တရားစွဲဆိုနိုင်ရန်အကြောင်းများ
တရားစွဲဆိုနိုင်ရန်အကြောင်းများ
၁။ ကိုဖြူဝင်း နှင့် မပေါက်ပေါက် ၁၉၉၄ ခုနှစ် တရားမပြင်ဆင်မှုအမှတ် ၄၇ဝ (၈-၂-၉၅)
ကျေးရွာ/ရပ်ကွက် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ တရားလို တရားပြိုင်တို့အကြား အချင်း ဖြစ်ခြံမြေနှင့် စပ်လျဉ်း၍ အမွေခွဲဝေသည့် မှတ်တမ်းသည် မှတ်ပုံမတင်ထားသော ဗလာစာအုပ်ပေါ်တွင် ရေးသားထားသော မှတ်တမ်းဖြစ်သော်လည်း အများပြည်သူနှင့် သက်ဆိုင်သော စာရွက်စာတမ်း ဖြစ်သည့်အပြင် အမှုနှင့် သက်ဆိုင်သဖြင့် သက်သေခံ ဥပဒေပုဒ်မ ၃၅ အရ သက်သေခံဝင်သဖြင့် အမွေမှုတွင် သက်သေခံအဖြစ် လက်ခံနိုင်သည်ဟု ဆုံးဖြတ်ထားပါသည်။
x
x
x
၂။ ဦးချစ်ထွေး နှင့် ဦးတင်စိုးအောင်၂၀၀၈ မတစ ၁
အမှုတွင် ကွယ်လွန်သူ၏ အမွေစား အမွေခံတို့အား အမွေခွဲဝေပေးပြီး မပြီးဆိုသော အချက်မှာလည်း အမှု၌ တရားပြိုင်များအဖြစ် ထည့်သွင်းပြီး စစ်ဆေး၍သာ ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။ ဦးကျော်ရှိန်ပါ ၂ နှင့် ဒေါ်ပု ပါ ၃၊ ၁၉၇၄ မတစ ၁ အမှုကို ရည်ညွှန်းသည်။
တရားမကျင့်ထုံး ဥပဒေအမိန့် ၁၊ နည်း ၉ တွင်အမှုသည်များကို မှားယွင်းပူးတွဲခြင်းကြောင့်ဖြစ်စေ၊ ပူးတွဲသင့်သော အမှုသည်များကို မပူးတွဲခြင်းကြောင့် ဖြစ်စေ၊ မည်သည့်တရားမမှုမျှ မရှုံးနိမ့်စေရဟု ပြဌာန်းထားသည်။
ယင်းပြဌာန်းချက်အရ ကွယ်လွန်သူ အမွေရှင်၏ အမွေပစ္စည်းများကို ရုံးကစီမံခန့်ခွဲပေးရန် စွဲဆိုမှုတွင် လိုအပ်သည်ဟု ထင်မြင်ယူဆသော အမှုသည်များကို ထည့်သွင်းခြင်းမပြုရုံမျှဖြင့် ပလပ်ရန် မသင့်ဟု မသိန်းတင် ပါ ၃ နှင့် ဒေါ်ချော ၁၉၆၅၊ မတစ ၆၅၉ အမှုတွင် လမ်းညွှန်ထားသည်။
ယင်းကဲ့သို့အမှုမျိုးတွင် တရားရုံးသည် မပါသော အမှုသည်များကို ထည့်ရန်အတွက် တရားလိုအား အဆိုလွှာပြင်ဆင်ရန် အခွင့်အလမ်းပေးရမည်။ သို့ရာတွင် တရားလိုက အမှုသည်ထပ်ထည့်ရန် ငြင်းဆန် လျှင်မူ အမှုကို ပလပ်နိုင်သည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေပစ္စည်းကို ရထိုက်ခွင့်ရှိသူတို့အား ရထိုက်ခွင့်ရှိသည့်ဝေစု အတိုင်း စီမံခန့်ခွဲပေးရမည့် အမှုနှင့် မိဘများကျန်ရစ်သည့် အမွေပစ္စည်းအပေါ် အမြဲတမ်း တားဝရမ်း ထုတ်ပေးရန် စွဲဆိုမှုတို့မှာ ဥပဒေ သို့မဟုတ် အကြောင်းခြင်းရာ ပြဿနာတစ်ရပ်တည်းမှ ပေါ်ပေါက် လာခြင်း မဟုတ်သည့်အပြင် တူသောပြုလုပ်မှု သို့မဟုတ် တူသောဆက်တိုက်ပြုလုပ်မှုတို့မှ ပေါ်ပေါက် လာခြင်း မဟုတ်သည်မှာ အငြင်းပွားဖွယ်ရာမရှိချေ။
ထို့ကြောင့် အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် အမြဲတမ်း တားဝရမ်းရလိုမှုတို့ကို အမှုတစ်မှုတည်း၌ ပူးတွဲတရားစွဲဆိုထားခြင်းသည် မှန်ကန်မှုမရှိဟု သဘောရရှိသည်ဟု ထုံးဖွဲ့ ထားပါသည်။
တရားစွဲဆိုနိုင်ရန် အကြောင်းများ
၃။ ဦးလှထွန်း ပါ (၄) နှင့် ဒေါ်မေဇင်ထွန်း
၂ဝဝ၆၊ မတစ ၆၆
အမှုတွင် သားဖြစ်သူ ဦးထင်အောင်သည် ဖခင်ဦးစိန်ဖေထက် စော၍ ကွယ်လွန်ခဲ့သဖြင့် မြန်မာဓလေ့ ထုံးတမ်းဥပဒေအရ ဦးထင်အောင်သည် ဦးစိန်ဖေ၏အမွေကို ဆက်ခံခွင့်မရှိပေ။ ဦးထင်အောင်သည် အမွေဆက်ခံခွင့်မရှိသဖြင့် ဦးထင်အောင် ကွယ်လွန်သောအခါ ဇနီးဖြစ်သူသည်လည်း ဦးစိန်ဖေ၏အမွေကို ဆက်ခံခွင့်မရှိပေ။ သမီးသည် မိဘအရင် ကွယ်လွန်သွားသဖြင့် မိဘနောက်မှ ကွယ်လွန်သော သမက် ဖြစ်သူသည် မိဘများ၏ အမွေကို ဆက်ခံခွင့်မရှိကြောင်း မောင်ကြည်အိုနှင့် မသက်ပုံ ၄ ရန်ကုန် ၅၁၃ အမှုတွင် လမ်းညွှန်ထားသည်။ သို့ဖြစ်၍ ဦးထင်အောင်သည် ဖခင်အရင် ကွယ်လွန်သွားသဖြင့် ဦးထင်အောင်၏ ဇနီးသည် ယောက္ခမထံမှ အမွေကို မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ဆက်ခံခွင့် မရှိချေဟု ထုံးဖွဲ့ထားသည်။
x
x
x
