အမှုရုပ်သိမ်းခြင်း
#အမှုရုပ်သိမ်းခြင်း(၃)
--15-9-1975 ရက်နေ့တွင် #ပြည်သူတရားသူကြီးအဖွဲ့ညွှန်ကြားချက်အမှတ်(၁၁)ကို ထုတ်ပြန်ခဲ့
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုပ်သိမ်းခြင်း (က)#ရုပ်သိမ်းခွင့်ပြုရန်လျှောက်လွှာလက်ခံခြင်း။ ။တရားရုံးသည် မိမိစစ်ဆေးနေဆဲ မည်သည့်ပြစ်မှုတွင်မဆို
ရုပ်သိမ်းခွင့်ပြုရန် လျှောက်ထားသည့်ကိစ္စများ၌ အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည်--
(1)အမှုကိုရုပ်သိမ်းရေးအတွက် ဥပဒေဝန်ထမ်းက တရားစီရင်ရေးအဖွဲ့သို့ လျောက်ထားလာလျှင် လက်ခံစဉ်းစားရမည်
(2)အမှုများကို ရုပ်သိမ်းခွင့်ပြုရန် အမှုသည်များထံမှ တိုက်ရိုက်တင်ပြသော လျှောက်လွှာများကို လက်ခံစဉ်းစားခြင်း မပြုရ
(3) အမှုသည်များထံမှ တိုက်ရိုက်လျှောက်ထားလာလျှင် လျှောက်လွှာကို သက်ဆိုင်ရာရဲတပ်ဖွဲ့/တရားစွဲအဖွဲ့အစည်းသို့ ို့ပေးပို့ရမည်။
(ခ)#ရုပ်သိမ်းခွင့်ပြုရန်လျှောက်လွှာများကိုစိစစ်ခြင်း။ ။ဥပဒေဝန်ထမ်းက တင်ပြသည့် အမှုရုပ်သိမ်းရေးကိစ္စများကို နိုင်ငံတော်ကောင်စီက ချမှတ်ထားသောလမ်းညွှန်ချက်(#အမှုရုပ်သိမ်းခြင်း ကြည့်)နှင့်ညီ မညီ ကြည့်ရှု့ရမည်။ မညီညွတ်ပါက ဥပဒေဝန်ထမ်းထံ လျှောက်လွှာပြန်ပေးရမည်။
(ဂ)#တရားစီရင်ရေးအဖွဲ့ကအမှုရုပ်သိမ်းခွင့်ပြုသင့်မပြုသင့် #ဆုံးဖြတ်ရာ၌ #အခြေခံစဉ်းစားသုံးသပ်ရမည့်အချက်များ
(1)အောက်ပါအခြေအနေတစ်ရပ်ရပ်ကြောင့် အမှုရုပ်သိမ်းခွင့် တောင်းခံခြင်း ဟုတ် မဟုတ် သုံးသပ်ရမည်--
(ကက)တရားလိုဘက်က ပြစ်မှုထင်ရှားပေါ်လွင်အောင် သက်သေနှင့် သက်သေ အထောက်အထား မတင်ပြနိုင်ခြင်း
(ခခ)အမှုကို တရားစွဲတင်ပြီးမှ စွပ်စွဲခံရသူတစ်ဦးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ သက်သေအဖြစ်ပြောင်းလဲအသုံးပြုရန် အကြောင်းပေါ်ပေါက်လာလျှင် အဆိုပါစွပ်စွဲခံရသူအပေါ်တွင် စွဲဆိုသောအမှုကို ရုပ်သိမ်းရန်လိုအပ်လာခြင်း
(ဂဂ)အမှုကို စစ်ဆေးနေစဉ်အတွင်း အမှုသည်များသည် သွေးရင်းသားရင်းများဖြစ်နေကြ၍ အမှန်တရားကို ထုတ်ဖော်ပြောဆိုမည် မဟုတ်သောကြောင့် အမှုကို ဆက်လက်စစ်ဆေးခြင်းအားဖြင့် အကျိုးထူးဖွယ်ရာမမြင်ခြင်း
(2)ရုပ်သိမ်းခွင့်ပြုခြင်းအားဖြင့် အလားတူအမှုမျိုး တိုးတက်ဖြစ်ပွားလာစေရန် အကြောင်းရှိ မရှိ စဉ်းစားသုံးသပ်ရမည်။
