တိုက်ခန်း၀ယ်လျှင် အခွန်ဆောင်ဖို့ လိုလား
👉တိုက်ခန်းအရောင်းအဝယ်မှာ အခွန်ဆောင်ရပါသလား''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးလာပါသည်။
''တိုက်ခန်း ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးလို့လား''
စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်းဖြစ်သည်။
👉''ဝယ်ရောင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် အခုကာလက တိုက်ခန်းတွေ အဝယ်မလိုက်တော့ စျေးသင့်တာနဲ့ ဝယ်ထားမလားစိတ်ကူးလို့ပါ''
👉''မှန်ပါတယ်။ အရင်ကာလ ထက်တော့ အိမ်ခြံမြေတိုက်ခန်းတွေ အရောင်းအေးနေတာအမှန်ပဲ''
''အချို့က ပြောတော့ အိမ်၊ ခြံ၊ မြေ ဝယ်ရင် အခွန်ဆောင်တဲ့အတိုင်း တိုက်ခန်းဝယ်ရင်လည်း အခွန်ဆောင်ရမယ်လို့ ပြောတာနဲ့ သူငယ်ချင်းဆီ လာဆွေးနွေးတာ''
👉''အေး၊ လောလောဆယ်ကတော့ အခွန်ဆောင်ခြင်း၊ မဆောင်ခြင်းက အဓိက မဟုတ်ဘူး။ မိမိဝယ်မယ့် တိုက်ခန်းဟာ အရှုပ်အရှင်းကိစ္စတွေ ရှိ၊မရှိ စုံစမ်းဖို့က အဓိကပဲ''
👉''အကြမ်းဖျင်းပြောပြပါဦး၊ ဘယ်အချက်တွေကို စုံစမ်းမေးမြန်းထားရမယ်ဆိုတာ''
''အခုဝယ်မယ်လို့ စဉ်းစားထားတဲ့ အဆောက်အအုံက အသစ်လား၊ လူနေပြီးသားတိုက်ခန်းတွေလား''
''အသစ်ပဲ၊ အခုမှ ဆောက်ပြီးတာ ၁ လခန့်ပဲရှိမယ် ထင်တယ်''
👍''ပထမဆုံး အချက်က မိမိဝယ်မယ့် တိုက်ခန်းဟာ ကန်ထရိုက်တာက အချိုးကျရရှိထားတဲ့ တိုက်ခန်းလား၊ မြေပိုင်ရှင်ရရှိမယ့် တိုက်ခန်းလားဆိုတာ သိထားဖို့ လိုတယ်''
👉''ကန်ထရိုက်တာရမယ့် အခန်းများထဲက တစ်ခန်းကို ပြောတာပဲ''
👉''ကန်ထရိုက်တာအခန်း ဆိုရင်တော့ နည်းနည်းသတိထားဖို့ လိုတယ်၊ ဆောက်လုပ်ရေးလုပ်နေစဉ် ငွေအရင်းအနှီးပြတ်သွားလို့ ပေါင်နှံထားတဲ့ အခန်းတွေ ရှိတတ်တယ်။ ရေမီး စုံ/မစုံ၊ မော်တာ၊ မီတာ သီးခြားစီ ရှိ၊မရှိ စိစစ်ဖို့ လိုတယ်''
👉''ရေက အဝီစိတွင်းလို့ ပြောတယ်။ တိုက်ခန်းတိုင်းမှာ မော်တာတစ်လုံးစီ၊ မီတာတစ်ခုစီ တပ်ပေးထားတယ်လို့ သိရတယ်''
👍''အရေးကြီးဆုံးကတော့ လူနေထိုင်ခွင့်အတွက် ခွင့်ပြုမိန့်၊ စာရွက်စာတမ်းရှိဖို့ပဲ သူငယ်ချင်း''
''အဲဒါတော့ မေးမထားမိဘူး''
''အေး- အဲဒါက အဓိကပဲ၊ လူနေထိုင်ခွင့်မရသေးဘဲ တက်နေကြတာ အများကြီးဖြစ်နေတယ်''
''လျှောက်ထားဆဲဆိုရင် ဖြစ်သလား''
''ဒါလည်း သေချာမေးကြည့်ဖို့ လိုမယ်၊ လျှောက်ထားတဲ့ စာရွက်စာတမ်းတွေ ကြည့်ရရင်တော့ သေချာတာပေါ့''
''နေထိုင်ခွင့်မရဘဲ နေမိရင် ဘာဖြစ်တတ်သလဲ''
''ဥပဒေကတော့ ဖယ်ရှားတဲ့အထိ လုပ်ပိုင်ခွင့်ရှိတယ်။ ဒဏ်ငွေဆောင်ပြီး နေထိုင်ခွင့်အမိန့် လျှောက်တာလည်း ရှိပါတယ်''
''ဒါက ကန်ထရိုက်တာက လုပ်ပေးရမှာမဟုတ်လား''
''ကန်ထရိုက်တာက ကုန်ကျစရိတ်မခံနိုင်တာနဲ့ အခန်းတွေ အပ်ပြီး ထွက်သွားတာတွေ အမျိုးမျိုးရှိတယ်။ ဒီအချက်က နောက်တော့ ထပ်ဆွေးနွေးတာပေါ့၊ အခု သူငယ်ချင်းပြောတဲ့ အခွန်အကြောင်း ဆွေးနွေးရအောင်''
''ကောင်းပါတယ် သူငယ်ချင်း''
✍️''ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ နိုင်ငံသားမည်သူမဆို၊ အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ် တည်ထောင်ခြင်း၊ လုပ်ငန်းသစ် ထပ်မံတိုးချဲ့ခြင်း ကိစ္စရပ်တွေမှာ အခွန်ကောက်ခံတဲ့ နှုန်းထားတွေ ပြဋ္ဌာန်းထားတယ်''
