှုမကင်းသောယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုကျူးလွန်ကာ အလွဲသုံးစားပြုလုပ်ထား သောပစ္စည်းများဖြစ်သဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၀ အရ ခိုးရာပါပစ္စည်းဖြစ်သည်။အဆိုပါ ခိုးရာပါပစ္စည်း များကို တန်ရာတန်ဘိုးထက်များစွာ စျေးလျော့နည်းနေ၍ လွှဲပြောင်းရယူထားခဲ့ကြသော လျောက်ထားသူ ဒေါ် အေးအေးသန်းနှင့်ဒေါ်သင်းသင်းအေးတို့မှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၂ နှင့်အညီ သဘောရိုးဖြင့်လွှဲပြောင်းရ ယူခဲ့ရာ မရောက်သောကြောင့်၄င်းတို့အပေါ် ကံအားလျော်စွာဥပဒေအရ အရေးယူမှုမပြုခဲ့မိစေကာမူ ၄င်းတို့ အနေဖြင့် အချင်းဖြစ်ပစ္စည်းများကို ပြန်လည်ရပိုင်ခွင့်ရှိမည်မဟုတ်ပေ၊
သက်သေခံပစ္စည်းများကို စီမံခန့်ခွဲခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ပြန်လည်မျှဝေပါသည်။
Comments
Post a Comment