(3)အထက်ပါအချက်များအပြင် သက်ဆိုင်ရာ ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၏ သဘောထားမှတ်ချက်ကိုလည်း ဂရုပြု၍ထည့်သွင်းစဉ်းစားရမည်။
(ဃ)#ရုပ်သိမ်းခွင့်ပြုမပြုဆုံးဖြတ်ခြင်း ။ ။တရားစီရင်ရေးအဖွဲ့သည် အထက်ပါ အပိုဒ်ခွဲ(ခ) နှင့် (ဂ)တို့အရ စိစစ်သုံးသပ်ပြီးနောက် အမှုရုပ်သိမ်းခွင့်ပြုရေးနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆုံးဖြတ်ရမည်။
(င)#ဝန်ကြီးအဖွဲ့ကရုပ်သိမ်းလိုသောအမှုများ ။ ။နိုင်ငံတော်အတွက် အရေးကြီးသောအရေးကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍လည်းကောင်း ဝန်ကြီးအဖွဲ့က ရုပ်သိမ်းလိုသောအမှုများ ရှိနိုင်ပါသည်။ထိုအမှုမျိုးကို ရုပ်သိမ်းရေးအတွက် ဆောင်ရွက်ရန် ဝန်ကြီးအဖွဲ့သည် သက်ဆိုင်ရာပြည်သူကောင်စီအဆင့်ဆင့်သို့ အကြောင်းကြားပါမည်။ထိုကဲ့သို့သောအမှုကို ရုပ်သိမ်းရန်တင်ပြလာလျှင် ဝန်ကြီးအဖွဲ့၏ ညွှန်ကြားချက်အရ ရုပ်သိမ်းသောအမှုဟုတ် မဟုတ် တရားစီရင်ရေးအဖွဲ့က စိစစ်ရမည်။ဝန်ကြီးအဖွဲ့၏ ညွှန်ကြားချက်အရ ရုပ်သိမ်းသောအမှုဖြစ်ကြောင်း တွေ့ရှိလျှင် ရုပ်သိမ်းခွင့်ပြုရမည်။
(စ)#ရုပ်သိမ်းခွင့်ပြုသောအခါဆောင်ရွက်ခြင်း
(1)အမှုကို ရုပ်သိမ်းခွင့်ပြုသည့်အခါ တရားစီရင်ရေးအဖွဲ့က စဉ်းစားခဲ့သော အချက်အလက်များကိုလည်းကောင်း၊ မည်သည့်အတွက် ရုပ်သိမ်းခွင့်ပြုရကြောင်းကိုလည်းကောင်း ဖော်ပြ၍ အမိန့် ရေးသားချမှတ်ရမည်။ဆောင်ရွက်ချက်ကို အမှုတွဲနေ့စဉ်မှတ်တမ်း၌ ရေးမှတ်ရမည်။
(2)အမှုကို ရုပ်သိမ်းခွင့်ပြုသောအခါ--
(ကက)စွဲချက်မတင်ရသေးသောအမှုဖြစ်ပါက
စွပ်စွဲခံရသူအား ပြန်လွှတ်ထားရမည်
(ခခ)စွဲချက်တင်ပြီးသောအမှု ဖြစ်ပါက
စွပ်စွဲခံရသူအား အပြီးအပြတ်လွှတ်ရမည်
(ဂဂ)စွဲချက် သီးခြားတင်ရန်မလိုသော သာမန်မှုစစ်ဆေးနည်းဖြင့် စစ်ဆေး သည့်အမှုများ၌ စွပ်စွဲခံရသူအား အပြီးအပြတ်လွှတ်ရမည်
(ဆ)#ရုပ်သိမ်းခွင့်မပြုသောအခါဆောင်ရွက်ခြင်း
(1)အမှုကို ရုပ်သိမ်းခွင့်မပြုလျှင် မည်သည့်အတွက်ရုပ်သိမ်းခွင့်မပြုကြောင်း ဖော်ပြ၍ အမိန့်ရေးသား ချမှတ်ရမည်။ဆောင်ရွက်ချက်ကို အမှုတွဲနေ့စဉ်မှတ်တမ်း၌ ရေးမှတ်ရမည်
(2)အမှုကို ရုပ်သိမ်းခွင့်မပြုလျှင် ဆက်လက်စစ်ဆေးရမည်
(ဇ)#အမှုတစိတ်တဒေသကိုသာရုပ်သိမ်းသည့်အခါဆောင်ရွက်ခြင်း
