စားကျက်မြေ
စားကျက်ဆိုတာ ကျွဲနွားများ အညောင်းအညာပြေ လွှတ်ကျောင်းရန်အတွက်လည်းကောင်း၊ အစာရေစာ ရှာဖွေစားသောက်နိုင်သည့် စားကျက်များအဖြစ် အသုံးပြုနိုင်ရန်လည်းကောင်း ရည်ရွယ်၍ သတ်မှတ်ပေးထားသော မြေဖြစ်ပါတယ်။
စားကျက်မြေဆိုတာ ကျွဲနွားတိရာစ္ဆာန် စားကျက်မြေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ စားကျက်မြေ မရှိတဲ့အတွက် စားကျက်မြေဆိုတာ ဘာလဲ၊ ဘယ်လိုလျောက်ထားရမလဲလို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းလာတဲ့အတွက် အားလုံးသိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။
စားကျက်မြေကို မြေနှင့်အခွန်တော် ဥပဒေများမှာ Grazing Ground ဟု ဖေါ်ပြ သတ်မှတ်ပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေ၊ နည်းဥပဒေ ၆၆ မှ ၇၁ အထိတွင်လည်းကောင်း၊
အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ ၇၅ မှ ၇၉ အထိတွင်လည်းကောင်း ကျွဲ/နွား စားကျက်မြေများ သတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းများအတွက် ပြဌာန်းချက်များ သတ်မှတ်ခဲ့ပါတယ်။
အောက်မြန်မာပြည်မှာတော့ အရေးပိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)မှ တရားဝင် အမိန့်ကြော်ညာစာ ထုတ်ပြန်သတ်မှတ်ပေးသည့် စားကျက်များဖြစ်သော်လည်း အထက်မြန်မာပြည်မှာတော့ ထိုသို့ ပြန်တမ်း ထုတ်ပြန် သတ်မှတ်တာရှိသလို အရေးပိုင်က မသတ်မှတ်ဘဲ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ် အသုံးပြုစေသည့် အရပ်စားကျက်များ ရှိပါတယ်။
မြေစာရင်းဌာနမှ နှစ်စဉ် ပြုစုရသော မြေအမျိုးအစားအလိုက် အသုံးပြုသော ဧရိယာစာရင်း နှစ်ချုပ်ပြုစုရာတွင် စားကျက်မြေအား ထိုသို့ ၂ မျိုး ၂ စား ခွဲခြား ပြုစုပေးရပါတယ်။
အောက်အရပ်တွင် ကျွဲအသုံးပြုမှုများသည့်အားလျော်စွာ မိုးအခါ ရေပြင်ဖြစ်နေသည့် ရေနက်ကွင်းများ၊ လဟာပြင်များနှင့် ပင်လယ်ကမ်းစပ် သောင်ပြင်များ၊ ဒီရေတောများကို စားကျက်မြေအဖြစ် အများအားဖြင့် သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။
နွားအသုံးပြုမှု များသည့် မြန်မာနိုင်ငံ အထက်ပိုင်းတွင်မူ ကွင်းပြောင်များ၊ တောင်ကုန်းများကို စားကျက်အဖြစ် သတ်မှတ်ခဲ့တာ ပိုများကြောင်းတွေ့ရပါတယ်။ အရေးပိုင်ခရိုင်ဝန်မှ စားကျက်လိုအပ်သည်ဟု ထင်မြင်ယူဆရသည့် ကျေးရွာသားများအတွက် ၎င်းကျေးရွာများအနီး သင့်လျော်သည့် စားကျက်မြေကို လျာထားရွေးချယ်ပြီး မှတ်တိုင်များစိုက်ထူ မြေတိုင်းတာ ပုံထုတ်စေပါတယ်။
ယင်းမြေပုံနှင့် နို့တစ်ကြော်ညာစာကို အဆိုပါ မြေနှင့် နီးစပ်ရာ ကျေးရွာများရှိ သူကြီးအိမ်များမှာ စွဲကပ်စေပြီး ကန့်ကွက်လွှာ ၁၅ ရက် ခေါ်ရပါတယ်။ ကန့်ကွက်မှုများကို စုံစမ်းစစ်ဆေးပြီးနောက် ယင်းမြေကို စားကျက်အဖြစ် သတ်မှတ်သင့်သည်ဟု ထင်မြင်ပါက စားကျက်မြေအဖြစ် အမိန့်ထုတ်ဆင့်ပါတယ်။
