ဆန့်ကျင်သက်သေ(Hostile witness)

 ဆန့်ကျင်သက်သေ(Hostile witness) 

တရားလိုက တင်ပြသောသက်သေသည် ထိုတရားလိုဘက်နှင့် ဆန့်ကျင်၍ မမှန်ကန်သည်ကို ထွက်ဆိုလျှင် ၄င်းအားဆန့်ကျင်သက်သေဟု ခေါ်သည်။

ဆန့်ကျင်သက်သေကို ၄င်းအားတင်ပြသောတရားလို/ရှေ့နေက ပြန်လှန်မေးခွန်းများ မေးမြန်းရန် တရားရုံးသို့ ခွင့်တောင်းနိုင်သည်။ထိုအခါ တရားရုံးက မိမိ၏ဆင်ခြင်တုံသဘောအလျှောက် သင့်လျှော်သည်ဟုထင်မြင်လျှင် ပြန်လှန်မေးခွန်းများ မေးမြန်းရန် ခွင့်ပြုနိုင်သည်။#သက်သေခံဥပဒေပုဒ်မ၁၅၄


#မယုံကြည်ထိုက်သည့်သက်သေ(Impeaching credit of witness)

သက်သေသည်ယုံကြည်ထိုက်သူမဟုတ်ကြောင်း အောက်ပါနည်းလမ်းများအရ ဖော်ထုတ်နိုင်သည်။

1-သက်သေသည် ယုံကြည်ထိုက်သူမဟုတ်ကြောင်း သိသူများ၏ထွက်ဆိုချက်

2-သက်သေသည် တန်စိုးလက်ဆောင်ရရှိထားကြောင်း သို့မဟုတ် တန်စိုးလက်ဆောင်ပေးမည်ဆိုသော ကတိရရှိထားကြောင်း သို့မဟုတ် မသင့်လျော်သောသွေးဆောင်မှုကိုရရှိထားကြောင်း

3- #ယခင်ထွက်ဆိုချက်နှင့်ယခုထွက်ဆိုချက်မှာကွဲလွဲခြင်းရှိကြောင်း

4-မုဒိမ်းမှုသို့မဟုတ် မုဒိမ်းကြံစည်မှုတွင် တရားလိုမသည် ကိုယ်ကျင့်တရားမရှိသော မိန်းမဖြစ်ကြောင်း။ #သက်သေခံဥပဒေပုဒ်မ၁၅၅


#သက်သေကို ယုံထိုက် မယုံထိုက်

ကျမ်းကျိန်ဆိုခြင်းမပြုစေကာမူ သက်သေ၏ရဲထံအစစ်ခံချက်သည် ကျမ်းကျိန်ဆိုသော ၄င်း၏ရုံးရှေ့ထွက်ချက်နှင့် အထင်အရှားကွဲပြားနေသည်ဟု သက်သေထင်ရှားပြဆိုလျှင် ၄င်း၏ သက်သေခံချက်ကို ပယ်နိုင်သည်။မူသဘောမှာ တစ်ဦးတစ်ယောက်သည် အမျိုးမျိုးအစစ်ခံချက်ပေးသူဖြစ်လျှင် ၄င်းကိုအားမကိုးထိုက် ဆိုသည့်မူဖြစ်၍ ၄င်း၏ထွက်ချက်ကို လစ်လျူရှူ့သင့်သည်။ #ဒေါ်ခလေးမနှင့်ပထစ၁၉၆၂ရုံးချုပ်၂၈၀


#ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၆၂(၁)-#လုပ်ထုံးလုပ်နည်း -#သက်သေ၏ရဲထံအစစ်ခံချက်ကိုတရားခံဘက်ကရော  တရားလိုဘက်ကပါ အသုံးပြုနိုင်သည့်အခွင့်အရေး- #ရည်ရွယ်ချက် - #သက်သေခံဥပဒေပုဒ်မ၁၅၄နှင့်၁၅၅

ဥပဒေအရာရှိက သက်သေတစ်ဦးကို ဆန့်ကျင်သက်သေအဖြစ် ကြေညာရန် လျှောက်ထားသည်ကိုငြင်းဆန်၍ အမှုစစ်တရားသူကြီးက သက်သေ၏ရုံး၌ကျမ်းကျိန်ထွက်ချက်နှင့် ရဲထံအစစ်ခံချက်တို့ ကွဲလွဲနေသည့်အချက်ကို ပြန်လှန်စစ်မေးခွင့်ပြုပြီး ရဲထံအစစ်ခံချက်ကို အမှုစုံစမ်းသူရဲအရာရှိမှတဆင့် တင်သွင်းခွင့်ပြုခဲ့သည်။