(1)စွပ်စွဲခံရသူတစ်ဦးကိုဖြစ်စေ၊အချို့ကိုဖြစ်စေ စွဲဆိုထားခြင်းမှ ရုပ်သိမ်းလျှင် ကျန်စွပ်စွဲခံရသူများအပေါ် ဆက်လက်စစ်ဆေးရမည်။စွဲဆိုထားခြင်းမှ ရုပ်သိမ်းခွင့်ပြုလိုက်သောသူများနှင့် ပတ်သက်၍ အထက် အပိုဒ်ခွဲ (စ)ပါအတိုင်း ဆောင်ရွက်ရမည်။
(2)စွဲဆိုချက်တစ်ရပ်ကိုဖြစ်စေ အချို့ကိုဖြစ်စေ ရုပ်သိမ်းခြင်းဖြစ်လျှင် ကျန်စွဲဆိုချက်များဖြင့် ဆက်လက်စစ်ဆေးရမည်။
#အမှုရုပ်သိမ်းရေးနှင့်ပတ်သက်သောအမိန့်အပေါ်ပြင်ဆင်မှုစီရင်ပိုင်ခွင့်
အမှုရုပ်သိမ်းရေးနှင့်ပတ်သက်၍ ချမှတ်သောအမိန့်အပေါ်တွင် မကျေနပ်သူသည် အဆင့်မြင့်သောတရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားနိုင်သည်။အဆင့်မြင့်သောတရားရုံးသည် မကျေနပ်သူ၏လျှောက်ထားချက်အရလည်းကောင်း၊ မိမိ၏စစ်ဆေးတွေ့ရှိချက်အရသော်လည်းကောင်း ဆိုင်ရာ အမှုတွဲကို တောင်းခေါ်ကြည့်ရှု့၍ ကျေနပ်ဖွယ်ရာမတွေ့ရှိလျှင် ပြင်ဆင်မှုဖွင့်လှစ်ရေးအတွက် အောက်ပါအတိုင်းဆောင်ရွက်ရမည်--
(က)ရုပ်သိမ်းခွင့်ပြုထားသောအမှု၌ စွပ်စွဲခံရသူအား အပြီးအပြတ်လွှတ်သောအမိန့် ချမှတ်ထားလျှင် ယင်းအမိန့်အပေါ် ပြင်ဆင်မှုစီရင်ပိုင်ခွင့်မှာ ပြည်သူတရားသူကြီးအဖွဲ့၌သာ ရှိသဖြင့် အမှုတွဲကို ဗဟိုတရားရုံးသို့ တင်ပြရမည်
(ခ)ရုပ်သိမ်းခွင့်ပြုထားသောအမှု၌ စွပ်စွဲခံရသူအား ပြန်လွှတ်ထားသောအမိန့် ချမှတ်ထားလျှင် ယင်းအမိန့်များအပေါ် ပြင်ဆင်မှုကို အဆင့်မြင့်သော တရားသူကြီးအဖွဲ့အသီးသီးက စီရင်နိုင်သည်။
(ဂ)ပြင်ဆင်မှု၌ တရားစီရင်ရေးအဖွဲ့သည် ဥပဒေနှင့်အညီ သင့်လျော်သော အမိန့်များကို ချမှတ်နိုင်သည်။
#KK မှတ်ချက်။ ။ဥပဒေဝန်ထမ်း တရားစီရင်ရေးအဖွဲ့ နိုင်ငံတော်ကောင်စီ ပြည်သူကောင်စီအလုပ်အမှုဆောင်အဖွဲ့ ဝန်ကြီးအဖွဲ့ ပြည်သူတရားသူကြီးအဖွဲ့ ဗဟိုတရားရုံး စသည်စကားလုံးတို့ကို အစားထိုးဖတ်ရှု့ရန်
#အမှုရုပ်သိမ်းခြင်း(၄)
--#အရပ်သားကဦးတိုက်လျှောက်ထားမှုသည်
#မကျေအေးနိုင်သည့်သို့မဟုတ်ရဲအရေးပိုင်သည့်ဝရမ်းမှုဖြစ်လျှင် #တရားလိုကပြန်လည်ရုပ်သိမ်းခြင်းမပြုနိုင်။ ။မကျေအေးနိုင်သည့် သို့မဟုတ် ရဲအရေးပိုင်သည့် ဝရမ်းအမှုများ စစ်ဆေးစီရင်ရာ၌
ဆောင်ရွက်ရန် ဥပဒေပြဌာန်းချက်များ၊ ချမှတ်ထားသည့်မူသဘောများအရ ဦးတိုက်စွဲဆိုသည်ဖြစ်စေ၊ အခြားနည်းစွဲဆိုသည်ဖြစ်စေ ယင်းအမှုများကို လိုက်ပါဆောင်ရွက်ရန် နောက်ဆုံးတာဝန်သည် နိုင်ငံတော်အပေါ် ကျရောက်သည်။ ပြစ်မှုကျူးလွန်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ဥပဒေယန္တယားစတင်လည်ပတ်သည်နှင့် တပြိုင်နက် လည်ပတ်နေသည့်အရှိန်ကို ရပ်ဆိုင်းနိုင်သည့် အခွင့်အရေးသည် နိုင်ငံတော်အပေါ်သာ တည်ရှိသည်။အရပ်သားတစ်ဦးတစ်ယောက်အပေါ် မတည်ရှိပါ။