အမိန့်စာမှာ ယင်းစားကျက်သည် အကျယ်အဝန်း မည်မျှရှိကြောင်း၊ မည်သည့် ကျေးရွာများနှင့် အကျိုး သက်ဆိုင်ကြောင်း အမိန့်စာမှာ ပါရှိရပါတယ်။ စားကျက်မြေဆိုသည်မှာ စားကျက် သီးသန့်သာမက စားကျက်သို့ကျွဲနွားများ ဝင်ထွက်နိုင်ရန်အတွက် ပယ်လမ်းများကိုပါ စားကျက်အဖြစ် သတ်မှတ်ပေးရပါတယ်။
စားကျက်မြေအတွင်း စိုက်ပျိုးမှု အိမ်ရာဆောက်လုပ်မှု ခွင့်မပြုရပါဘူး။ စိုက်ပျိုးရေးအတွက် မြေဂရန် မြေငှါး Grant, Lease ထုတ်မပေးရပါဘူး။
စားကျက်နှင့် မပတ်သက်သည့် ကျေးရွာမှ သူများ ကျွဲနွားစားကျက် လာချပါကလည်းကောင်း၊ မည်သူမဆို စားကျက်ချထားခြင်းကိစ္စမှ လွဲ၍ အခြားနည်းလမ်းတစ်ရပ်ရပ် အသုံးပြုခြင်း၊ နေထိုင်ခြင်း၊
အမိန့်မရဘဲ စားကျက်မြေအတွင်းမှ သစ်ပင် ခြုံနွယ်မှအစ မြက်စသည်တို့ကို ရိတ်ဖြတ် ခုတ်လှဲ ရွှေ့ပြောင်း သယ်ဆောင်ခြင်း ပြုလျှင်လည်းကောင်း၊ စားကျက်ကို ကျူးကျော် အသုံးပြုလျှင်သော်လည်းကောင်း တရားစွဲဆို အရေးယူခံရမည် ဖြစ်ပါတယ်။
ပြစ်မှုထင်ရှားပါက ကျပ် ၂၀ ထိ ငွေဒဏ်ဖြစ်စေ သို့မဟုတ် တစ်လထိ ထောင်ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ကျခံစေရ မည်ဟု အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ တွင် ပြဌာန်း ထားပါတယ်။
အထက်မြန်မာပြည် စားကျက်ကျူးများအတွက်မူ အထက်မြန်မာပြည် မြေနှင့် အခွန် တော်စည်းမျဉ်း နည်းဥပဒေ ၇၈ အရ ကျပ် ၂၀ ထိ ငွေဒဏ် ထမ်းဆောင်စေရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။
စားကျက်ကျူး အတွက် မြေခွန်၏ ၂ ဆ ကိုလည်း ပေးဆောင်စေရပါတယ်။ စားကျက်မြေ ထိန်းသိမ်းရန်အတွက် ဗဟိုမြေယာကော်မတီ၏ စားကျက်မြေများအတွင်း ဝင်ရောက် စိုက်ပျိုးခြင်းနှင့် အခြားကျူးကျော် မှုများအား အရေးယူရန် ၁၉၆၅-၆၆ မတိုင်မီက ညွှန်ကြားချက်မှာ စားကျက်ကျူးကျော် စိုက်ပျိုးမှုအတွက် စိုက်ပျိုးသော သီးနှံအား ရိတ်သိမ်းခွင့် မပြုဘဲ
သက်ဆိုင်ရာ မြေယာကော်မတီများမှ သိမ်းယူ၍ သီးနှံပေါ်သည့်အခါ စိုက်ပျိုး ခဲ့သူအား စိုက်ပျိုးကုန်ကျစရိတ် ပေးချေပြီးနောက် ကျန်သီးနှံ တစ်ဝက်ကို စိုက်ပျိုးသူအား ပြန်ပေးရန်၊ တစ်ဝက်ကို အစိုးရဒိုင်သို့ ရောင်းချပြီး ရငွေကို ဗဟိုမြေယာကော်မတီထံ တင်ပြ လမ်းညွန်ချက် ခံယူ သုံးစွဲ စေရန်ဟု ဖြစ်ပါတယ်။
၁၉၆၆ နောက်ပိုင်းတွင်မူ စားကျက်ကျူးလွန် စိုက်ပျိုးသူများအား လုံး၀ ခံစားခွင့်မပေးတော့ဘဲ မြေယာကော်မတီများကသာ သီးနှံကို အကြွင်းမဲ့ သိမ်းယူ ရောင်းချရန်နှင့် ရောင်းချရငွေ အသုံး ပြုရေးအတွက် ဗဟိုမြေယာကော်တီသို့ တင်ပြရန်ဟု ပြောင်းလဲ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။
ထိုနောက် ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ၁၉၇၃ ခုနှစ် မေလ ၃၁ နောက်ပိုင်း စားကျက် ကျူးကျော်မှုများကို ရှင်းလင်း အရေးယူရန် ညွှန်ကြားခဲ့ပြီး ဆောင်ရွက်သော်လည်း စားကျက်ကျူးကိစ္စအား မထိန်းသိမ်းနိုင်ခဲ့ပါ။ ယခုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ စားကျက်ကျူး အရေးယူရန် ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ဆဲဖြစ်ကြောင်း တွေ့နေရပါတယ်။