ဆုံးဖြတ်ချက်။  ။ဥပဒေအရာရှိရော တရားသူကြီးပါ လိုက်နာသောလုပ်ထုံးလုပ်နည်းမှာ ဥပဒေနှင့်မညီချေ။အကြောင်းမှာ သက်သေသည်  ရဲထံတွင် အစစ်ခံချက်နှင့် တရားရုံးတွင်အစစ်ခံချက်မှာ ကွဲလွဲနေသဖြင့် ပြန်လှန်မေးခွန်းများမေးရန်အတွက် ၄င်းအား #ဆန့်ကျင်သက်သေအဖြစ်ကြေညာရန်မလို။ ၄င်း၏ရဲထံအစစ်ခံချက်ကို သက်သေခံဥပဒေပုဒ်မ၁၄၅ အရ ဆန့်ကျင်ရန်သော်၄င်း၊ပုဒ်မ၁၅၅ အရ ၄င်းသည်ယုံကြည်ထိုက်သူ မဟုတ်ကြောင်းဖော်ထုတ်ရန်အတွက်သော်၄င်း တရားခံဘက်ကရော တရားလိုဘက်ကပါ အသုံးပြုနိုင်သည်။ #မောင်ဦးမြင့်နှင့်ပထစ၁၉၅၈မတစလွှတ်တော်၅၁၃ #KK



#ဆန့်ကျင်သက်သေ(၂) #KyiKhin(Law)

သက်သေကို ပြန်လှန်စစ်မေးရာ၌ မေးခွင့်ရှိသောမေးခွန်းကို တဖက်အမှုသည်ကသာ မေးနိုင်သည်။တင်ပြသည့်ဖက်က မမေးနိုင်။သက်သေသည် တခါတရံ၄င်းအားခေါ်သည့်ဖက်က မလိုက်ဘဲ ဆန့်ကျင်ထွက်ဆိုတတ်သည်။ထိုအခါ တင်ပြသည့်ဖက်က ပြန်လှန်စစ်မေးရာတွင်မေးသည့်မေးခွန်းများ မေးနိုင်ရန် တရားရုံးခွင့်ပြုချက်တောင်း၍ မေးရသည်။တင်ပြသည့်ဖက်က အမှုသည်အနေဖြင့် မိမိအားဆန့်ကျင်သည့် သက်သေ ထွက်ချက်၏တန်ဖိုး ယုတ်လျော့စေရန် ပြုလုပ်နိုင်သည့် နည်းလမ်း(၃)ခုရှိသည်။

ပထမ။  ။သက်သေသည် အငြင်းထွက် သို့မဟုတ် စပ်ဆိုင်သည့် အကြောင်းခြင်းရာနှင့်ပတ်သက်၍တင်ပြခြင်း ဖြစ်လျှင် သက်သေ၏ထွက်ချက်ကို ဆန့်ကျင်ရန် ကွဲလွဲသက်သေခံချက် တင်ပြနိုင်သည်။

ဒုတိယ။  ။သက်သေတင်ပြသူက သက်သေခံဥပဒေပုဒ်မ ၁၅၅တွင် ပြဌာန်းထားသည့်အတိုင်း တရားရုံး၏ခွင့်ပြုချက်ဖြင့် သက်သေ၏ထွက်ချက် တန်ဖိုးယုတ်လျော့စေရန် ပြုလုပ်နိုင်သည်။

တတိယ။  ။သက်သေခံဥပဒေပုဒ်မ ၁၅၄အရ ခွင့်ပြုထားသည့်အတိုင်း ယင်းဥပဒေပုဒ်မ ၁၄၅ နှင့် ၁၄၆ တို့တွင် အကျုံးဝင်သည့်   ့်မေးခွန်းများကို တရားရုံး၏ခွင့်ပြုချက်အရ မေးနိုင်သည်။

#သက်သေခံဥပဒေပုဒ်မ၁၅၄ ၏အတိုင်းအတာ

ပုဒ်မ၁၅၄အရ ခွင့်ပြုထားသော အခွင့်အရေးမှာ အမှုသည်က မိမိသက်သေအား ပြန်လှန်စစ်မေးခွင့်မဟုတ်ဘဲ ပြန်လှန်စစ်မေးရာ၌ မေးနိုင်သည့်မေးခွန်းမျိုးကို မေးနိုင်ခွင့်သာဖြစ်သည်။ဤပုဒ်မအရ အခွင့်အရေးမှာ တချိန်ကထွက်ဆိုချက်နှင့် ကွဲလွဲထွက်ဆိုသော သက်သေအပေါ်သာ အသုံးပြုသင့်သည်။