#မောင်သူတော်နှင့်ဦးဘိုးညွှန့်(အတွဲ ၈ ရန်ကုန် စာ ၁၃၆)
--#ဦးတိုက်လျှောက်လွှာကိုပြန်လည်ရုပ်သိမ်းခြင်း
#မည်သည့်အခါခွင့်ပြုနိုင်ခြင်း။ ။သာမ္မာန်မှုများ၌သာ ဦးတိုက်လျှောက်လွှာကို ပြန်လည်ရုပ်သိမ်းခွင့် ပြုနိုင်သည်။ ဝရမ်းမှုများတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ဥပဒေအရာရှိက မဟုတ်ဘဲ စွဲဆိုသူတရားလိုက ဦးတိုက်လျှောက်လွှာ ပြန်လည်ရုပ်သိမ်းသည်ကို တရားရုံးက ခွင့်ပြုသောအမိန့်သည် အထင်အရှား ဥပဒေနှင့်မညီ။
#ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်မောင်ပြည်ထွန်း(၁၉၅၉ မတစ လွှတ်တော် စာ ၃၁၀)
#အမှုရုပ်သိမ်းခြင်း
#ဥပဒေအရာရှိကစွဲချက်ကိုပြန်လည်ရုပ်သိမ်းခြင်း
#တရားရုံးကသဘောတူရန်လိုအပ်ခြင်း
#ရုပ်သိမ်းသည်ကိုခွင့်ပြုခြင်း(သို့မဟုတ်)#ငြင်းပယ်ခြင်းအတွက်
#အကြောင်းပြချက်များရေးမှတ်ရခြင်း
#ဆင်ခြင်တုံဥာဏ်ကိုဥပဒေနှင့်အညီသုံးစွဲရခြင်း။ ။ပြည်ထောင်စုရှေ့နေချုပ်မှတစ်ပါး အမှုလိုက်ဥပဒေအရာရှိသည် အကြောင်းပြချက်မပေးဘဲ၊ တရားရုံး၏သဘောတူညီချက်မရဘဲ တရားစွဲဆိုထားသည့်အမှုကို မရုပ်သိမ်းနိုင်ပါ။ သဘောတူညီချက်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ တရားရုံးက (အုပ်ချုပ်ရေးအနေနှင့်မဟုတ်ဘဲ) တရားစီရင်ရေးအနေဖြင့် ဆောင်ရွက်ရသည့်အပြင် အကြောင်းပြချက်များ ဖော်ပြရေးမှတ်သင့်သည်။
#အဗ္ဗဒူဂနီနှင့်အဗ္ဗဒူကာဒယ်(အတွဲ၁ ရန်ကုန် စာ ၇၅၆)
#တရားစီရင်သကဲ့သို့ဆင်ခြင်တုံဥာဏ်သုံးရခြင်း။ ။လူသတ်မှုနှင့်စစ်ဆေးနေသောအမှုတွင် တရားခံနှစ်ဦးအနက် တစ်ဦးအပေါ် တရားစွဲဆိုထားသည်ကို ပြန်လည်ရုပ်သိမ်းပါသည်ဟု ဥပဒေအရာရှိက လျှောက်ထားသဖြင့် တရားသူကြီးက တရားရှင်လွှတ်သည်။ ဥပဒေအရာရှိက အဆိုပါတရားခံအပေါ် ထွက်ဆိုမည့် သက်သေထွက်ချက်များမှာ ၄င်းအပေါ် စွဲချက်တင်နိုင်လောက်အောင် မလုံလောက်ကြောင်း တင်ပြသည်။နောင်တွင် ၄င်းတရားခံအပေါ် ထွက်ဆိုသည့် ထွက်ချက်များကို အားကိုး၍ ကျန်တရားခံအပေါ် အပြစ်ပေးသည်။
ဥပဒေအရာရှိက လျှောက်ထားသည်ကို ခွင့်ပြုရာ၌
