မြေယာအဝယ်မမှားစေရန်

မြေယာနှင့် အဆောက်အအုံများ အဝယ်မမှားစေဖို့


မြေငှားဂရန်သက်တမ်းကုန် မြေနှင့် အဆောက်အအုံကို

ဝယ်မည်ဆိုလျှင် ဦးစွာပထမအနေဖြင့် မြေငှားဂရန်

သက်တမ်းတိုးဖို့ လိုပေသည်။


 အကယ်၍ မြေကွက် အမည်ပေါက်သူမှာ ကွယ်လွန်သွားပါက

တရားရုံး၏ အမိန့်ဒီဂရီအရဖြစ်စေ၊ အမွေထိန်းစာတို့အရ

ဖြစ်စေ၊ ဂရန်သက်တမ်း တိုးနိုင်ပါသည်။ 


ဂရန်သက်တမ်းတိုးပြီးမှသာ အရောင်းအဝယ် မှတ်ပုံတင်

စာချုပ်ကိုချုပ်ဆိုနိုင်မည် ဖြစ်သည်။ သို့ရာတွင် တရားရုံး၏

အမိန့်ဒီဂရီအရဆိုလျှင် ဂရန်သက်တမ်း ကုန်သော်လည်း

မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုနိုင်ပေသည်။


 ဤသည်နှင့် စပ်လျဉ်း၍

'ဦးစိန့် (၎င်း၏ အထွေထွေကိုယ်စားလှယ်စာရသူ

ဦးဝင်းကျော်) နှင့် ဒေါ်ခင်ငြိမ်း၊

၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၆'

