အိမ်ထောင်နှစ်ဆက်နှင့် ဩရသ
အိမ်ထောင်နှစ်ဆက် နဲ့ သြရဿသားသမီး ဆက်နွယ်ပုံကို ရှာဖွေဖို့အကြောင်း ရှိလာပါတယ်
ဆရာဦးမြစိန်ရဲ့ မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ မိဘနှစ်ပါးမှာ တဦးဦးက အိမ်ထောင်ကြီးဖြစ်ပြီး ပထမအိမ်ထောင်နဲ့ သားသမီးရရှိခဲ့လို့ရှိရင် ဒုတိယအိမ်ထောင်နဲ့မွေးတဲ့ သားသမီးရဲ့ သြရဿအရာ ဆက်ခံခွင့်ကို ဓမ္မသတ်များပြုစုတဲ့ ပညာရှင်တွေက ထည့်သွင်းမစဥ်းစားခဲ့ဘူးလို့ ဦးဧမောင် ပြုစုတဲ့ မြန်မာဗုဒ္ဓဘာသာဥပဒေ (၁၉၃၇) စာ ၁၇၅ မှာ ဖော်ပြထားကြောင်း ရေးသားထားတာ တွေ့ရပါတယ်
S.C. Lahiri ပြုစုတဲ့ Principles of Mordern Burmese Buddhist Law စာအုပ်ရဲ့ Orasa ခေါင်းစဥ်အောက်မှာ There cannot be two orasas in the same family လို့ ခေါင်းစဥ်ငယ် ခွဲထားပါတယ်
အဲဒီခေါင်းစဥ်ငယ်မှာတော့ တူညီတဲ့မိသားစုတခုမှာ သြရဿသားနဲ့သြရဿသမီး ဒါမှမဟုတ် သြရဿသားနှစ်ယောက် ဒါမှမဟုတ် သြရဿသမီးနှစ်ယောက် မရှိနိုင်ဘူးလို့ Maung Sin Vs. Mrs Kirkwood, 11 L.B.R. 220 (F.B.) စီရင်ထုံးနဲ့ Ma Saw Ngwe Vs. Ma Thein Yin, 1 L.B.R. 198. စီရင်ထုံးမှာ အဆုံးအဖြတ်ပြုထားတယ်လို့ ဖော်ပြထားပါတယ်
U May Oung ပြုစုတဲ့ A Selection of Leading Cases on Buddhist Law စာအုပ်မှာတော့ The Orasa ခေါင်းစဥ်အောက်မှာ Mrs Kirkwood က L.B.R. (F.B.) ရဲ့အဆုံးအဖြတ်ကို ပရီဗွီကောင်စီကို အယူခံဝင်တဲ့ Mrs. Kirkwood. Vs. Maung Sin, 3 Ran., 693(1924) (P.C) စီရင်ထုံးက အဲဒီအဆုံးအဖြတ်ကိုဘဲအတည်ပြုကြောင်း ဖော်ပြထားပါတယ်
အဲဒီတော့ အိမ်ထောင်နှစ်ဆက်နဲ့ သြရဿကိစ္စကို ကျွန်တော်က ဒီလိုစဥ်းစားပါတယ်
- ဖခင်ဖြစ်သူက အိမ်ထောင်နှစ်ဆက်ဖြစ်မယ် ဆိုရင် အစောဆုံးမွေးတဲ့သူဟာ အခြားအရည်အချင်းတွေပြည့်စုံရင် သြရဿ ဖြစ်မယ်
ပထမအိမ်ထောင်နဲ့ သြရဿသား/သမီးအရာ ရောက်ပြီးသူရှိရင် ဒုတိယအိမ်ထောင်နဲ့ မွေးဖွားသူသားသမီးဟာ သြရဿအရာ ရခွင့်မရှိဘူး
- မိခင်ဖြစ်သူက အိမ်ထောင်နှစ်ဆက် ပြုသူဖြစ်ရင်လည်း အဲဒီသဘောအတိုင်းဘဲ
- ဖခင်ဖြစ်သူက အိမ်ထောင်တဆက်ပြုသူဖြစ်မယ် လူပျိုဘဝနဲ့ အိမ်ထောင်ကြီးမိန်းမနဲ့အိမ်ထောင်ကျမယ်ဆိုရင် အဲဒီဖခင်ဖြစ်သူအတွက် သြရဿသားသမီးဟာ သူနဲ့အဲဒီမိန်းမက မွေးဖွားတဲ့ သားသမီးတွေနဲ့ဘဲဆိုင်မယ် မိန်းမဖြစ်သူရဲ့ အရင်အိမ်ထောင်က သားသမီးတွေနဲ့မဆိုင်ဘူး
- မိခင်ဖြစ်သူက အိမ်ထောင်တဆက်ဘဲပြုသူဖြစ်မယ် အပျိုဘဝနဲ့ အိမ်ထောင်ကြီးယောကျ်ားနဲ့ အိမ်ထောင်ကျမယ်ဆိုရင် အဲဒီမိခင်အတွက် သြရဿသားသမီးဟာ သူနဲ့အဲဒီခင်ပွန်းကမွေးတဲ့ သားသမီးတွေနဲ့ဘဲဆိုင်တယ် အရင်အိမ်ထောင်က သားသမီးတွဲနဲ့မဆိုင်ဘူး