၄။ ဦးလှမြင့် နှင့် ဒေါ်အေးလေး ပါ (၃)
၂၀၁၂၊ မတစ ၈၉
အမှုတွင် တရားမကြီးမှုအမှတ် ၂၃/၂၀၁၁ တွင် တရားလို ဒေါ်အေးလေး စွဲဆိုသော အမွေပုံ စီမံခန့်ခွဲပေးစေလိုမှုကို ပလပ်ခဲ့သည်။ ပဏာမ ဒီကရီချမှတ်ခဲ့ခြင်း မရှိသဖြင့် ကွယ်လွန်သူ ဒေါ်ခင်မြ ကျန်ရစ်သောအမွေကို စီမံခန့်ခွဲရန် အကြောင်းမရှိ တော့ပေ။ ဒေါ်ခင်မြ ကျန်ရစ်သော အမွေပုံပစ္စည်းများကို စီမံခန့်ခွဲရန် အကြောင်းမရှိပါဘဲလျှက် (၁)တရားပြိုင် ဒေါ်သိန်းရီက ရုံးခွန်ထမ်းဆောင်သည့်အတွက် (၁) တရားပြိုင် ဒေါ်သိန်းရီသည် ကွယ်လွန်သူ ဒေါ်ခင်မြ ကျန်ရစ်သော အမွေပစ္စည်းများ၏ ၂ ပုံ ၁ပုံ ရထိုက်ကြောင်း၊ ပဏာမဒီကရီချမှတ်ပေးခြင်းမှာ တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၁၃ နှင့်လည်း ကိုက်ညီခြင်းမရှိပေ။ တရားပြိုင်အနေဖြင့် ပဏာမဒီကရီ မချမှတ်မီ ရုံးခွန်ထမ်းဆောင်ပြီး မိမိရလိုသည့် ဝေစုအတွက် သက်သာခွင့်တောင်းဆိုခြင်းဖြစ်ပါမူ ပြန်လှန်တောင်းဆိုချက်အဖြစ်မှတ်ယူ၍ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ တရားမကျင့်ထုံးဥပဒေတွင် ပြန်လှန်တောင်းဆိုရန် ပြဋ္ဌာန်းချက် မရှိသော်လည်း တရားရုံးသည် ပြန်လှန်တောင်းဆိုချက်ကို အပြန်အလှန်အမှု၏ အဆိုလွှာအဖြစ်မှတ်ယူ၍ အမှု (၂) မှုကို တစ်ပေါင်းတည်း စစ်ဆေးစီရင်နိုင်သည်။ ဆရာဗြား ပါ ၂နှင့် မောင်ကျော်ရွှန်း အတွဲ ၂၊ ရန်ကုန်စီရင်ထုံးစာ ၂၇၆ အမှုကို ရည်ညွှန်းသည်။
၈။ ဒေါ်မာလာ ပါ (၅) နှင့် ဒေါ်မြင့်မြင့်ခိုင် ပါ (၄)
၂၀၀၅ မတစ ၁
မြန်မာနိုင်ငံရှိ တရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး စသည့်တို့နှင့် ပတ်သက်၍ အမှုဖြစ်ပွားလျှင် အမွေရှင်နှင့်သက်ဆိုင်သော မိသားစုဥပဒေအရ အဆုံးအဖြတ်ပြုရန် မြန်မာနိုင်ငံ တရားဥပဒေများ အက်ဥပဒေပုဒ်မ ၁၃ (၁) တွင် ပြဋ္ဌာန်းထားသည်။
အမှုတွင် အမွေရှင် ဒေါ်သိန်းရှင်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း နှစ်ဖက်အငြင်းမပွားပေ။ ဒေါ်သိန်းရှင်သည် အစ္စလာမ်ဘာသာဝင်တစ်ဦးအဖြစ် ကွယ်လွန်သွားခြင်းကြောင့် ၄င်းသေဆုံးချိန်၌ ၄င်း၏ အမွေနှင့်ပတ်သက်၍ အဆုံးအဖြတ်ပြုရမည့်ဥပဒေမှာ မြန်မာနိုင်ငံတရားဥပဒေများ အက်ဥပဒေပုဒ်မ ၁၃(၁) အရ အစ္စလာမ်ဥပဒေဖြစ်သည်။ သို့ဖြစ်၍ ဒေါ်သိန်းရှင် ကျန်ရစ်သောအမွေပစ္စည်းများကို ၄င်း၏ မိသားစုဥပဒေဖြစ်သော အစ္စလာမ်ဥပဒေအရ သတ်မှတ်ထားသည့် အမွေခံများက အမွေခွဲဝေကြရ မည်ဖြစ်သည်။
အမွေစီမံခန့်ခွဲပေးစေရန်စွဲဆိုသောအမှုမှာ အမွေဆိုင်များအချင်းချင်း တရားဆိုင်သော အမှုအမျိုးအစား ဖြစ်သည်။ ဒေါ်ခင်မြင့်သည် အမွေရှင် ဒေါ်သိန်းရှင်၏ အမွေဆက်ခံသူ မဟုတ်သည့်အတွက် ၄င်းအား တရားပြိုင်ထား၍ ဒေါ်သိန်းရှင်ကျန်ရစ်သော အမွေကို စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုခွင့်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်တစ်ဦး၏ အမွေကို ဆက်ခံခွင့်မရှိသော ဗုဒ္ဓဘာသာဝင် ဒေါ်ခင်မြင့်ကို မူလရုံးတရားလိုများနှင့် ပူးတွဲ၍ အမွေခွဲဝေရန် အကြောင်းမရှိသည့်အလျောက် အမွေပုံ စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုရန် အကြောင်းမပေါ်ပေါက်ကြောင်း မြင်သာသည်။