#မယုံကြည်ထိုက်သည့်သက်သေဖြစ်ကြောင်းဖော်ထုတ်ခြင်း

သက်သေခံဥပဒေပုဒ်မ ၁၄၅ နှင့် ၁၄၆ တို့အား ပုဒ်မ ၁၅၅ ဖြင့် ဖြည့်စွက်ထားပါသည်။ပုဒ်မ ၁၄၅ နှင့် ၁၄၆တို့တွင် သက်သေတစ်ဦးအား မယုံကြည်ထိုက်ကြောင်း မည်ကဲ့သို့မေးခွန်းများ မေးနိုင်ကြောင်း ပြဌာန်းထားသည်။ပုဒ်မ ၁၅၅ တွင် သက်သေတစ်ဦးအား မယုံကြည်ထိုက်ကြောင်း မည်ကဲ့သို့သက်သေခံချက်များ တင်ပြနိုင်သည်ဟု ပြဌာန်းထားသည်။

ဤနေရာတွင်  အထက်တွင်ဖော်ပြခဲ့သည့်နည်းလမ်း၃ခုအနက် ဒုတိယပါပုဒ်မ၁၅၅(၃)နှင့် တတိယပါ ပုဒ်မ၁၄၅ တို့အရ ယခင်ထွက်ဆိုချက်နှင့်ယခုထွက်ဆိုချက်မှာ ကွဲလွဲခြင်းရှိခြင်းကြောင့် သက်သေသည် မယုံကြည်ထိုက်သူဖြစ်ကြောင်း အဓိကတင်ပြပါမည်။

#စာဖြင့်ရေးထားသည့်ကွဲလွဲထွက်ဆိုချက်

သက်သေ၏ရုံးရှေ့ထွက်ချက်သည် ယခင်ကထွက်ဆိုချက်နှင့် ကွဲလွဲနေကြောင်း ထင်ရှားအောင်ပြခြင်းသည် ၄င်းသက်သေမှာ ယုံကြည်ထိုက်သူမဟုတ်ကြောင်း တင်ပြရာ၌ ထိရောက်သည့်နည်းလမ်း ဖြစ်သည်။ထွက်ဆိုချက်နှစ်ခုသည် ကွဲလွဲနေပါက ၄င်းသက်သေသည် သတိမေ့လျော့တတ်သူ သို့မဟုတ် လိမ်လည်ပြောဆိုသူ ဖြစ်ရမည်။ကွဲလွဲနေသောထွက်ချက်နှစ်ခုသည် နှစ်ခုလုံး မမှန်နိုင်ပါ။တစ်ခုခုသည် လွဲမှားသောထွက်ချက်ဖြစ်ရမည်။၄င်းသက်သေသည် ယခုတစ်မျိုး တော်ကြာတစ်မျိုး ရှေ့နောက်မညီ ထွက်ဆိုသူဖြစ်သည့်အတွက် မယုံကြည်ထိုက်သူဖြစ်ကြောင်း ဆိုနိုင်သည်။

သက်သေသည် ယခင်ကကွဲလွဲသည့်ထွက်ချက်ကို ထွက်ဆိုခဲ့ကြောင်း ထင်ရှားအောင်ပြနိုင်သည်မှာ ယခင်ထွက်ချက်မှ ကွဲလွဲနေသည့်အစိတ်အပိုင်းကို သက်သေခံဥပဒေပုဒ်မ ၁၄၅နှင့်၁၅၅(၃)တို့အရ သက်သေအားပြသပြီး တင်ပြခြင်းဖြစ်သည်။သက်သေကိုယ်တိုင် ကွဲလွဲစွာထွက်ဆိုခဲ့သော ထွက်ချက်ကို လက်ဆုပ်လက်ကိုင် ပြလျှင် မငြင်းနိုင်သဖြင့် မယုံကြည်ထိုက်သည့်သက်သေဖြစ်ကြောင်း  မှတ်ယူနိုင်သည်။