''အခြေပစ္စည်းဆိုတာက ဘာကိုဆိုလိုတာလဲ''
''အိမ် ခြံ မြေ၊ တိုက်ခန်းကို ဆိုလိုတာဖြစ်တယ်။ ဒါကြောင့် တိုက်ခန်းဝယ်ရင် ဥပဒေအရတော့ အခွန်ပေးဆောင်ရမှာပဲဖြစ်တယ်''
''အချို့လည်း ဝယ်ခွန်မဆောင်ဘဲ နေကြတာတွေ ရှိတယ်မဟုတ်လား''
''မှန်ပါတယ်။ များသောအားဖြင့် တိုက်ခန်းရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန်မဆောင်ဘဲ နေကြတာ များပါတယ်။ မြေကွက်ကိစ္စတွေကတော့ အမည်ပေါက် ပြောင်းမယ်ဆိုရင် ဝယ်ခွန်ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက်ပေးတာဖြစ်လို့ မဖြစ်မနေ ဝယ်ခွန်ဆောင်ကြတာ ဖြစ်တယ်။ တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ့် တင်းကျပ်တဲ့ စည်းမျဉ်းလုပ်ထုံးလုပ်နည်း ထုတ်ပြန်ထားတာ မတွေ့ရဘူး။ ဒီအချက်ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ်နေကြတာဖြစ်တယ်''
✍️''သက်ဆိုင်ရာဝန်ကြီးဌာနက မြေကွက်တန်ဖိုး စံနှုန်းသတ်မှတ်ပေးတာ ရှိတယ်မဟုတ်လား''
''ရှိတယ်၊ အဲဒီစံနှုန်းပေါ်မူတည်ပြီး တန်ဖိုးဖြတ်တာဖြစ်တယ်''
''ဒီလိုဆိုရင် တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာရှိမှာပေါ့''
''ရှိတာပေါ့၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်းအထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ်ပေးထားပါတယ်''
''ဝယ်ခွန်ဆောင်မယ်ဆိုရင် အခုသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ဆောင်ကြရမှာပေါ့''
''မှန်ပါတယ်။ ဝယ်ခွန်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုးဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း (၃ဝ)အတွင်း လျှောက်ထားရပါတယ်။ အဲဒီရက် ကျော်ရင်တော့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်''
''အရောင်းအဝယ်စာချုပ် တင်ပြရတာပေါ့''
''မှန်ပါတယ်၊ အရောင်းအဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ်တိုင် သွားရောက်ပြီး တန်ဖိုးဖြတ်ပေးဖို့ လျှောက်လွှာဖြည့်စွက်တင်သွင်းရမှာ ဖြစ်တယ်။ အခက်အခဲမရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ အကူအညီပေးသွားမှာဖြစ်တယ်''
''ဝယ်ခွန်ဆောင်ရင် ဘယ်လိုအကျိုးကျေးဇူး ရနိုင်မလဲ''
''ဒါကတော့ ရှင်းပါတယ်။ ပထမဆုံးအချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါတယ်''
''ပြန်ရောင်းရင် ဘယ်လိုဖြစ်နိုင်သလဲ''
''ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က ရရှိတဲ့အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ်။ ရောင်းရငွေပေါ်မှာ ဆောင်ရမှာမဟုတ်ဘူး''
''ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာက ကောင်းတာပေါ့နော်''
''မှန်ပါတယ်။ အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာတွေ၊ အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန်ပေးဆောင်ထားတာ အကောင်းဆုံးပဲ သူငယ်ချင်း''ဟု အကြုံပြု ဆွေးနွေးပေးလိုက်ပါသည်။
#ဥပဒေရေးရာ
Comments
Post a Comment