တရားရုံးက အကြောင်းပြပုံမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ဥပဒေအရာရှိသည် တရားစွဲဆိုခြင်းခံရသူ မည်သူကိုမဆို အမှုမှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသောကြောင့် ဟု ဆိုသည်။
#ဆုံးဖြတ်ချက်။ ။အမှုစစ်တရားသူကြီးသည် မိမိဆင်ခြင်တုံဥာဏ်ကို တရားစီရင်သကဲ့သို့ အသုံးပြုရန် ပျက်ကွက်သည်။တရားရှင်လွှတ်မိန့်ကို ပယ်ဖျက်ရမည်။
#ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်ဦးဖိုးစော(ခ)ဦးဂန္ဓမာ
(၁၉၆၁ မတစ လွှတ်တော် စာ ၆၀)
#တရားသူကြီးကတရားစီရင်သကဲ့သို့ဆင်ခြင်တုံဥာဏ်သုံးစွဲရခြင်း။ ။
ဥပဒေအရာရှိက ယစ်မျိုးအက်ဥပဒေပုဒ်မ ၃၀(က)အရ စစ်ဆေးနေဆဲ အမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားရာ အမှုစစ်သည့်ရုံးက ရုပ်သိမ်းသည်ကိုခွင့်ပြု၍ တရားခံ(လျှောက်ထားခံရသူ)အား တရားသေလွှတ်သည်။ #ဆုံးဖြတ်ချက်။ ။တရားသူကြီးသည် မည်သည့်အကြောင်းမျှ မပြဘဲ အမှုပြန်လည်ရုပ်သိမ်းခွင့်ပြုရန် လျှောက်ထားသည်ကို ခွင့်ပြုလျှင် တရားစီရင်သကဲ့သို့ ဆင်ခြင်တုံဥာဏ် သုံးစွဲခြင်းမရှိ။ပျက်ကွက်ရာ ရောက်သည်။အမှုရုပ်သိမ်းခြင်းသည်အုပ်ချုပ်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်သည်။
#ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်မောင်ထွန်းကြည်
(၁၉၆၃ မတစ ရုံးချုပ် စာ ၂၄၄)
#အမှုရုပ်သိမ်းခြင်း #အကြောင်းပြချက်မပါခြင်း
#အများပြည်သူတို့ရှု့ထောင့်မှာမည်မျှစိတ်ချရသောလမ်းညွှန်ဖြစ်သင့်ခြင်း #ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၉၄
#တရားသူကြီးအမိန့်မှာတရားဘက်ဆိုင်ရာအမိန့်ဟုတ်မဟုတ်။ ။
အခြားမည်သည့်အကြောင်းမျှ မပြဘဲ အများပြည်သူရှု့ထောင့်ကို အကြောင်းပြ၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၉၄(ခ)အရ တရားသူကြီးက စွဲချက်ကို ပြန်လည်ရုပ်သိမ်းခွင့်ပြုခဲ့သည်။
#ပြင်ဆင်မှုဆုံးဖြတ်ချက်။ ။တရားသူကြီးသည် တရားဘက်ဆိုင်ရာ ဆင်ခြင်တုံဥာဏ်ကို သုံးစွဲရန်ပျက်ကွက်သည်။အကြောင်းပြချက်တစ်စုံတစ်ရာကို မရေးဘဲ ထိုသို့ပျက်ကွက်ခြင်းသည် ပြင်ဆင်မှု၌ ဝင်ရောက်စွက်ဖက်ရန် လုံလောက်သောအကြောင်း ဖြစ်သည်။ ၄င်းအမိန့်မျိုးကို ခိုင်လုံစေရန် (အောက်ရုံး)တရားသူကြီးသည် အစဉ်အမြဲ အကြောင်းပြချက်ပေးရမည်။ ။တရားရုံးက ၄င်းအားပေးအပ်ထားသည့် ဆင်ခြင်တုံဥာဏ်ကို နည်းလမ်းတကျ သုံးစွဲခြင်း ရှိ မရှိ တရားလွှတ်တော်က အစဉ်အမြဲ စိစစ်နိုင်သည့် အနေအထားရှိသည်။