သက်သေခံဥပဒေပုဒ်မ၁၄၅မှာ သက်သေကိုယ်တိုင်ရေးထားသည့်စာ သို့မဟုတ် သက်သေ၏ပြောစကားကို ရေးထားသည့်စာကို သက်သေအား ရုံးတွင်စစ်ဆေးရာ၌အသုံးပြုရန်ဖြစ်သည်။ ပုဒ်မ၁၅၅(၃)မှာ သက်သေ၏ရေးထားသောထွက်ချက်သာမက နှုတ်ထွက်ချက်နှင့်လည်း အကျုံးဝင်သည်။

#ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၆၂အရ ရဲထံထွက်ချက်ကို သက်သေ၏ရုံးရှေ့ထွက်ချက်နှင့် ဆန့်ကျင်၍အသုံးပြုနိုင်သည်။ #မောင်ဦးမြင့်နှင့်ပထစ၁၉၅၈မတစ၅၃၁

သက်သေ၏ရုံးရှေ့ထွက်ချက်ကို ကွဲလွဲသည့်ယခင်ထွက်ချက်နှင့် ဆန့်ကျင်လိုလျှင် သက်သေအား ကွဲလွဲသည့်ယခင်ထွက်ချက်ကို ဖော်ပြပြီး ထိုကဲ့သို့ထွက်ဆိုခြင်းရှိမရှိ မေးမြန်းရမည်။သက်သေက ထွက်ဆိုခဲ့ကြောင်း ဝန်ခံလျှင် ကွဲလွဲသည့်ယခင်ထွက်ချက်ကို ထင်ရှားအောင် သက်သေခံတင်ပြရန် မလိုတော့။သက်သေကိုခေါ်သည့်အမှုသည်အပေါ်၌ မည်သည့်အတွက်ကွဲလွဲရကြောင်း ယင်းသက်သေအား ပြန်လှန်စစ်မေးရာတွင် ရှင်းလင်းရန်တာဝန်ရှိသည်။သို့ရာတွင် သက်သေက ယခင်ကွဲလွဲချက်ကို မမှတ်မိပါဟုသော်လည်းကောင်း၊ထွက်ဆိုခြင်းမပြုပါဟုသော်လည်းကောင်း ပြောဆိုပါက ဆန့်ကျင်လိုသည့် ယခင်ထွက်ချက်အစိတ်အပိုင်းကို သက်သေအားဖော်ပြ၍ ထိုသို့ပြောဆိုခြင်း ဟုတ် မဟုတ်မေးမြန်းရမည်။ယင်းထွက်ချက်အစိတ်အပိုင်းကို မိတ္တူကူး၍ အမှုစစ်ရဲအရာရှိကို သက်သေအဖြစ်စစ်ဆေးသောအခါ သက်သေက ထိုကဲ့သို့အစစ်ခံခဲ့ကြောင်း ထင်ရှားအောင် သက်သေခံအဖြစ်တင်ပြရမည်။ သက်သေအားစစ်ဆေးနေခြင်းကို ရပ်၍ အမှုစစ်ရဲအရာရှိအား ယခင်ထွက်ချက်နှင့်ပတ်သက်၍ စစ်ဆေးရန်မလို။ #ကျင်ဟုတ်နှင့်နိုင်ငံတော်၁၉၄၉မတစ(လွှတ်တော်)၁၅၄


တရားလိုပြသက်သေတစ်ဦးအား ယင်း၏ထွက်ဆိုချက်များသည် တစ်ခုနှင့်တစ်ခု ညီညွတ်မှုမရှိကြောင်း စစ်မေးပြီးနောက် ယုံကြည်ထိုက်သူမဟုတ်ကြောင်း ပေါ်ပေါက်မှသာ ဆန့်ကျင်သက်သေအဖြစ် ကြေညာသင့်ကြောင်း  #ဒေါ်ညွန့်စိန်နှင့်ပထစ/#ပထစနှင့်ဦးကြည်ဝင်းပါ၂ #၂၀၀၄မတစ၁ ကို လေ့လာနိုင်ရန် အပြည့်အစုံဖောပြထားပါသည်။ ထပ်မံလေ့လာရန်သက်သေခံအက်ဥပဒေပုဒ်မ ၁၄၅/၁၄၆/၁၅၄/၁၅၅ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၆၂  တရားရုံးများလက်စွဲအပိုဒ်၅၉၅ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ ၁၀၆ နှင့်စီရင်ထုံးများ ဦးသက်ဖေ သက်သေခံဥပဒေ၏သိကောင်းစရာများ


Comments