အမွေရှင်ဒေါ်သိန်းရှင်သည် အစ္စလာမ်ဘာသာဝင်အဖြစ် ကွယ်လွန်ခဲ့သဖြင့် ၄င်း၏ အမွေဆက်ခံ ခြင်းမှာ အစ္စလာမ်ဥပဒေနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဒေါ်ခင်မြင့်သည် အစ္စလာမ် ဘာသာဝင် ဒေါ်သိန်းရှင်၏ အမွေကိုဆက်ခံခွင့်မရှိကြောင်း အထက်တွင် သုံးသပ်တင်ပြပြီးဖြစ်သည်။ အကယ်၍ ဒေါ်ခင်မြင့်သည် မူလကမိခင်နည်းတူ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ ကူးပြောင်းကိုးကွယ်လျှင်မူ The Caste Disabilities Removal Act အရ ထိုသို့ကူးပြောင်းကိုးကွယ်မှုကြောင့် မိခင်ထံမှ အမွေရပိုင်ခွင့်မဆုံးနိုင်ပေ။ ယခုအမှုတွင် ဒေါ်ခင်မြင့်သည် မူလကပင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းကိုးကွယ်သူ မဟုတ်သည့်အတွက် အထက်ပါအက်ဥပဒေနှင့် သက်ဆိုင်ခြင်းမရှိပေ။ အဆိုပါ ဥပဒေသည် ကွယ်လွန်သူနှင့် ကိုးကွယ်သည့် ဘာသာချင်းမတူခြင်းကြောင့် အမွေဆက်ခံခွင့် ပိတ်ပင်ခြင်းကို ဖယ်ရှားရန် မရည်ရွယ်ချေ။ ဘာသာကူးပြောင်း ကိုးကွယ်ခြင်းကြောင့် မူလကိုးကွယ်သည့် ဘာသာအရ အမွေဆက်ခံရရှိခွင့်ကို မဆုံးရှုံးစေရန် ရည်ရွယ်ခြင်းသာ ဖြစ်ပေသည်ဟု ထုံးဖွဲ့ထားပါသည်။
၉။ ဒေါ်အစူရာဘီ (ခ) ဒေါ်ချစ်တီးယားနှင့် ဒေါ်ဖါတူး (ခ) ဒေါ်မြမြဝင်း
၁၉၆၉ မတစ ၁၄၈
“ဘီနာမီ” ခေါ် အမည်ဖြင့် အရောင်းအဝယ်ပြုလုပ်သော ကိစ္စများ၌ အောက်ပါအချက်များ အပေါ်တွင် မူတည်၍ စဉ်းစားသင့်သည်။
၁။ နာမည်ငှားစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရန်အကြောင်း ရှိမရှိ။
၂။ နာမည်ငှားနှင့် တကယ်တမ်းဝယ်ယူသူတို့ ဆက်စပ်နေပုံအရ တကယ်တမ်းဝယ်ယူသူက ထိုအမည်
ငှားများကို ရွေးချယ်ရန် အကြောင်းရှိ မရှိ။
၃။ ပစ္စည်းပိုင်ဆိုင်မှု စပ်လျဉ်းသည့် စာချုပ်စာတမ်းများသည် မည်သူထံတွင်ရှိသနည်း။
၄။ ပစ္စည်းသည် မည်သူ့လက်ဝယ်တွင် ရှိသနည်း။
၅။ မည်သူထံမှ အဖိုးငွေရရှိသနည်း စသည့်အကြောင်း အချက်များသည် နာမည်ငှားစနစ်၏ မှတ်ကျောက်
သဖွယ်ဖြစ်သည်ဟု ထုံးဖွဲ့ ထားသည်။
(ယင်းစီရင်ထုံးသည် အမွေမှုများနှင့် သက်ဆိုင်ပါ၍ တင်ပြရခြင်း ဖြစ်ပါသည်။)
*
*
*
၁၀။ ဦးမြတ်စိုး ပါ (၄) နှင့် ဒေါ်တင်ကြည်
၂၀၀၅ မတစ ၄၂
မိဘတစ်ဦးဦး ကွယ်လွန်ပြီး ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့်အခါ ကွယ်လွန်သူနှင့် ရရှိခဲ့သော သားသမီးများသည် ကျန်ရစ်သူ မိဘထံမှ ကွယ်လွန်သူ မိဘအစုကို ရရှိသည်။ ယင်းဝေစုကို အမွေရယူခဲ့ပါလျှင် ထိုကျန်ရစ်သူမိဘ ကွယ်လွန်သောအခါ အမွေတောင်းခံခွင့် မရှိတော့ပေ။ သို့ရာတွင် အမွေတောင်းခံခြင်းမရှိခဲ့ပါမူ ကျန်ရစ်သူမိဘ ကွယ်လွန်သောအခါ မိထွေး၊ ပထွေးထံမှ အမွေတောင်းခံ ခွင့်ရှိသည်။
ဖခင်ရင်းနှင့် မိထွေးတို့ပိုင်ဝေစု၏ ၆ ပုံ ၁ ပုံသာလျှင် လင်ပါ မယားပါ သားသမီးများ အမွေရ၊ ခွင့်ရှိသည်ဟူသော အယူခံတရားပြိုင်ဘက်မှ လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ထိုသို့ ၆ ပုံ ၁ ပုံ ရခွင့်ရှိကြောင်း ပြဆိုသည့်ဓမ္မသတ်များသည် တစ်လင်တစ်မယားရှိသော အိမ်ထောင်နှင့်သာ သက်ဆိုင်သည်၊ မယားပြိုင်များရှိသော အိမ်ထောင်နှင့် သက်ဆိုင်သော ဓမ္မသတ်များ မရှိသည်ကတစ်ကြောင်း၊ လင်ပါ မယားပါ သမီးများသည် ဖခင်ရင်း၏ ဝေစုကိုသာလျှင် အထိုက်အလျှောက် အမွေရခွင့်ရှိသည်က တစ်ကြောင်းတို့ကြောင့် ထိုတင်ပြချက်ကို လက်ခံရန် အကြောင်းမမြင်ချေ။
မိခင်ရင်းကွယ်လွန်စဉ်က အမွေမတောင်းခဲ့သော လင်ပါ သားသမီးသည် ၄င်းတို့၏ ဖခင်ရင်း ကွယ်လွန်သောအခါ မိခင်ထံမှရရှိသည့် ဝေစုအပြင် ဖခင်အရင်း၏ အပြီးအပိုင်ရရှိပြီးဖြစ်သည့် ဝေစုကို လည်း မိထွေးနှင့် ပူးတွဲအမွေဆက်ခံသည်။ ထိုဝေစုအားလုံးကို မိထွေးတစ်ဦးသာလျှင် ဆက်ခံကြောင်း မည်သည့်ဓမ္မသတ် မည်သည့်စီရင်ထုံးက မျှပြဆိုခြင်းမရှိပေဟု ထုံးဖွဲ့ထားသည်။
*
*
*
၁၁။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ
အကြင်လင်မယားအဖြစ် ထိမ်းမြားလက်ထပ်သည်နှင့် တစ်ပြိုင်နက် တစ်ဦး၏ ပါရင်းပစ္စည်းတွင် ၄င်း၏ခင်ပွန်းသည်က (၃) ပုံ (၁) ပုံ အပြီးအပိုင် အကျိုးခံစားခွင့်ရရှိသည်။ ပါရင်းပစ္စည်း ယူဆောင်လာသူက (၃) ပုံ (၂) ပုံ ရရှိသည်ဟု ချစ်တီး ကုန်တိုက်နှင့် မောင်သာလှိုင် ၃ ရန်ကုန် စာ ၃၂၂ (စုံညီ) နှင့် ဒေါ်လှအုန်း နှင့် မညွန့် ၁၉၃၇ ရန်ကုန် စာ ၄၁၀ အမှုတို့တွင် ထုံးဖွဲ့ထားသည်။