အမှုပြန်လည်ရုပ်သိမ်းခြင်းကို လုပ်ရိုးလုပ်စဉ်သဘောမျိုး ခွင့်မပြုနိုင်။
အကြောင်းပြချက်ခိုင်လုံခြင်းမရှိဘဲနှင့်လည်း ငြင်းပယ်ခြင်း မပြုနိုင်။ ။
တရားစီရင်ရာ၌ ဝင်ရောက်စွက်ဖက်မှု ရှိသည်ဟု သံသယဝင်အောင် တရားရုံးက မပြုလုပ်မိရန်မှာ အများပြည်သူတို့အတွက် အလွန်အရေးကြီးသောအချက် ဖြစ်သည်။
#ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်ဦးချစ်ဆွေ
(၁၉၅၀ မတစ လွှတ်တော် စာ ၂၇၈)
#ရာဇသတ်ကြီးပုဒ်မ၃၀၂(၁)(ခ)/၁၀၉/၁၁၄ အရ ပြစ်မှုထင်ရှားစီရင်ခြင်း #တရားခံတစ်ဦးအား အထူးတရားသူကြီးရုံးတွင် အမှုပါပြစ်မှုနှင့် စွဲဆိုတင်ပို့၍ ၄င်းအပေါ် အမှုကိုရုပ်သိမ်းခွင့်တောင်းရာ ခွင့်ပြုပြီးနောက် အထူးရာဇဝတ်ရုံးသို့ ၄င်းအမှုအတွက်ပင် ထပ်မံတရားစွဲဆို တင်ပို့ခြင်း မပြုနိုင် #အမှုစုံစမ်းခြင်း၊အမှုစွဲတင်ခြင်း၊အမှုပိတ်သိမ်းခြင်းတို့တွင် မှန်ကန်မျှတ၍ အဂတိတရားကင်းစင်ရန်လိုအပ်ခြင်း။ ။အယူခံတရားလိုများအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၁၀၉/၁၁၄ အရ စွဲချက်များဖြင့် စစ်ဆေးခဲ့သည်။ ။#ဆုံးဖြတ်ချက်။ ။စွဲချက်တင်ပြီးမှ အမှုရုပ်သိမ်းခြင်းသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ တရားသေလွှတ်ရာ ရောက်သည်။တရားသေတစ်ကြိမ်လွှတ်ပြီးသူကို ထပ်မံစစ်ဆေး အပြစ်ပေးခြင်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ အရ တားမြစ်ပိတ်ပင်ထားသည်။ ။
မှုခင်းများကို စုံစမ်းပြီးသောအခါ
မှားယွင်းကြောင်း၊လီဆယ်တိုင်တန်းကြောင်း ထင်ရှားလျှင် အမှုပိတ်သိမ်းရန် လိုအပ်သည်။ သို့မှသာ မတရားတိုင်တန်းခံရသူတို့သည် ရုံးတင်စစ်ဆေးခြင်း၊ဖမ်းဆီးချုပ်နှောင်ခြင်း စသည် ဒုက္ခ အန္တရာယ်တို့မှ ကင်းလွတ်မည်။ သို့ရာတွင် တစ်ဖက်၌လည်း အမှုပင် မှန်ကန်သော်လည်း မလျော်သြဇာဖြင့် ယင်းအမှုကို ပိတ်စေနိုင်လျှင် တရားစီရင်ရေးသည် သြဇာညောင်းသူတို့အတွက်သာ ဖြစ်ပေမည်။ ထို့ကြောင့် အမှုစုံစမ်းထောက်လှမ်းခြင်း၊ အမှုတရားစွဲတင်ပို့ခြင်း၊အမှုပိတ်သိမ်းခြင်း တို့တွင် မှန်ကန်မျှတ၍ အဂတိတရား ကင်းစင်ရန် လိုအပ်သည်။
#မောင်ပွားပါ၈နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်
(၁၉၆၇ မတစ အထူး ၁၆၈)
#KK မှတ်ချက်-PUBLIC PROSECUTOR(အစိုးရရှေ့နေ)အား ဥပဒေအရာရှိ ဟု ရေးပါသည်
Comments
Post a Comment