O11, R15
တနေ့သ၌ ခရိုင်တရားရုံး တစ်ခုတွင့် တရားပြိုင်ဘက်ရှေ့နေမှ (အမိန့် ၁၁ နည်း ၁၅) အရ စာရွက်စာတမ်းများကြည်ရှုကူးယူရန် လျောက်ထားခဲ့တယ်။ အဲ နောက်ရုံးချိန်းလဲ ရောက်ကော ပြီးခဲ့တဲ့ရုံးချိန်းက ဆရာမက မလာဘဲ တပည့်ဖြစ်သူကို လွှတ်လိုက်တယ် ဒါနဲ့ပဲ တရားလိုရှေ့နေက စာရွက်စာတမ်းတွေ ပြတာပေါ့ ပြပြီးသကာလ စာရွက်စာတမ်း ကူးယူရန် အတွက် မိတ္တူဆိုင်သွားမယ် လိုက်ခဲ့ပါလားလို့ ပြောလိုက်ကော တစ်ဘက် ဂျုနီယာရှေ့နေလေးက တရားခွင်ထဲမှ အားကြီးနဲ့ '' မလိုက်ဘူး မိတ္တူကူးပေးရမှာ ဆရာတို့ တာဝန်လေ'' လို့ ပြောပါလေရော။ တရားလိုရှေ့နေက သူတပည့်ကို အေးအေး သွားကူးပေးလိုက်လို့ ပြောလိုက်တယ်။ တပည့်ဖြစ်သူက တရားပြိုင်ဘက်က ဂျူနီယာရှေ့နေလေးကို ကြည့်ပြီး အတော်စိတ်ထိခိုက်သွားတယ် (ဒါလေးတောင်မသိရကောင်းလား) အတော်ဒေါသထွက်သွားတယ် (စီနီယာ ကိုလေးစားရကောင်းမှန်းမသိဘူး) ဒါပေမယ့် ဆရာ့စကားအရ တပည့်ဖြစ်သူက မိတ္တူသွားကူးပေးလိုက်တယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဂျုနီယာရှေ့နေလေးတွေဟာ စာကို သေချာမဖတ်၊ မိမိဆရာကို တရားခွင်မှာ ဒီနေ့ ဘာလုပ်ရမည် ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး သေချာမမေး၊ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ကိုယ်ထင်ရာ ကိုယ်ပြော၊ ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတာ တွေ့နေရတယ်။
ဆရာဆရာကြီးတွေကလဲ တစ်ဘက် ဂျုနီယာရှေ့နေလေးကို သင်ပြပေးချင်သော်လဲ တရားခွင်မှာ သင်ပြပေးလိုက်ရင် ဂျုနီယာရှေ့နေလေးတွေကို အရှက်ခွဲသလို နိပ်ကွတ်သလို ဖြစ်ပြီး တရားခွင် ကြောက်သွားမှာ စိုးရိမ်သည့် အတွက် မရှင်းပြ မသင်ပြတော့ဘူး ဆိုတာကိုလဲ မြင်ရပြန်တယ်။
ယနေ့ ခေတ်မှာ တရားပြိုင်ဘက်မှ (အမိန့် ၁၁ နည်း ၁၅) အရ စာရွက်စာတမ်းများကြည်ရှုကူးယူရန် လျှောက်ထားသည့် အခါ တရားလို ရှေ့နေများက မိတ္တူကူးပြီးသား စာရွက်တမ်းများကို အဆင်သင့် တရားပြိုင်ဘက်က ရှေ့နေကို ပေးလိုက်တက်ကြတယ်။ ထိုသို့ ပေးလိုက်ခြင်းမှာ တစ်ဖက် တရားပြိုင်ရှေ့နေနှင့် ရင်းနှီးမှု ရယူလိုခြင်း အချိန်ကုန်သက်သာအောင် အလုပ်မရှုပ်အောင်အတွက် အဆင်သင့် မိတ္တူကူးပြီးသား စာရွက်တမ်းများကို စေတနာဖြင့် ကူးပေးလိုက်ခြင်းဖြစ်တယ်။ ဒါကို တပည့်တွေက အမှတ်မှားပြီး (အမိန့် ၁၁ နည်း ၁၅) အရ စာရွက်စာတမ်းများကြည်ရှုကူးယူရန် လျှောက်ထားသည်နှင့် မိတ္တူကူးပေးရမည်ဆိုတာ တဖတ်ရှေ့နေ၏ တာဝန်ဆိုပြီး မှားယွင်းစွာ အမှတ်မှားခဲ့တာကြောင့်ရယ်၊ ကိုယ်တိုင်က စာပေဖတ်သား လေ့လာမှုအားနည်းတာတွေကြောင့် အမြင်မတော်တာတွေ အများကြီးတွေ့လာရပါတယ်။
