မူးယစ်၂၁

 မူးယစ် ၂၁ အမှုများအတွက်လေ့လာနှိုင်


မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတွင် အားပေးကူညီခြင်းဆိုသည့်စကားရပ်၏အဓိပ္ပါယ်ကို ဖွင့်ဆိုထားခြင်းမရှိသဖြင့် ၁၉၇၃ခုနှစ်၊စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အဓိပ္ပါယ်ကောက်ယူရန်ဖြစ်သည်။

တရားခံဦးစောသင်းအနေဖြင့် ကားရှေ့ခန်းတွင်မြင်သာထင်သာထားရှိသော လက်နက်နှင့်ကျည်ဆံများကို အလွယ်တကူတွေ့နှိုင်သော်လည်း တရားခံမင်းစိုးလင်းဟန်(ခ)စိုးစိုးခန္ဓာကိုယ်၌ သိုဝှက်ယူဆောင်လာသော စိတ်ကြွဆေးပြားများကို လွယ်ကူစွာတွေ့မြင်နှိုင်သည်မဟုတ်ပေ။ထို့ပြင် အဆိုပါစိတ်ကြွဆေးပြားများကို တရားခံမင်းစိုးလင်းဟန်(ခ)စိုးစိုးမှယူဆောင်လာခြင်းအတွက် ပူးပေါင်းကြံစည်ခဲ့ကြောင်းသုံးသပ်ကောက်ယူနှိုင်သည့်သက်သေခံချက်ကို တရားလိုဘက်က တင်ပြနှိုင်ခြင်းမရှိချေ။ရာဇဝတ်မှုများတွင် တရားခံပြစ်မှုကျုးလွန်ကြောင်း သက်သေပြရန်တာဝန်သည် တရားလိုဘက်တွင်အစဉ်တစိုက်ကျရောက်သဖြင့် တရားခံသည် မိမိထုချေချက်ကို လုံလောက်သောအထောက်အထားတင်ပြနှိုင်မှုမရှိဟုကောက်ယူပြီး တရားခံအားပြစ်မှုထင်ရှားစီရင်လျှင် မျှတမှန်ကန်မည်မဟုတ်ပေ။

ပြည်ထောင်စုရှေ့နေချုပ်ရုံးကတင်ပြသည့်"မခင်လှလှဝင်း(ခ)မလှလှနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်"အမှုသည် အချင်းဖြစ်ချိန်က တရားခံမခင်လှလှဝင်း၏နေအိမ်အား ရဲများက သတင်းအရရှာဖွေခဲ့့ခြင်းဖြစ်သည့်အပြင် နေအိမ်၌ နှစ်ယောက်ထဲထိုင်ပြီး စကားပြောနေကြောင်းပေါ်ပေါက်သဖြင့် တရားခံမောင်အောင်လွင်၏လက်ဆွဲအိတ်ထဲမှရှာဖွေတွေ့ရှိသောဆေးခြောက်များနှင့်ပတ်သက်သည့်အမှုတွင် မခင်လှလှဝင်းလည်းပူးပေါင်းပါဝင်ခဲ့သည်ဟုကောက်ယူခဲ့ခြင်းဖြစ်သည်။ယခုနှင့်ဖြစ်ရပ်ချင်းအလွန်ခြားနားသည်။

တရားခံဦးစောသင်းသည် တရားခံမင်းစိုးလင်းဟန်(ခ)စိုးစိုးဝတ်ဆင်ထားသောဘောင်းဘီရှည်အိတ်ကပ်အတွင်းမှတွေ့ရသောစိတ်ကြွဆေးဝါးများအတွက်အားပေးကူညီသည်ဆိုကာ မော်လမြိုင်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်းနှင့်ယင်းအမိန့်များကိုအတည်ပြုခဲ့သောအထက်တရားရုံးအဆင့်ဆင့်၏အမိန့်များသည် မှန်ကန်သည်ဟုဆိုနှိုင်မည်မဟုတ်ပေ။

သို့ဖြစ်ရာ အထူးအယူခံခွင့်ပြုခဲ့သောပြဿနာနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဖြေကြားလိုက်သည်-

  "တရားခံမင်းစိုးလင်းဟန်(ခ)စိုးစိုးဝတ်ဆင်ထားသောဘောင်းဘီရှည်ဘယ်ဘက်အိတ်ကပ်အတွင်းမှ စိတ်ကြွဆေးပြား ၁၅၀ ပြားတွေ့ရှိပြီးသိမ်းဆည်းရာတွင် လျှောက်ထားသူတရားခံဦးစောသင်းက ရှာဖွေပုံစံတွင်လက်မှတ်ရေးထိုးအပ်နှံပေးမှုမရှိခြင်း၊မူးယစ်ဆေးဝါးသုံးစွဲမှုရှိကြောင်းမပေါ်ပေါက်ခြင်းတို့ တွေ့ရှိရပါလျက် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူမောင်းနှင်လာသောယာဉ်၏ရှေ့ခန်းတွင်စီးနင်းလိုက်ပါရုံဖြင့် အခြားခိုင်မာသောအထောက်အထားများမရှိဘဲ လျှောက်ထားသူအား အားပေးကူညီသူအဖြစ် ပြစ်မှုထင်ရှားစီရင်ခြင်းသည်မှန်ကန်မှုမရှိကြောင်း။"

ထို့ကြောင့် ဤရာဇဝတ်အထူးအယူခံမှုကိုခွင့်ပြုသည်။မော်လမြိုင်ခရိုင်တတရားရုံးက တရားခံဦးစောသင်းအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁အရ

ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန်ချမှတ်သောအမိန့်နှင့်ယင်းအမိန့်ကိုအတည်ပြုခဲ့သည့် မွန်ပြည်နယ်တရားလွှတ်တော်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့၏အမိန့်များကိုပယ်ဖျက်ပြီး တရားခံဦးစောသင်းအားအမှုမှအပြီးအပြတ်လွှတ်စေရန်ပြင်ဆင်အမိန့်ချမှတ်လိုက်သည်။


ဦးစောသင်းနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၁၇ခုနှစ် ရာဇဝတ်အထူးအယူခံမှုအမှတ်-၁၅(၂၀၁၆ခုနှစ် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၆၉၃(ခ)တွင်ချမှတ်သော ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၂ ရက်စွဲပါပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်အပေါ်အထူးအယူခံမှု)

၁၁-၁၂-၂၀၁၇ အမိန့်ချသည်။

Comments