၁၂။ ဒေါက်တာဦးတင်ဦး (၄င်း၏ က/စရသူ ဦးကျော်ကျော်) နှင့် ဒေါ်အေးအေးသန်း
၂၀၀၅ မတစ ၅၂
လင်နှင့်မယားတို့သည် မိမိတို့နှစ်ဦးပိုင်ပစ္စည်းကို နှစ်ဦးသဘော တူညီလျှင် ရောင်းချခြင်း၊ ပေါင်နှံ ခြင်း၊ လွှဲပြောင်းခြင်း စသည်တို့ကို ပြုလုပ်ခွင့်ရှိသည်။ လင်ကဖြစ်စေ၊ မယားကဖြစ်စေ ၄င်း၏သဘော ဆန္ဒကို အထင်အရှား မဟုတ်သော်လည်း အဓိပ္ပာယ်သက်ရောက်သည့် သဘောတူညီချက်ရရှိလျှင်လည်း နှစ်ဦးပိုင်ပစ္စည်းကို လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်။ သို့ရာတွင် လင်မယားနှစ်ဦးအနက် တစ်ဦးသည် ကျန်တစ်ဦး၏ သဘောတူညီချက်မရရှိလျှင် နှစ်ဦးပိုင်ပစ္စည်းမှ ထိုသဘောမတူသူ၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းရောင်းချခြင်း မပြုနိုင်ပေ။ လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင် လင်နှင့်မယားတို့သည် အညီအမျှ အကျိုးခံစားခွင့်ရှိသည်။ မခင်နှင့် မောင်ဖိုးစိန် ၆ ရန်ကုန် စာ ၁ အမှုတွင် ထုံးဖွဲ့ထားသည်။
၁၃။ ဒေါ်အမာ နှင့် ဒေါ်လှတင့် ပါ (၈)
၂ဝဝ၃ မတစ ၁၆၁
အစ္စလာမ်ဘာသာဝင် ဦးဘသိန်း ကွယ်လွန်သောအခါ ဇနီးဖြစ်သူ ဗုဒ္ဓဘာသာဝင် ဒေါ်မမလေးက ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ အမွေဆက်ခံပြီး ဒေါ်မမလေး ကွယ်လွန်သောအခါ ဒေါ်မမလေး၏ သားသမီးများက အမွေဆက်ခံကြရမည်ဖြစ်သည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦး၏ အမွေကို အခြားဘာသာကွဲသော အမွေဆိုင် တစ်ဦးက အမွေဆက်ခံခွင့်မရှိကြောင်း ပြဋ္ဌာန်းချက် မရှိချေ။ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာဝင် မိခင် ဒေါ်မမလေး ကွယ်လွန်သောအခါ ကျန်ရစ်သော အမွေပုံတွင် သားတစ်ဦးဖြစ်သည့် အစ္စလာမ်ဘာသာဝင် ဦးခင်မောင်သန်းက အမွေဆက်ခံရရှိမည်ဖြစ်သည်။
မူလအမှုသည် ကွယ်လွန်သူ ဗုဒ္ဓဘာသာဝင် ဒေါ်မမလေး၏ ကျန်ပစ္စည်းအပေါ် အမွေပုံစီမံခန့်ခွဲပေး စေလိုမှုဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေပုဒ်မ ၂၄ (၂) နှင့် ၂၆ တို့တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။
၂၄ (၂) ဤပုဒ်မနှင့် ပုဒ်မ ၂၆ ပါကိစ္စများအလို့ငှာ “မိသားစု” ဆိုသည့်စကားရပ်တွင် တရားဝင်လင်၊ တရားဝင်မယား (သို့တည်းမဟုတ်) မယားများနှင့် တရားဝင်သားသမီးများ ပါဝင်သည်။
၂၆ ဤဥပဒေအရ ထိမ်းမြားသူတို့၏ (သို့တည်းမဟုတ်) ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်း ခံရသူတို့၏ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့်ကိစ္စအားလုံးကို ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာ ဓမ္မသတ်အတိုင်း ဆုံးဖြစ်ရမည်။ သို့ဖြစ်၍ အမွေရှင်မိခင် ဒေါ်မမလေး၏ မိသားစုအနေဖြင့် သားဖြစ်သူ ဦးခင်မောင်သန်းလည်း ပါဝင်သည်။ ထို့ကြောင့် ဦးခင်မောင်သန်းသည် အမွေဆက်ခံခွင့်ရှိသည်။ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၆ အရ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့် ကိစ္စ အားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိ သကဲ့သို့ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ဆုံးဖြတ်ရမည်ဖြစ်ရာ ဦးခင်မောင်သန်းသည် မိခင် ဒေါ်မမလေး ကွယ်လွန်ပြီးနောက်မှ ကွယ်လွန်သောကြောင့် ကွယ်လွန်သူ ဦးခင်မောင်သန်းအမွေကို ဇနီး ဒေါ်လှတင့်က ဆက်ခံမည်ဖြစ်သည်ဟု ထုံးဖွဲ့ထားပါသည်။
၁၄။ ဦးဘဖေ ပါ (၆) နှင့် မချိုတီး (ခ) မညွန့် ပါ (၂)
၁၉၆၆ မတစ ၇၂၇
အမွေဆိုင်များအနက် အမွေဆိုင်တစ်ဦးက အမွေဆိုင်ပစ္စည်းကို လက်ဝယ်ထားရှိနေထိုင်ခြင်းသည် အမွေဆိုင်များအားလုံးအတွက် လက်ဝယ်ထားရှိရာရောက်သည်။
x
x
x
၁၅။ ဦးခင်မောင်မြင့် (ခ) ဆီဗာလင်ဂန်ဆာဗေး နှင့် ကိုကို (ခ) ချင်းနယားဆားဗေး ပါ (၁၃)