အမှုမှာ

- မန္တလေးတိုင်း တရားရုံးတော်၌ ဒေါ်ခင်ငြိမ်းက ဦးစိန့်အပေါ်

မန္တလေး အနောက်မြောက် မြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊

အကွက် အမှတ် (၃)၊ ဦးပိုင်အမှတ် ၁၂၈ ရှိ

မြေနှင့် ယင်းမြေပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ်တို့ကို

ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ ပေးရန်နှင့် ပဋိဉာဉ်အရ

အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆို ပေးရန် စွဲဆိုရာ

အနိုင်ဒီဂရီ ရရှိခဲ့သည်။


 - ဒေါ်ခင်ငြိမ်းက ယင်းအနိုင်ဒီဂရီကို မန္တလေးတိုင်း တရားရုံး

ဇာရီမှုတွင် အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေး

စေရန်နှင့် တရားစရိတ်များပေးစေရန်အတွက် အတည်ပြု

ဆောင်ရွက်ခဲ့သည်။

- ဦးစိန့်က အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်နှင့် ပတ်သက်၍

အချင်းဖြစ်မြေ၏ ဂရန် သက်တမ်းမှာ ကုန်ဆုံးသွားပြီ

ဖြစ်သောကြောင့် မြေနှင့်စပ်လျဉ်းသည့် အခွင့်အရေး

တစ်စုံတစ်ရာ မရှိတော့၍ ဥပဒေနှင့်အညီ တရားဝင် လွှဲပြောင်း

ရောင်းချနိုင်တော့မည် မဟုတ်ကြောင်းဖြင့် ကန့်ကွက်သည်။


 - တိုင်းတရားရုံးမှ ဦးစိန့်၏ ကန့်ကွက်ချက်ကို လက်မခံ၊

ပယ်လိုက်သဖြင့် ဦးစိန့်မှ တရားရုံးချုပ်သို့ အယူခံဝင်လာခြင်း

ဖြစ်သည်။


 တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ


 - ဒေါ်ခင်ငြိမ်းနှင့် ဦးစိန့်တို့ အရောင်းအဝယ်ပြုလုပ်ခဲ့သည့်

၂၇-၁-၈၄ နေ့က ဂရန် သက်တမ်း ကုန်ဆုံးခြင်း မရှိပေ။


 - သို့ဖြစ်၍ ရောင်းချစဉ်က ဦးစိန့်သည် ဂရန်သက်တမ်း

ကုန်ဆုံးခြင်း မရှိသောမြေကို ရောင်းချခဲ့ပြီး ဒေါ်ခင်ငြိမ်းက

လက်ရောက်ဝယ်ယူခဲ့သည်ဖြစ်၍ တရားဝင် ပိုင်ဆိုင်မှုရှိသော

အခြေအနေတွင် ရောင်းချခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။


 - ထို့နောက်တွင်မှ ဦးစိန့်က မှတ်ပုံတင် အရောင်းအဝယ်

စာချုပ် ပြုလုပ်ချုပ်ဆိုပေးရန် ပျက်ကွက်သဖြင့် ဒေါ်ခင်ငြိမ်းက

တရား စွဲဆိုရခြင်းဖြစ်ရာ


 - နောက်ပိုင်းတွင် ဂရန်သက်တမ်း ကုန်ဆုံး၍ မှတ်ပုံတင်

ပြုလုပ်ပေးရန် အခွင့်အရေး မရှိတော့ကြောင်း ဦးစိန့်၏

ကန့်ကွက်ချက်ကို လက်ခံနိုင်ရန် အကြောင်းမရှိနိုင်ပေ။


 - ဒေါ်ခင်ငြိမ်းက ဦးစိန့် အပေါ် စွဲဆိုခဲ့သော မူလတရားမကြီးမှု

၏ အနိုင်ဒီဂရီမှာ တည်မြဲလျက်ရှိသဖြင့် ဦးစိန့်သည်

ယင်း အမိန့်ဒီဂရီကိုလိုက်နာရန် တာဝန်ရှိသည်။


 - ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့် ဦးစိန့်မှ ဒီဂရီ

အတိုင်း လိုက်နာရန် တာဝန်မရှိဟု ဆိုရန် အကြောင်းမရှိပေ။


 - အရောင်း အဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်တွင်

ဂရန်သက်တမ်းတိုး ရရှိရေးအတွက် ဆောင်ရွက်ရန်မှာ

ဒေါ်ခင်ငြိမ်း၏ တာဝန်သာ ဖြစ်သည်။


 - သို့ဖြစ်၍ ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့်

ဦးစိန့်က အမိန့်ဒီဂရီအတိုင်း အရောင်းအဝယ်စာချုပ် ချုပ်ဆို

ပေးရန် အခွင့်အရေးမရှိဟူသော အချက်မှာ မှန်ကန်မှုမရှိချေ။


 - ထို့ကြောင့် မူလတရား ရုံး၏ အမိန့်ကို အတည်ပြုပြီး

ဤ အယူခံမှုကို ပလပ်လိုက်သည်ဟု ဆုံးဖြတ်ခဲ့ပေသည်။


 ထိုအချက်များကြောင့် မြေဂရန်သက်တမ်း ကုန်သော်လည်း

ဥပဒေနှင့်အညီ အရောင်း အဝယ်ပြုလုပ်နိုင်ကြောင်း

တွေ့ရမည်ဖြစ်သည်။


 ဤတွင် ဆက်စပ်၍ သတိပြုရမည့်အချက်မှာ


'မြေငှား ဂရန်မိတ္တူဖြင့် အရောင်း အဝယ် ပြု ကြသည့်ကိစ္စ'