အဲဒီလိုစဥ်းစားတော့ ကျွန်တော့အမှုသည်ရဲ့မိခင်ဟာ အပျိုဘဝနဲ့ အိမ်ထောင်ပြုတာ ကျွန်တော့အမှုသည် သမီးကအကြီးဆုံး သူ့အောက်မောင်တယောက်နဲ့ ညီမ ၂ ယောက်ရှိတယ် မိခင်ကွယ်လွန်ချိန်မှာ သြရဿသမီးဖြစ်တယ်လို့ တွက်ဆလို့ရပါတယ်
တကယ်လို့ တရားရုံးက ကျွန်တော့အမှုသည်ရဲ့ဖခင်ဟာ အရင်အိမ်ထောင်နဲ့ သားသမီးတွေရှိတာကြောင့် ကျွန်တော့အမှုသည်ဟာ သြရဿအရာ ရခွင့်မရှိဘူးလို့ ဆုံးဖြတ်ရင် ဒီပြဿနာဟာ ဥပဒေသက်သက်ပြဿနာဖြစ်တာကြောင့် လိုအပ်ရင် အထက်ရုံးအဆင့်ဆင့်ထိ တက်ရောက်အရေးဆိုမယ်လို့ တွက်ဆပါတယ်
အဲဒီတော့ တရားလိုဘက်က ကျွန်တော့အမှုသည်ရဲ့ ဖခင်ကိုဘဲ ကွယ်လွန်သူ ကျွန်တော့အမှုသည်ရဲ့မိခင်အတွက် တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်သွင်းပေးဖို့လျှောက်ထားတဲ့အခါ ကွယ်လွန်သူရဲ့သြရဿသမီးဖြစ်တဲ့ ကျွန်တော့အမှုသည်ကိုပါ တရားဝင်ကိုယ်စားလှယ်အဖြစ် ပူးတွဲထည့်သွင်းပေးဖို့ တရားရုံးကိုလျှောက်ထားပါတယ်
တရားလိုရဲ့ရှေ့နေက ကျွန်တော့အမှုသည်ဟာ ဒုတိယအိမ်ထောင်က မွေးတာကြောင့် သြရဿအခွင့်အရေး မရှိတဲ့အတွက် တရားဝင်ကိုယ်စားလှယ်အဖြစ် မထည့်သင့်ကြောင်း ကန့်ကွက်တင်ပြပါတယ်
တရားရုံးကတော့ ကျွန်တော့အမှုသည်ဟာ မူလကတည်းက အမှုသည်အဖြစ် ပါဝင်ပြီးဖြစ်တာကြောင့် ကွယ်လွန်သူမိခင်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်ဖို့မလိုဘူးလို့ ဆုံးဖြတ်ပါတယ်
တရားရုံးရဲ့အဆုံးအဖြတ်ဟာ ကျွန်တော့အမှုသည်က ကွယ်လွန်သူမိခင်ရဲ့ သြရဿသမီးအဖြစ် အခွင့်အရေး ရတယ် မရဘူးလို့ မဆုံးဖြတ်တဲ့အတွက် အဲဒီအခွင့်အရေးရကြောင်း ကွယ်လွန်သူမိခင်ရရှိမဲ့ဝေစုအပေါ် ၄ ပုံ ၁ ပုံ ရခွင့်ရှိကြောင်း တင်ပြနိုင်တဲ့အခွင့်အရေး ရရှိပါတယ်
ကျွန်တော့အမှုသည်ရဲ့ဖခင်က ကွယ်လွန်သူမိခင်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်သွင်းခံရပြီးတော့ ဖြောင့်ဆိုလွှာ တင်ပါတယ် တရားလိုစွဲဆိုတဲ့အမှုကို စဥ်းစားတဲ့အခါ -
- ဖြစ်စဥ်အရဆိုရင် ကွယ်လွန်သူမုဆိုးမ အပါအဝင် ပူးတွဲပိုင်ရှင် ၅ ဦးခွဲ အဲဒီလိုခွဲလို့ ကွယ်လွန်သူမုဆိုးမ ရရှိမဲ့ဝေစုကို သူ့သားသမီး ၆ ဦး ခွဲဝေရမှာပါ
အဲဒီတော့ မုဆိုးမမိခင်ရမဲ့ဝေစုကို သူ့သားသမီး ၆ ဦး ခွဲဝေရမှာက အမွေစီမံခန့်ခွဲတဲ့ အမှုပုံစံနဲ့မှ ခွဲဝေရမှာပါ ပစ္စည်းခွဲဝေတဲ့အမှုပုံစံနဲ့
ခွဲဝေလို့မရပါဘူး
အဲဒီတော့ တရားလိုစွဲဆိုတာက အချင်းဖြစ်ပစ္စည်းကို ခွဲဝေပေးဖို့စွဲဆိုတာကြောင့် အမှုစွဲဆိုပုံမှားယွင်းပါတယ်လို့ အကြောင်းအချက်တခုအနေနဲ့ ချေဆိုလိုက်ပါတယ်
ဆက်လက်ဖော်ပြပါ့မယ်
Comments
Post a Comment