၁၉၇၆ မတစ ၁၂
ဒေါက်တာဆန်ဒရွန်သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သဖြင့် ၄င်း၏အမွေကို ဆက်ခံခြင်းကိစ္စမှာ မြန်မာဓလေ့ထုံးတမ်း ဥပဒေနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။
x
x
x
၁၆။ ဒေါ်ထွေးခင် နှင့် ဒေါ်တင်မြ
၁၉၇၉ မတစ ၄၈
အမှုတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၈ နည်း ၆တွင် ဖော်ပြထားသော ခုနှိမ်ခွင့်သည် ငွေရရန်စွဲဆိုမှု၌ တောင်းဆိုသော ငွေထဲမှ ငွေကြေးတစ်စုံတစ်ရာ ခုနှိမ်ခွင့်ကို ဆိုလိုသည်။ အမွေပုံပစ္စည်းများကို အုပ်ချုပ်ထိန်းသိမ်း စီမံပေးစေလိုမှု၌ ခွဲဝေပေးရန် စာရင်းပေးထားသည့် အိမ်သည် ကယ်လွန်သူ အမွေရှင် လုံးလုံးလျားလျား ပိုင်ဆိုင်သည့် အိမ်မဟုတ်ပါ။ ကွယ်လွန်သူနှင့် မိမိတို့ တစ်ယောက်တစ်ဝက်စီ ပိုင်ဆိုင်သည့် အိမ်ဖြစ်၍ ခွဲဝေရာတွင် မိမိပိုင်ဆိုင်သည့်တစ်ဝက်ကို ထည့်သွင်းခွဲဝေခြင်းမပြုမိစေရန် ထိုအိမ်တွင် မိမိတစ်ဝက် ပိုင်ဆိုင်ခွင့်ရှိကြောင်း တရားရုံးမှ မြွက်ဟကြေညာပေးရန် တောင်းဆိုခြင်းသည် ပြန်လှန်တောင်းဆိုခြင်းသာ ဖြစ်၍ ခုနှိမ်ခွင့်ပြုရန် တောင်းဆိုခြင်းမဟုတ်ပေ။ တရားမကျင့်ထုံးဥပဒေ အမိန့် ၈ နည်း ၆ သည် ပြန်လှန်တောင်းဆိုခြင်းနှင့် မသက်ဆိုင်၊ ပြန်လှန်
တောင်းဆိုခြင်းကို ပိတ်ပင်ခြင်းလည်း မပြုချေ။ ထို့ကြောင့် ဤဥပဒေအရ အမွေဆိုင်ပစ္စည်းများကို အုပ်ချုပ်ထိန်းသိမ်း စီမံခန့်ခွဲပေးစေလိုမှုတွင် ပြန်လှန်တောင်းဆိုခြင်းမပြုနိုင်ဟု မူလရုံး၏ ကောက်ယူ ဆုံးဖြတ်ချက်သည် မှားယွင်းပေသည်။
x
x
#
၁၇။ ဦးထွန်းတင် နှင့် ဦးလာဘ ပါ (၂)
၁၉၉၁ မတစ ၈၁ (၈၂)
အမွေမှုတွင် တရားလိုသည် အမွေခံ ဟုတ်မဟုတ် အမွေခံမှန်လျှင် အမွေပုံပစ္စည်း၏ ဘယ်နှစ်ပုံ ရထိုက်သည်၊ ကွယ်လွန်သူတွင် အမွေပုံပစ္စည်း ကျန်ရစ်ခြင်း ရှိမရှိတို့ကို စုံစမ်းစစ်ဆေး၍ အဆုံးအဖြတ်ပြု ရသည်။ မည်သည့်ပစ္စည်းသည် အမွေပုံပစ္စည်းဖြစ်သည်၊ အငြင်းပွားသည့် ပစ္စည်းများသည် အမွေပုံ ပစ္စည်းတွင် ပါမပါ ဆုံးဖြတ်ပေးရန် မသင့်ပေ။ ဦးအရောင် နှင့် မကာကြူမွေး ၁၉၆၄၊ မတစ ၁၁၄၊ ဦးမောင်မောင် ပါ ၃ နှင့် ဦးကျော်သိန်း၊ ၁၉၆၅၊ မတစ ၈၇ အမှုတွင်ကြည့်ပါ။ အမွေပုံ ပစ္စည်းများနှင့် ပတ်သက်၍ ပဏာမ ဒီကရီချမှတ်ပြီးသည့်အခါမှ တရားရုံးကဖြစ်စေ၊ တရားရုံးကခန့်ထားသော ကော်မရှင်နာကဖြစ်စေ စုံစမ်းဆုံးဖြတ်ရန် ဖြစ်သည်။
x
x
x
၁၈။ ဒေါ်တင်တင်ဝင်း နှင့် ဒေါ်သန်းကြည် ပါ (၃)
၁၉၈၄ မတစ ၁၄၈
အမွေမှုတွင် ပဏာမဒီကရီမချမှတ်မီ တရားလိုသည် အမွေဆိုင်တစ်ဦး ဟုတ် မဟုတ်၊ စီမံခန့်ခွဲရန် ပစ္စည်းရှိ မရှိ၊ ရှိလျှင် တရားလိုသည် အမွေဆိုင်ပစ္စည်းများတွင် ဝေစုမည်မျှ ရထိုက်သည်ကိုသာ စိစစ်ဆုံးဖြတ်ရန်လိုသည်။ အမွေပစ္စည်းများ စာရင်းကောက်ယူရန်ကိစ္စကို ပဏာမဒီကရီချမှတ်ပြီးမှ ဆောင်ရွက်ရန်ဖြစ်ပေသည်။
x
x
x
၁၉။ မောင်ရ နှင့် မောင်လူကျော်
၁၉၄၁ RLR ၅၁၂ (F.B)
အမွေပုံကို စီမံခန့်ခွဲပေးစေလိုမှုတွင် တရားလိုသည် အမှုတန်ဖိုးကို ကြိုက်နှစ်သက်သလို သတ်မှတ်နိုင်သည်။ တရားလို ထမ်းဆောင်သော ရုံးခွန်တော်သည် မလုံလောက်ကြောင်းတွေ့ရှိပါက လိုအပ်သည့် ရုံးခွန်တော်ကို ရုံးခွန်တော် ဥပဒေပုဒ်မ ၁၁ အရ ထပ်မံထမ်းဆောင်ရန် ဖြစ်သည်။
x
x
x
၂၀။ ဒေါ်တင်ကြည် နှင့် ဒေါ်အမာ
၁၉၇၈ မတစ ၄၅ (၄၆)
ပဏာမဒီကရီချမှတ်ခြင်းမပြုမီ မည်သည့်ပစ္စည်းများမှာ သေသူ၏ ကျန်ရစ်ခဲ့သော ပစ္စည်များ ဟုတ် မဟုတ်ဆိုသည့် အငြင်းပွား စုံစမ်းရေးကိစ္စများကို တရားရုံးက ဆောင်ရွက်ရန်မလိုသေးပေ။
ဦးစွာပထမစွဲဆိုသည့်အတိုင်း သေသူ၏ အမွေစားအမွေခံ ဟုတ်မဟုတ် အကယ်၍ ဟုတ်ခဲ့ပါမူ မည်သို့သော အချိုးအစားဖြင့် သေသူ၏အမွေကို ဆက်ခံထိုက်ကြောင်းများ စစ်ဆေးဆုံးဖြတ်၍ ပဏာမ ဒီကရီချမှတ်ရန် ဖြစ်သည်။