တရားမကျင့်ထုံးဥပဒေ (အမိန့် ၁၁ နည်းဥပဒေ ၁၅) တွင်ပြဌာန်းထားသည်မှာ '' တရားမမှုတစ်မှုမှ အမှုသည်အသီးသီးသည် အခြားအမှုသည်တစ်ဦးဦး၏ အဆိုအချေ သို့မဟုတ် ကျမ်းကျိန်ထွက်ဆိုချက်တွင် ရည်ညွှန်းထားသော စာချုပ်စာတမ်းတစ်စုံတစ်ရာကို မိမိကဖြစ်စေ၊ မိမိရှေ့နေက ဖြစ်စေ၊ ကြည့်ရှုစစ်ဆေးနိုင်ရန် နှင့် မိတ္တူးကူးယူနိုင်ရန်အတွက် တင်ပြစေရန် အခြားအမှုသည်အား မည်သည့် အခါမဆို အကြောင်းကြားစာပေးခွင့်ရှိသည်၊၊'' လို့ပြဌာန်းထားတာတွေ့ရပါတယ်။
ဥပဒေသဘော
နည်း ၁၅ မှ ၁၈ ပါ ပြဌါန်းချက်များသည် စာချုပ်စာတမ်းကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်သည်၊ ကြည့်ရှု စစ်ဆေးခြင်းအလို့ငှာစာချုပ်စာတမ်းများကို အောက်ပါအတိုင်းခွဲခြားနိုင်သည်--
(က) အဆိုအချေတွင်ဖြစ်စေ၊ အမှုသည်တို့၏ကျမ်းကျိန်ချက်များတွင်ဖြစ်စေ၊ ရည်ညွှန်းထားသော စာချုပ်စာတမ်းများ
(ခ) ထိုသို့ရည်ညွှန်းခြင်းမရှိသော အမှုသည်၏ လက်၀ယ်ရှိ သို့မဟုတ် ထိန်းသိမ်းမှုအောက်ရှိ စာချုပ် စာတမ်းများ
ပထမအမျိုးအစား
စာချုပ်စာတမ်းများနှင့်ပတ်သက်၍ အမှုသည်တို့သည် တရားရုံး၏အကူအညီကို မ တောင်းခံဘဲ ယင်းစာချုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးရန်အတွက် တင်ပြစေရန် အကြောင်းကြားစာထုတ်နိုင် သည် ၊ (နည်း ၁၅ )။ အကြောင်းကြားစာရသောအမှုသည်သည် အကြောင်းကြားစာရရှိပြီး ၁၀ ရက်အတွင် အကြောင်းကြားစာထုတ်သော အမှုသည်အား မည်သည့်အချိန်မည်သည့်နေရာတွင် စာချုပ်စာတမ်းများကို ကြည့် ရှုစစ်ဆေးနိုင်ကြောင်း၊ ကန့်ကွက်ချက်များ (ရှိလျင်) နှင့်တကွ အကြောင်းပြန်ရမည်။ (နည်း ၁၇) ၊ နည်း ၁၇ အရလိုအပ်သည့်အတိုင်း အကြောင်းကြားရန်ပျက်ကွက်လျင် ကြည့်ရှုစစ်ဆေးလိုသည့်အမှုသည်သည် ကြည့်ရှုစစ် ဆေးရရန်အတွက် အမိန့်တစ်ရပ် ချမှတ်ပေး၇န် တရားရုံးသို့လျောက်ထားနိုင်သည်။ (နည်း ၁၈( ၁) ) တရားရုံး က ထိုသို့ကြည့်ရှုစစ်ဆေးခွင့်ပြုနိုင်သည်၊သို့ရာတွင် ဥပဒေအရ ပြရန်မလိုသော စာချုပ်စာတမ်းများ သို့မဟုတ် တင်ပြရမည့်အမှုသည်၏ အမှုနှင့်သာသက်ဆိုင်ပြီး တဘက်အမှုသည်၏အမှုကို ထောက်ခံမည့်အကြောင်းအရာ မပါရှ်ိသော စာချုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးရန်ခွင့်မပြုနိုင်၊ (မဒရပ် အတွဲ ၃၀စာ ၂၃၀)၊
