ချေးငွေအမှု

ချေးငွေအမှု

ဦးချစ်မောင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပါ ၂ အမူ၊ ၁၉၈၁ ခုနှစ်

မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ ၂၁ တွင်-

" ငွေကို လုံးစပြန်မဆပ်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ စွဲဆိုရာ ချေးယူသည့် ငွေကိုပြန်ဆပ်ရန် မရည်ရွယ်ပဲ ပြန်ဆပ်မည်ဖြစ်ကြောင်းယုံကြည်အောင် ပြုမူလျက် တမင်လှည့်ဖြားပြီးငွေထုတ်ရယူလျှင် လိမ်လည်မူမြောက်နိုင်သည်" 

 ချေးငွေကိစ္စ သို့မဟုတ် လိမ်လည်မှုအတွက် သက်သေခံဥပဒေ

သက်သေခံဥပဒေ ပုဒ်မ (၈)ဥပမာ(ခ)တွင် -

 " A က B ထံမှ ငွေချေးစာချုပ်အရ ငွေရရှိရန် တရားစွဲသည်။ B က စာချုပ်ကို မချုပ်ဆို ရကြောင်း ငြင်းဆိုသည်။ စာချုပ်ကို ချုပ်ဆို သည်ဆိုသော အချိန်က B သည် အကြောင်း ကိစ္စ တစ်ခုအတွက် ငွေ အသုံးလိုနေကြောင်း အကြောင်းခြင်းရာသည် စပ်ဆိုင်သည်" ဟူ၍ပါရှိသည်။


ငွေရလိုမှု သို့မဟုတ် ငွေလိမ်လည်မှုများတွင် အရင်ဆုံးနိဒါန်းအနေဖြင့် ဆိုလျှင် တရားခံက ငွေလိုအပ်နေကြောင်း ဆိုတာ တင်ပြဖို့ လိုအပ်သည်။

ဂျိုးဇက် နှင့် အစိုးရ အတွဲ ၃ ရန်ကုန် စာ ၁၁ အမူတွင်  " ငွေကြေးအခက်အခဲ နှင့် ရင်ဆိုင်နေရသည် ဆိုသောအချက်ကို ပြစ်မူကျူးလွန်ရခြင်း၏ ရည်မှန်းချက် အဖြစ် တင်ပြနိုင်သည်" ဟူ၍ ဆုံးဖြတ်ခဲ့သည်။


သူများငွေယူပြီး နူတ်ပိတ်နေတာ၊ တနည်းပြောရရင် တိတ်ဆိတ်နေတာ သည်လည်း သက်သေခံဥပဒေ အရ သက်သေခံဝင်သည်။

သက်သေခံဥပဒေ ပုဒ်မ(၈)ဥပမာ(ဆ)တွင် -

 " ပြဿနာမှာ A က B သို့ ငွေ ၁၀၀၀၀ ကြွေးဆပ် ရန် ရှိမရှိ ဖြစ်သည်။ A က မိမိအား ငွေချေးရန် C အားပြောဆိုခြင်း၊ D သည် A ရှေ့၊ A ကြား အောင် " A ကို မယုံနဲ့ ၊ သူ့မှာ B သို့ ပေးဆပ်ရန် ကြွေး ကျပ် ၁၀၀၀၀ ရှိနေတယ်" ဟူ၍ C အားပြောဆိုခြင်း ၊ ထိုသို့ ပြောဆိုသည်ကို A က မည်သို့မျှ စကားတုံပြန် ပြောဆိုခြင်း မပြုဘဲ၊ ထွက်ခွာသွားခြင်း တို့မှာ စပ်ဆိုင်သည်" ဟူ၍ ဖော်ပြပေးထားတယ်။  ယခုကဲ့သို့ ဆိတ်ဆိတ်နေတာဟာ ငွေယူထားတယ် လို့ ပေါ်လွင်ပြီးဖြစ်နေတယ်။

နိုင်ငံတော် နှင့် ဦးဓ္ဓမပါလ အတွဲ ၁၄ ရန်ကုန် စာ ၆၆၆ အမှုတွင် -

 " ဆိတ်ဆိတ်နေခြင်းသည် သက်ဆိုင်သည့် အမူအရာဖြစ်သည်။ အခြားလူတစ်ဦးအား တရားခံသည် ရန်မူသူဖြစ်ကြောင်း ပြောဆိုပါလျှင် တရားခံက တစ်စုံတစ်ရာ ငြင်းဆိုခြင်း မပြုလျှင် ယင်းပြောဆိုချက်သည် သက်သေခံ ဥပဒေပုဒ်မ ၈ ဥပမာ(ဆ)အရ သက်သေခံဝင်သည် " ဆိုပြီး ဆုံးဖြတ်ထားသည်။