x
x
x
၂၅။ ဒေါ်ခင်ခင်အေး ပါ (၃) နှင့် ဦးခင်မောင်ရိုး ပါ (၂)
၂၀၀၄ မတစ ၈၁
ပူးတွဲတရားပြိုင် (သို့) ပူးတွဲလျှောက်ထားခံရသူ၏ သက်သေခံချက်သည် တရားပြိုင် (သို့) လျှောက်ထားခံရသူအား ဆန့်ကျင်လာသည့်အခါမှသာလျှင် ထိုတရားပြိုင်ကို (သို့) လျှောက်ထားခံရသူကို ပြန်လှန်စစ်မေးခွင့်ရှိကြောင်း ပေါ်ပေါက်သည်ဟု ထုံးဖွဲ့ထားပါသည်။
x
x
x
၂၆။ ဒေါ်ခင်ခင်အေး ပါ (၃) နှင့် ဦးခင်မောင်ရိုး ပါ (၂)
၂၀၀၄ မတစ ၈၁
ဒေါ်မေဘမောင်က တရားလိုပြုလုပ်၍ ကွယ်လွန်သူမိဘများ ဖြစ်ကြသော ဦးဘမောင်နှင့် ဒေါ်နှင်းရီ တို့ကျန်ရစ်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဒေါ်ခင်ခင်အေး၊ ဒေါ်အေးအေးရီ၊ ဦးဉာဏ်ရီ၊ ဦးခင်မောင်ရိုး တို့အပေါ် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရာတွင် (၄) တရားပြိုင်ဦးခင်မောင်ရိုး တစ်ဦးတည်းကသာ ခုခံချေပခဲ့သည်။ ကျန်တရားပြိုင် (၁) (၂) (၃) များဖြစ်ကြသော ဒေါ်ခင်ခင်အေး၊ ဒေါ်အေးအေးရီ၊ ဦးဉာဏ်ရီတို့က ဝန်ခံချေပလွှာ တင်သွင်းခြင်းကြောင့် (၄) တရားပြိုင် ဦးခင်မောင်ရိုး၏ အကျိုးနှင့် (Adverse) ဆန့်ကျင်ပြီး တရားလို၏ အဆိုပြုချက်ကို ထောက်ခံထားကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် (၁)(၂)(၃)တရားပြိုင်တို့သည် အမှုတွင် (၄)တရားပြိုင် ဦးခင်မောင်ရိုး၏ အကျိုးနှင့် ဆန့်ကျင်ပြီး တရားလို၏ အဆိုပြုချက်ကို ထောက်ခံထားကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် (၁)(၂)(၃) တရားပြိုင် များတို့သည် (၄) တရားပြိုင် ဦးခင်မောင်ရိုး၏ အကျိုးနှင့် ဆန်ကျင်သူများဖြစ်ကြသည်ဟု ကောက်ယူရမည်ဖြစ်သည်။ ထို့ ကြောင့် Adverse party ဆိုသည်မှာ တရားလိုနှင့် တရားပြိုင်တို့ကိုသာ ရည် ညွှန်းခြင်း မဟုတ်ဘဲ တရားပြိုင်အချင်းချင်းတစ်ဦး၏ အကျိုးကို တစ်ဦးကဆန့်ကျင် ဆောင်ရွက်လာလျှင် တရားပြိုင်အချင်းချင်းသည်လည်း Adverse party အဖြစ် အဓိပ္ပာယ်သက်ရောက်သည်ဟု မှတ်ယူရမည် ဖြစ်သည်ဟု ထုံးဖွဲ့ထားပါသည်။
x
x
x
၂၇။ မသိန်းညွန့် နှင့် ဒေါ်ဖွားသန့် ပါ (၂)
၁၉၆၃ မတစ ၉၉၂ (ရုံးချုပ်)
အမှုတွင် တရားလိုဖြစ်သူ အယူခံတရားလိုသည် အချင်းဖြစ်မြေနှင့်ပတ်သက်၍ မိမိ၏အစုကို ခဲ့ခြမ်းပေးရန်သော်လည်းကောင်း၊ အမွေကြောင်းလျှောက် အုပ်ထိန်းခွဲဝေပေးစေလိုမူ (Administration Suit) သာ စွဲဆိုခွင့်ရှိပြီး ယခုကဲ့သို့ အချင်းဖြစ်မြေကို လုံးဝလက်ရောက် ပေးအပ်ရယူလိုမူ မစွဲဆိုနိုင်ပေ။
x
x
x
၂၈။ ဒေါ်ကျင်မြ နှင့် ဦးထွန်းလူ
၁၉၇၉ မတစ ၁၁
“လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု” ဆိုသည်မှာ တရားဝင်လင်နှင့် မယားအဖြစ် အထင် အရှား နေထိုင်ပေါင်းသင်းဆက်ဆံမှုမျိုးကို ဆိုလိုပေသည်။ တိတ်တဆိတ် ပေါင်းသင်းဆက်ဆံမှုမျိုးကို မဆိုလိုပေ။ လင်နှင့်မယား၏ ပေါင်းသင်းမှုမှာ ရပ်ရွာက ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြု၍ ဆက်ဆံကြောင်း ထင်ရှားစေရမည်။
x
x
x
၂၉။ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် (မခင်ကြည်) နှင့် မပေါက်စ
၁၉၇၉ မတစ ၆၉
လူတစ်ဦးတစ်ယောက်သည် မည်သည့်ဘာသာကိုးကွယ်သည် ကိုဆုံးဖြတ်ရန် ခဲယဉ်းလှပေသည်။ လူတစ်ဦးတစ်ယောက်၏ စိတ်အတွင်းသို့ ဝင်ကြည့်နိုင်စွမ်းမရှိသဖြင့် ထိုသူသည် မည်သည့်ဘာသာ၌ သက်ဝင်ယုံကြည်သည်ကို သူ၏ နောက်ကြောင်းရာဇဝင်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာနှင့် မိတ်ဆွေ သင်္ဂဟ အပေါင်းအသင်း စသည့်ဝန်းကျင်တို့ကို ထည့်သွင်းစဉ်းစားပြီးမှသာ မည်သည့်ဘာသာ ကိုးကွယ်ကြောင်း အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။
x
x
x
