မြေခွန်စည်းကြပ်သည့်အချိန်
မြေခွန်စည်းကြပ်သည့်အချိန်ကာလ
ယခုအချိန် ကျွန်တော်တို့ ရုံးတွေမှာ ကောက်ကြီးမြေခွန်ပြေစာရေးသားမှု အမြန်ပြီးလို့ ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် ဆုပေးပွဲလေးတွေ ပြုလုပ်တဲ့ လေးစားဖွယ် ဓလေ့လေးကို အချို့ရုံးတွေမှာ တွေ့နေရပါတယ်။ အရင်တုန်းကတော့ ရုံးတိုင်းမှာ နှစ်စဥ်နီးပါးပြုလုပ်ကြပါတယ်။ အခုတော့ ဌာနရဲ့ ပင်မအလုပ်တွေအပြင် အခြား ကော်မတီ၊ အဖွဲ့အလုပ်တွေ၊ ကြိုတင်မမျှော်မှန်းနိုင်တဲ့ အလုပ်တွေနဲ့ဆိုတော့ ရုံးအနည်းငယ်ပဲ ကျင်းပနိုင်တာကို တွေ့ရပါတယ်။
ဒီအချိန်က မိုးဦးနဲ့ မိုးလယ်များမှာ စိုက်ပျိုးခဲ့တဲ့ သီးနှံတော်တော်များများ ရိတ်သိမ်းပြီးသွားတဲ့ အချိန်ဖြစ်တဲ့အတွက် အောင်မြင်ဖြစ်ထွန်းတဲ့ သီးနှံများအပေါ် မြေခွန်၊ ရေခွန်၊ တာတမံခွန်များ စည်းကြပ်ရတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ မည်သည့်ဥပဒေတွေအရ မည်သို့စည်းကြပ်ရသလဲဆိုတာနဲ့ မြေခွန်၊ ရေခွန်၊ တာတမံခွန်ပြေစာများကို မည်သည့်အချိန်မှာ ပြီးစီးအောင် ရေးပေးရမလဲဆိုတာကို သိဖို့ လိုအပ်လာပါပြီ။
မြေခွန်စည်းကြပ်မှုက ပြောင်းလဲမသွားသော်လည်း ရေခွန်ကိုတော့ ၂၀၁၇ခုနှစ်၊ ရေခွန်နှင့် တာတမံခွန်ဥပဒေအရ စည်းကြပ်ရတာတော့ ပြောင်းလဲသွားပါတယ်။ တချို့က မြေခွန်ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက ပြေစာရေးပြီး ဒီဌာနက ကောက်ခံရရှိတယ်လို့ ထင်ကြပါတယ်။ ဌာနရဲ့ ဝင်ငွေထဲကို ရောက်တယ်လို့ထင်ကြပါတယ်။ မဟုတ်ပါဘူး။ အောက်မြန်မာပြည် မြေခွန်နည်းဥပဒေ အပိုဒ်-၈၁(က)နှင့် အထက်မြန်မာပြည်မြေခွန်စည်းမျဉ်းနည်းဥပဒေအပိုဒ်-၁၄၈(ခ)အရ ရေးတဲ့ မြေခွန်ပြေစာများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ပေးပို့အပ်နှံပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံရတာဖြစ်ပါတယ်။ ရေခွန်ပြေစာများကိုတော့ ၂၀၁၇ခုနှစ်၊ ရေခွန်နှင့် တာတမံခွန်ဥပဒေအရ ရေးသားပြီး မြို့နယ်ရေခွန်နှင့်တာတမံခွန်စည်းကြပ်ကောက်ခံရေးအဖွဲ့ထံ အပ်နှံရပါမယ်။
#မိုးရာသီ
မိုးရာသီအတွက် စည်းကြပ်ရတဲ့ မြေခွန်ပြေစာများကို
(က) နိုဝင်ဘာလ(၃၀)ရက်နေ့မှာ ပထမအရစ်
ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ဒုတိယအရစ်
ဇန်နဝါရီလ(၃၁)ရက်နေ့မှာ တတိယအရစ်
(ခ) မိုးရာသီအတွက် စည်းကြပ်ရတဲ့ ရေခွန်၊တာတမံခွန်ပြေစာများကို
ဒီဇင်ဘာလ(၃၁)ရက်မှ ဇန်နဝါရီလ(၃၁)ရက်အတွင်း ရေးသားအပ်နှံရပါမယ်။
#နွေရာသီ
နွေရာသီအတွက် စည်းကြပ်ရတဲ့ မြေခွန်ပြေစာများကို
(က) အောက်မြန်မာပြည် ဧပြီလ(၁)ရက်နေ့မှာ အပြီး
အထက်မြန်မာပြည် ဧပြီလ(၁၅)ရက်နေ့မှာ အပြီး
(ခ) နွေရာသီအတွက် စည်းကြပ်ရတဲ့ ရေခွန်၊တာတမံခွန်ပြေစာများကို
မေလ(၃၁)ရက်မှ ဇွန်လ(၃၀)ရက်အတွင်း ရေးသားအပ်နှံရပါမယ်။
မြို့မြေများကဲ့သို့ မြေငှားဂရန်ထုတ်ပေးထားမှုအပေါ် မြေခွန်စည်းတဲ့အခါမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနကို ဦးပိုင်မှတ်ပုံစာရင်း(၁-က) မှာ လိုက်နာရန် အကြောင်းကြားတဲ့စာသည် နှစ်စဉ်ဒီဇင်ဘာလ(၁)ရက်နေ့အတွင်းမှာ အကြောင်းကြားစာရရှိတဲ့ မြေများကိုပဲ မြေငှားဂရန်ခွန်စည်းကြပ်ဖို့ ပြေစာရေးသားရပါမယ်။ ဒိနောက်မှ အကြောင်းကြားလာတဲ့ မြေများကို နောက်နှစ်ကျမှပဲ မြေငှားဂရန်ခွန်စည်းကြပ်ဖို့ ပြေစာရေးသားရပါမယ်။
ဒါကြောင့် ကျွန်တော်တို့ဌာနရဲ့ ပင်မလုပ်ငန်းတစ်ခုဖြစ်တဲ့ နှစ်စဉ်ရေးသားပေးရတဲ့ မြေခွန်၊ ရေခွန်၊ တာတမံခွန်စည်းကြပ်ရမယ့် အချိန်များကို သတိမူနိုင်ပြီး ပြေစာရေးသားမှုကို သတ်မှတ်တဲ့ အချိန်အတွင်းမှာ ပြီးစီးအောင် ရေးသားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
(သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို အစဥ် လေးစားလျှက်)
Ko Cho ( Pauk )
4.1.2021
Comments
Post a Comment