ဒုတိယအမျိုးအစား
စာချုပ်စာတမ်းနှင့် စပ်လျဉ်း၍ စာချှုပ်စာတမ်းများကို စစ်ဆေးကြည့်ရှုလိုသူအမှုသည် သည် စာချုပ်စာတမ်းများ စပ်ဆိုင်ကြောင်းပြဆိုသော ကျမ်းကျိန်လွှာနှင့်အတူ တရားရုံးသို့လျောက်ထားသည့်် နည်းဖြင့်သာ အရေးယူဆောင်ရွက်နိုင်သည်၊(အေအိုင်အာ ၁၉၃၈ န၈္ဂပူး ၂၃၉)
စစ်ဆေးကြည့်ရှုခွင့်ရှိသူ
အမှုသည် ၄င်း၏အခွင့်ရကိုယ်စားလှယ်နှင့် ၄င်း၏ရှေ့နေသည် ဤနည်းဥပဒေအရ စာချုပ်စာတမ်းကို စစ်ဆေးကြည့်ရှုနိုင်သည်၊ ငှားထားသည့်ရှေ့နေက မိမိကိုယ်စားလျောက်လဲရန် စေလွှတ်လိုက်သောအခြား ရှေနေသည် စစ်ဆေးကြည့်ရှုခွင့်မရှီ၊ (၁၉၅၃ အိုင်အယ်လ်အာ ကာလကတ္တား အတွဲ ၂ စာ ၃၀၉)၊
စစ်ဆေး ကြည့်ရှုသည့်အတွက် ကုန်ကျသည့်စရိတ်များကို စစ်ဆေးကြည့်ရှုသူအမှုသည်က ပေးရမည်၊ ထူးခြားသော အခြေအနေတွင် အမှု၌ တရားစရိတ်တွက်ချက်ရာတွင် ထည့်သွင်းနိုင်သည်၊( အိန္ဒိယအမှုများ အတွဲ ၂ စာ ၄၂၂)
စာချုပ်စာတမ်းများကို မိတ္တူကူးယူခွင့်
စစ်ဆေးကြည့်ရှုခွင့်တွင် တင်ပြသော စာချုပ်စာတမ်းများမိတ္တူကူးယူခွင့်လည်း ပါ၀င်သည်။ (မဒရပ် အတွဲ ၃၀စာ ၂၃၀)၊ သို့ရာတွင် စာချုပ်စာတမ်းများတင်ပြသူ၏အမှုနှင့်သာသက်ဆိုင်ပြီး တဘက်အမှုသည်၏ အမှုကို ထောက်ခံသည့်အကြောင်းအရ လုံး၀မပါလျင် တမျိုးဖြစ်ပေလိမ့်မည်၊ (မဒရပ် အတွဲ ၃၀စာ၂၃၀)၊ မိတ္တူ ကူးယူခွင့်သည် စပ်ဆိုင်သောစာချုပ်စာတမ်းများနှင့် ကင်းလွတ်ခွင့်မရသောစာချုပ်စာတမ်းများနှင့်သာဆိုင်သည် သင့်တော်သောအမှုတွင် စာချုပ်စာတမ်းများကို ဓါတ်ပုံရိုက်ခွင့်ပြုနိုင်သည်၊(အထက်ပါကျမ်းစာ ၂၅၄၅)၊
အထက်ပါ အကြောင်းအရာနှင့် စပ်လျင်းပြီး အချုပ်အားဖြင့်ဆိုရသော တရားမကျင့်ထုံးဥပဒေ (အမိန့် ၁၁ နည်းဥပဒေ ၁၅) တွင်ပြဌာန်းထားသည်မှာ တရားပြိုင်ဘက်ရှေ့နေ အနေဖြင့် စာချုပ်စာတမ်း ကြည့်ရှုခွင့် ၊ စာချုပ်စာတမ်းကူးယူခွင့် ဆိုသည့် အခွင့်အရေးတောင်းခံလို့ရကြောင်း ပြဌာန်းထားကြောင်းတွေရပါတယ်။
" တရားလိုအနေနဲ့ အဆိုလွှာပါ ရုံးတော်သို့ တင်ပြထားသော စာချုပ်စာတမ်း နှင့်ပတ်သက်၍ ပြသရန်သာ တာဝန်ရှိပြီး တရားပြိုင်ဘက်ကို မိတ္တူကူးပေးရန် တာဝန်မရှိပေ။"
Comments
Post a Comment