စားကျက်မြေနှင့်ပတ်သက်၍ မလိုအပ်တော့သည့်၊ အသုံးမပြုနိုင်တော့သည့် စားကျက် မြေများကို ပယ်ဖျက်ရေး၊ လိုအပ်သည့်နေရာများတွင် ပြန်လည်သတ်မှတ်ရေးနှင့် အသစ်ထူထောင် ပေးရေးကိစ္စကို နိုင်ငံတော်အနေဖြင့် စိစစ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်။
စားကျက်ကျူး ပြစ်ဒဏ်အနေဖြင့် အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ အရ အရေးယူခြင်း ဆိုပါက ဒဏ်ငွေ ၂၀ ဖြစ်စေ၊ ထောင်ဒဏ် တစ်လ ထိ ဖြစ်စေ ကျခံရပါမယ်။ အထက်မြန်မာပြည်အတွက် ဖြစ်ပါက အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော်စည်းမျဉ်း၊
နည်းဥပဒေ ၇၀ အရ ကျပ် ၂၀ ထိ ငွေဒဏ် ထမ်းဆောင်ရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။
စားကျက်မြေကို ကျေးရွာက မလိုအပ်တော့လို့ အခြား မြေအမျိုးအစား ပြောင်းလဲခွင့် အသုံးပြုခွင့်ရချင်ရင် စားကျက်မြေ ပယ်ဖျက်ခွင့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တင်ပြပြီး အမှုတွဲဖွင့်ကာ ရပ်ကျေး မြို့နယ် ခရိုင် ပြည်နယ်တိုင်း ထောက်ခံချက်များနဲ့ ရုံးချုပ်အထိ တင်ပြပြီး ခွင့်ပြုချက်ရရင် စားကျက်မြေ ပယ်ဖျက်ပေးပါတယ်။
စားကျက်မြေဆိုတာ အများအတွက် အသုံးပြုတဲ့မြေ ဖြစ်လို့ အများအတွက် အကျိုးပြုမယ့် လုပ်ငန်းများ၊ ကျွဲနွား မရှိသော ကျေးရွာများမှာ ပယ်ဖျက်ခွင့်တင်ပြရင်ပိုမို သင့်လျော်ပါတယ်။
ယခု ၂၀၁၂ လယ်ယာမြေဥပဒေမှာ စားကျက်မြေများကို ထိန်းသိမ်းထားရှိဖို့နဲ့ တရားဝင် ပယ်ဖျက်ပြီး ခွင့်ပြုချက်နဲ့သာ အသုံးပြုစေဖို့ ပြဌာန်းထားပါတယ်။ ဒါအပြင် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေပါ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ပယ်ဖျက်ပြီးတဲ့ စားကျက်မြေတွေဟာ မြေလွတ်မြေလပ်မြေရိုင်း ဖြစ်သွားတယ်လို့ ဖော်ပြထားပါတယ်။
စားကျက်မြေ ပယ်ဖျက်ပြီးရင်တောင် ထိုမြေကို မြေလွတ်မြေလပ်မြေရိုင်း အသုံးပြုခွင့် ပြန်လည်လျောက်ထားရပါမယ်။ စားကျက်မြေအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာတွေမှာ ကျူးကျော်စိုက်ပျိုးနေရင် ကျူးကျော် အခွန် နှစ်ဆ ကောက်ခံခြင်း၊ အရေးယူခံရခြင်းများ ဖြစ်နိုင်ပါတယ်။
အချို့က ဒီမြေမှာ စိုက်ပျိုးလာလို့ ပုံစံ ၇ လျောက်ထားကြတာလည်း တွေ့ဘူးပါတယ်။ လယ်ယာမြေအမျိုးအစား မဟုတ်တဲ့အတွက် ပုံစံ ၇ လျောက်လို့မရပါဘူး။
အခုနောက်ပိုင်း တရားဝင် စားကျက်မြေအဖြစ်က ပယ်ဖျက်ပြီးရင်တောင် မြေလွတ်မြေလပ်မြေရိုင်း ဖြစ်သွားတဲ့အတွက် ပုံစံ ၇ တိုက်ရိုက်ရဖို့ မဖြစ်နိုင်ပါဘူးလို့ သိရှိနိုင်ရန် တင်ပြလိုက်ရပါတယ်။
Comments
Post a Comment