၃၀။ ဒေါ်ရင်မြ နှင့် ဒေါ်ခင်ယုဝေ ပါ (၉)
၂၀၀၀ မတစ ၂၁၀
အမွေပုံစီမံခန့်ခွဲပေးစေလိုမှုတွင် ပစ္စည်းလက်ရှိဖြစ်သူက အမွေဆိုင်မပါဝင်လျှင် ထိထိရောက်ရောက် စီမံခန့်ခွဲ၍ မရနိုင်သောကြောင့် ထိုသူသည် မပါမဖြစ်ပါဝင်ရမည့် အမှုသည်ဖြစ်သည်။ ယခုအမှုတွင် တရားလို ဒေါ်ရင်မြသည်သာ ပစ္စည်းလက်ရှိဖြစ်သူဖြစ်ပြီး ကွယ်လွန်သူ အယူခံတရားပြိုင် ဦးမြတ်ကျော်သည် ပစ္စည်းလက်ရှိဖြစ်သူမဟုတ်ပေ။ အယူခံတရားလို ဒေါ်ရင်မြက အယူခံဝင်သည့် အယူခံမှုတွင် ပစ္စည်းလက်ရှိမဟုတ်သူ ဦးမြတ်ကျော်မှ မပါမဖြစ် ပါဝင်ရမည့် အမှုသည်မဟုတ်ကြောင်း မြင်သာပေသည်ဟု ထုံးဖွဲ့ ထားပါသည်။
x
x
x
၃၁။ မောင်သောင်းစိန် ပါ (၈) နှင့် ဒေါ်ဂီတာရာနီဒတ်စ် ပါ (၂)
၂ဝဝဝ မတစ ၂၆၃
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မခွဲဝေရသေးသော အမွေတွင် အမွေဆိုင်တစ်ဦး ရရန်ရှိသော အကျိုးသက်ဆိုင်ခွင့်သည် အပြီးအပိုင် ရရှိသည့် အကျိုးခံစားခွင့် Vested interest ဖြစ်၍ အမွေရှင် ကွယ်လွန်သောအခါ အမွေစား အမွေခံများသို့ သက်ရောက်သည်။ အမွေဆက်ခံခြင်းဟူသည် ဆိုင်းငံ့ ထား၍မဖြစ်၊ အမွေသည်ဆက်ခံရရှိသည်နှင့် တစ်ပြိုင်နက်ရုပ်သိမ်း၍ မရကောင်းသည်မှာ မြန်မာဓလေ့ ထုံးတမ်း ဥပဒေအမွေခန်း၏ အခြေခံသဘောတရားဖြစ်သည်။
တရားစွဲဆိုနိုင်ရန်အကြောင်းများ
၄၁။ ဒေါ်လှကြည် နှင့် ဒေါ်ဟယ်လင်
၂၀၀၃ မတစ ၁၂၇
ဗုဒ္ဓဘာသာဝင်များအဖို့ လင်နှင့်မယား သဘောတူညီလျှင် အချိန်မရွေး ကွာရှင်းနိုင်သည်။ လင်မယားနှစ်ဦးက သဘောတူညီချက်အရ ကွာရှင်းလျှင် လင်ခန်းမယားခန်း လုံးဝပြတ်စဲသည်။ ဒေါ်အမ နှင့် ဒေါ်ခင်တင့် ၁၉၆၄ မတစ ၃၁၄ ကို ရည်ညွှန်းသည်။ သို့ဖြစ်ရာ အယူခံတရားလို ဒေါ်လှကြည်က ကွာရှင်းစာလက်မှတ် ရေးထိုးပေးရုံမျှဖြင့် ဦးပီတာခင်မောင်၏ သဘောတူညီမှုမပါသဖြင့်ကွာရှင်းပြီးဖြစ်သည်ဟု မဆိုနိုင်ပေ။ ဦးပီတာခင်မောင်သည် ကွာရှင်းစာရရှိပါလျှက် မယားခေါ်လိုမှု စွဲဆိုခြင်းမှာ ၄င်းအနေဖြင့် လင်ခန်း မယားခန်းပြတ်စေလိုသည့် ဆန္ဒမရှိကြောင်း ကောက်ယူနိုင်ပေသည်။ ဒေါ်လှကြည်တစ်ဦးတည်းက ကွာရှင်းစာလက်မှတ်ရေးထိုးပေးလိုက် ခြင်းကြောင့် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရနှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ကွာရှင်းခြင်းမဟုတ်ကြောင်း မြင်သာသည်ဟု ထုံးဖွဲ့ ထားပါသည်။
X
X
X
၄၂။ မောင်စောကျော်နိုင် ပါ (၅) နှင့် ဒေါ်စောသိဂီ ပါ (၄)
၁၉၈၄ မတစ ၁၃၅ (၁၃၇)
ဤအခြေအနေတွင် မူလရုံးတရားလို ဒေါ်စောသိဂီသည် အမွေဆိုင်တစ်ဦးဖြစ်သည့် ဒေါ်ကြူကြူ အား အမှုတွင် အမှုသည်တစ်ဦးအဖြစ် ထည့်သွင်းမထားသည့်ကတစ်ကြောင်း အမွေဆိုင်ပစ္စည်းများမှာ ဒေါ်ကြူကြူ လက်ရှိဖြစ်နေသဖြင့် အမှုတွင် ဒေါ်ကြူကြူမပါဘဲ ထိရောက်သော ဒီကရီ မချမှတ်နိုင်သည်က တစ်ကြောင်းကြောင့် ဒေါ်စောသိဂီစွဲဆိုသော အမှုမှာ အောင်မြင်ရန် အကြောင်းမရှိပေ။
#
#
#
၄၃။ ဦးဘိုးဝယ် ပါ (၂) နှင့် ဦးညိုကြီး ပါ (၅)
၁၉၈၄ မတစ ၂၉၁
အမွေမှုတွင် အမွေရရန်ရှိသော အမွေဆိုင်အားလုံးကို အမှုသည်အဖြစ် ထည့်သွင်းမှသာလျှင် အမွေပစ္စည်းများကို ထိရောက်စွာ စီမံနိုင်မည်။
x
x
x
၄၄။ ဒေါ်ဒေါ်ရှင် ပါ (၃) နှင့် ဦးအောင်
၁၉၅၇ မတစ ၅ (လွှတ်တော်)
မြန်မာဗုဒ္ဓဘာသာဝင် အမွေခံတစ်ဦးသည် အမွေပစ္စည်း ခွဲဝေပေးစေလိုမှု မစွဲဆိုနိုင်ပေ။ မောင်ဘတူ နှင့် မသက်စု ၅ Ran ၇၅၈ တွင် မြန်မာဗုဒ္ဓဘာသာအမွေစား အမွေခံတို့အကြား အမွေပစ္စည်း ခွဲဝေ ရန် လက်ရောက်ပေးအပ်စေလိုမှု မစွဲနိုင်။ အမွေဆိုင်တစ်ဦးသည် ကျန်အမွေဆိုင်များထံမှ မိမိအစုကို ရလိုပါက အမွေပုံပစ္စည်းကို စီမံခန့်ခွဲပေးစေလိုမှု စွဲရမည်။
x
x
x
တရားစွဲဆိုနိုင်ရန်အကြောင်းများ