ဖြစ်သည်။


အကြောင်းအမျိုးမျိုး ကြောင့် မြေငှားဂရန်မူရင်း ပျောက်ဆုံး

သွားပါက သက်ဆိုင်ရာမြို့ပြ မြေယာဌာနတွင် မြေငှားဂရန်

မိတ္တူ ထုတ်ပေးရန် လျှောက်ထားနိုင်သည်။


 ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး

ကော်မတီ မြို့ပြမြေယာဌာနတွင် လည်းကောင်း၊

မြို့ရွာ အိုးအိမ်ဦးစီးဌာနတွင် လည်းကောင်း လျှောက်ထား

နိုင်ပါသည်။ 


ထိုကဲ့သို့မြေငှားဂရန် မိတ္တူ လျှောက်ထားရာတွင်

- အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမည် ဖြစ်ပြီး

- ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် စာတမ်းများ၊

- ရဲစခန်း တိုင်တန်းချက်တို့နှင့်အတူ သက်ဆိုင်ရာသို့

လျှောက်ထားရသည်။


အကယ်၍ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားပါက


 - တရားရုံး၏ အမိန့်ဒီဂရီ အရ ဖြစ်စေ၊

- အမွေထိန်းစာတို့အရ ဖြစ်စေ မြေငှားဂရန်မိတ္တူကို

လျှောက်ထားနိုင်ပေသည်။


အဆိုပါလျှောက်ထားချက်ကို သက်ဆိုင်ရာ မြေယာဌာန

သို့မဟုတ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

က သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့် ပိုင်ဆိုင်မှု

အထောက်အထားများကိုပြည့်စုံမှု ရှိ၊ မရှိ စိစစ်ပြီး

လက်ခံ ဆောင်ရွက်ပေး ပါသည်။


 ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ

မြေငှားဂရန်မိတ္တူ ထုတ်ပေးနိုင်ရန်အတွက် ကန့်ကွက်လိုပါက

ကန့်ကွက်နိုင်ရန် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင်

ကြော်ငြာတစ်လ ထုတ်ပြန် ပါသည်။


 ကြော်ငြာတစ်လထုတ်ပြန်ပြီး ကန့်ကွက်သူမရှိပါက

မြေစာရင်းနှင့် ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊ စာချုပ်စာတမ်းများ၊

တရားရုံး ၏ အမိန့်ဒီဂရီများကို စိစစ်ကာ သက်ဆိုင်ရာမှ

လျှောက်ထားသူအား မူလဂရန်အမည်ပေါက်ဖြင့် ဂရန်မိတ္တူကို

ထုတ်ပေးပါသည်။


 ဤတွင်ဖြစ်တတ်သည်မှာရောင်းသူအနေဖြင့်မြေငှားဂရန်

မူရင်းကိုပေါင်နှံထားပြီးပျောက်ဆုံးသည်ဟုဆိုကာဂရန်မိတ္တူကို

လိမ်လည်လျှောက်ထား ရယူတတ်ကြသဖြင့် အထူး ဂရုပြုဖို့

လိုအပ်ပေသည်။ 


မိတ်ဆွေတစ်ဦးက ၎င်း ၏အတွေ့အကြုံကို ပြောပြရာတွင်


 - ၎င်းဝယ်ယူသောမြေကွက်၏ မူရင်းဂရန်ကို ရောင်းချသူ

မြေရှင်က ဘဏ်တွင်ပေါင်နှံထားသည်။


 - မိတ်ဆွေက ပေါင်နှံထားမှန်းမသိဘဲမြေရှင်ပြသသည့်

ဂရန်မိတ္တူပေါ် အခြေတည်၍ မြေကွက်နှင့် အဆောက်အအုံ

ကို ဝယ်လိုက်သည်။


 - နောက်ပိုင်း ဘဏ်က ချေးငွေ အကြွေး မပေးဆပ်သဖြင့်

မြေကွက်ကို ဝရမ်းကပ်မှ အခြေအနေမှန်ကို

သိရတော့သည်။


 - မိတ်ဆွေသည် ရောင်းသူကို ဆက်သွယ်ရှာသော်လည်း

မတွေ့တော့သဖြင့် နောက်ဆုံးတွင် ၎င်းကိုယ်တိုင်ကပင်

ဘဏ်ချေးငွေကို ပေးဆပ်ခဲ့ရသည်ဟု ပြောဖူးပါသည်။


 ထို့ကြောင့် မြေငှားဂရန် မိတ္တူဖြင့် အရောင်းအဝယ်ပြုပါက

ဝယ်သူအနေဖြင့် အဝယ်မမှားစေရန်

သက်ဆိုင်ရာ မြေယာဌာန (ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော်

စည်ပင်သာယာရေးကော်မတီ မြေယာ ဌာန) သို့ မြေကွက်နှင့်

စပ်လျဉ်း၍ သေချာစုံစမ်းစိစစ်ပြီးမှ ဝယ်သင့်ပါသည်။


 ထို့ပြင် အဆိုပါမြေကွက်ကို အရောင်းအဝယ်ပြုလုပ်ရန်

နှစ်ဖက်သဘော တူညီကြကာ စရန်ငွေတစ်စိတ်တစ်ပိုင်း

ပေးချေ ပြီးပါက အဆိုပါမြေကွက်အရောင်း အဝယ်ကို

ကန့်ကွက်ရန် ရှိ၊ မရှိ နေ့စဉ်ထုတ် သတင်းစာတွင်

ထည့်သွင်း ကြေညာသင့်ပေသည်။


 အရောင်းအဝယ်စာချုပ် ချုပ်ဆိုလျှင်လည်း အရှုပ်အရှင်း

တစ်စုံတစ်ရာ ရှိပါက ရောင်းသူက ဖြေရှင်းပေးရန်နှင့်

ဝယ်သူ၏ နစ်နာကြေးကို ပေးလျော်မည်ဖြစ်ကြောင်း

ဝန်ခံကတိစာချုပ် ချုပ်ဆို သင့်ပါသည်။

Comments