ထို့အပြင် ငွေရလိုမှုများ ကို လိုက်ပါတော့မည် ဆိုလျှင် သိထားဖို့ တစ်ခုရှိပါသည်။

ယင်းသည် မရိုးမဖြောင့်တဲ့ သဘောနဲ့ ငွေယူတာ လားဆိုတဲ့ အချက်ပဲ။ 

ဦးချစ်မောင် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပါ ၂ အမူ၊ ၁၉၈၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၂၁ ကို လေ့လာလျှင် သဘောပေါက်နားလည်ပါမည်။ အထက်မှာလည်း တင်ပြပေးထားပါတယ်။

 တရားခံ၏ ရည်ရွယ်ချက်ကို ပေါ်လွင်ဖို့ အရမ်းအရေးကြီးပါသည်။

ရာဇသတ်ကြီးပုဒ်မ ၂၄ တွင်-

" မတရားရယူစေရန် အကြံနှင့် ဖြစ်စေ၊ မတရားဆုံးရူံးစေရန် အကြံနှင့် ဖြစ်စေ မည်သူမဆိုတစ်ဦး တစ်ယောက်သောသူအား ပြုလျှင် ထိုသူသည် မရိုးမဖြောင့် ပြုသည် မည်၏ "ဟူ၍ပြဌာန်းပေးထားသည်။

 လူတစ်ယောက်ရဲ့ အကြံဟာ ဘယ်လိုရှိတယ်ဆိုတာ သက်သေပြဖို့မလွယ်ဘူး။ တရားခံရဲ့ပြုမူဆောင်ရွက်ချက် အပေါ် ခန့်မှန်းပြီး ဆုံးဖြတ်ရမယ် ဆိုပြီး ဦးသန်းနိုင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ ၁၉၆၆၊မတစ ၊စာ ၁၆၀၉ တွင် ဆုံးဖြတ်ပေးထားသည်။

အဲ့ဒီတော့ စိတ်အကြံတွေနဲ့ ပတ်သက်ပြီး သက်သေခံဥပဒေပုဒ်မ ၁၄ ကို လေ့လာဖို့ လိုအပ်တယ်။ ဥပမာ (စ)ကို ဖတ်ကြည့်ပါ။

လိမ်လည်လိုတဲ့သဘော ၊မရိုးမဖြောင့်တဲ့ သဘောမပါဘူး ဆိုရင် တရားမကြောင်းနဲ့ပဲ တရားစွဲလို့ရတယ်။

ဦးသက်လယ် နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ၁၉၈၃၊စာ ၁၄၁၊

 ဦးလှရီပါ ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါ ၂၊ ၁၉၉၆၊ စာ ၁၉၉၊ 

မစ္စတာဒီရာဖီးလ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ၁၉၅၃၊ စာ ၂၈၀၊ 

ဦးညိုကြီး နှင့် ပထစ၊စာ ၁၉၇၈၊ စာ ၂၇၊ 

ဦးသိန်းမောင် နှင့် ဒေါ်အေးအေးကြည် ၁၉၆၈ စာ ၆၃၊ 

ဒေါ်အေးအေးပြုံး ပါ ၂ နှင့် ပထစ ၂၀၀၁ စာ ၁၀၅ 

စသည့် အမှုများတွင်ဆုံးဖြတ်ပေးထားသည်။

သက်သေခံဥပဒေပုဒ်မ ၁၀၂ ဥပမာ(ခ)တွင် -

" ခံဝန်ချုပ်ပါ ငွေကို ရလိုကြောင်း နှင့် A က B ကို တရားစွဲသည်။ ခံဝန်ချုပ်ချုပ်ဆိုကြောင်းB က ဝန်ခံသော်လည်း A က လိမ်လည်သဖြင့်ချုပ်ဆိုခဲ့ပါသည်ဟု B ကပြောသည်။ A ကလည်း စာချုပ်ချုပ်ရန် လိမ်လည်ခဲ့ခြင်း မရှိပါဟု ငြင်းဆိုသည်။ မည်သည့် ဘက်ကမျှသက်သေထင်ရှားမတင်ပြလျှင် ခံဝန်ချုပ်ချုပ်ဆိုကြောင်း အငြင်းပွားခြင်း မရှိသည့် အပြင်လိမ်လည်ကြောင်း သက်သေထင်ရှား မရှိသဖြင့် A က အမူတွင် အနိုင် ရပေလိမ့်မည်" ဆိုပြီး ဖော်ပြထားသည်။

Comments