၄၅။ ဒေါ်ခင်မူမူ ပါ (၂)နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်) (၄င်း၏အခွင့်ရက/စ ဒေါ်ခင်တီ) ပါ (၃)
၂၀၀၂ မတစ ၂၀၄
အမွေပစ္စည်းကို ဒေါက်တာ ဂျီအာရ်လူးဝစ်(စ်)က ကျန်အမွေဆိုင်များ သဘောမတူဘဲ ဦးကြည်ဝင်း သို့ ရောင်းချခဲ့ရာတွင် ကျန်အမွေဆိုင်များ၏ သဘောတူညီချက်မရှိသောကြောင့် ၄င်း၏ ပိုင်ဆိုင်ခွင့်ရှိ သည့်ဝေစုအတွက်သာ အတည်ဖြစ်မည် ဖြစ်သည်။ ကျန်အမွေဆိုင်များ၏ ဝေစုနှင့်စပ်လျဉ်း၍ အတည် မဖြစ်နိုင်ချေ။
x
x
x
၄၆။ ဒေါ်ခင်လေး ပါ (၃) နှင့် မောင်ရွှေ
၁၉၈၄ မတစ ၂၄၃
အမွေပစ္စည်းများကို ခွဲဝေပေးစေလိုမှုတွင် အမွေဆိုင်များသည် အမွေပုံပစ္စည်းတွင် ဥပဒေအရ မိမိတို့ရရန်ရှိသော ဝေစုများကိုရခွင့်ရှိသည့်အပြင် အမွေပစ္စည်းမှ ဖြစ်ထွန်းသော အကျိုးအမြတ်များကို လည်း ခံစားခွင့်ရှိပေသည်။
x
x
x
၄၇။ ဦးကြွား ပါ (၇) (၄င်းတို့၏ က/စ ရသူ ကိုအောင်ဘို) နှင့် ဒေါ်တင်လှ ပါ (၄)
၁၉၈၄ မတစ ၂၃၉
အမွေဆိုင်ပစ္စည်းများသည် သူတစိမ်းလက်ဝယ်ရှိနေ၍ လက်ရောက်ရလိုကြောင်း စွဲဆိုလိုလျှင် အမွေဆိုင်တစ်ဦးကဖြစ်စေ၊ တစ်ဦးထက်ပိုသူတို့ကဖြစ်စေ၊ အမွေပစ္စည်းများကို ထိန်းသိမ်းနိုင်ရန်အတွက် အမွေထိန်းစာ လျှောက်ထားတောင်းယူပြီးနောက် အမွေထိန်း (သို့) အမွေထိန်းများအဖြစ်ဖြင့် သူတစိမ်း လက်ဝယ်ရှိ အမွေဆိုင်ပစ္စည်းများကို လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်ပေမည်။
x
x
x
၄၈။ ဒေါ်ငွေမြိုင် ပါ (၆) နှင့် ဦးမောင်ကလေး ပါ (၂) ၊
၁၉၈၃ မတစ ၂၁
အမှုတွင်တရားပြိုင် ဦးဘဦး ကွယ်လွန်သွားသောအခါ ဦးဘဦး၏ အမွေစားအမွေခံတို့အပေါ် ဆက်လက် တရားစွဲဆိုရမည်ဖြစ်ရာ ထိုသူတို့အား ဦးဘဦး၏ တရားဝင်ကိုယ်စားလှယ်များအဖြစ်ဖြင့် ထည့်သွင်းခဲ့ခြင်း မရှိသဖြင့် တရားမကျင့်ထုံး ဥပဒေအမိန့် ၂၂ နည်း ဥပဒေ ၄ (၃) အရ အမှုမှာ ဦးဘဦးနှင့် စပ်လျဉ်းသမျှလည်း ရပ်စဲသွားပြီး ဖြစ်သည်။ ထို့အပြင် အမွေပုံကို စီမံခန့်ခွဲပေးစေလိုမှုတွင် အမွေဆိုင်အားလုံးသည် အမှုသည်အဖြစ် ပါဝင်ရမည်ဖြစ်ရာ၊ ဒေါ်လှနှင့် ဦးဘဦးတို့၏ တရားဝင်ကိုယ်စား လှယ်တို့မှာ အမှုတွင် မပါမဖြစ်ပါဝင်ရမည့် အမှုသည်များဖြစ်သည့်အလျောက် သူတို့မပါဘဲ ဦးကျော်ဇံ ကျန်ရစ်သော အမွေပုံပစ္စည်းများကို ထိထိရောက်ရောက် စီမံခန့်ခွဲ၍ မရနိုင်တော့ပေ။ သို့ဖြစ်ရာ ဒေါ်လှ တို့ (၃)ဦးစွဲဆိုသော အမှုတစ်မှုလုံးမှာ အမှုသည်မစုံလင်သည့်အတွက် ရပ်စဲသွားပြီဟု ကောက်ယူရ ပေမည်။
x
x
x
၄၉။ မရှမ်း ပါ (၅) နှင့် ဦးသန်းမြင့်
၁၉၉ဝ မတစ ၈၈
အမှုတွင် ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်းဖြစ် အကြောင်းအရာ သည် ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲမပေးသေးသရွေ့ ကာလပတ်လုံး တရားစွဲရန် နေ့စဉ်နှင့်အမျှ အကြောင်းပေါ်ပေါက်နေမည်သာ ဖြစ်သည်။
x
x
x
၅၀။ ဦးကျော် ပါ (၂) နှင့် ဒေါ်ဗီရာကျော်
၁၉၈၅ မတစ ၇၇
ဗုဒ္ဓဘာသာဝင် သားသမီးတစ်ဦးသည် ခရစ်ယာန်ဘာသာဝင်၏ အမွေကို ဆက်ခံခွင့်မရှိဟု အမွေ ဆက်ခံခြင်း အက်ဥပဒေတွင် တားမြစ်ထားခြင်းမရှိချေ။ အမွေဆိုင်တစ်ဦးသည် ပူးတွဲအမွေဆိုင်တစ်ဦး အပေါ် အမွေစီမံခန့်ခွဲပေးစေလိုလျှင် တိုက်ရိုက်တရားစွဲဆိုနိုင်သည်ဟု ထုံးဖွဲ့ထားသည်။
x
x
x
၅၁။ မနီလာမော် နှင့် ဒေါ်သန်းသန်း ပါ (၁၈)
၁၉၈၄ မတစ ၁၉
အမှုတွင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေသတစ်ရပ်မှာ ကွယ်လွန် သူနှင့် မျိုးဆက်နီးသူက ဝေးသူအား အမွေမှ ပယ်ထုတ်သည်ဟု ထုံးဖွဲ့ထားသည်။
x
x
x
၅၂။ GH နာခူးဒါးနှင့် ဒေါ်အိုင်ရှာဘီဘီ ပါ (၃)
၁၉၈၃ မတစ ၅၄
အမှုတွင် အမွေပုံပစ္စည်းကို စီမံခန့်ခွဲပေးစေရန် စွဲဆိုသည့် အမှုတွင် ကွယ်လွန်သူ၏ အမွေစား အမွေခံအားလုံးကို အမှုသည်များအဖြစ် ထည့်သွင်းစွဲဆိုရန်လိုသည်။
x
x
x
Comments
Post a Comment